သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောတိုက်ခိုက်မှု တရားခံတဦးကို သေဒဏ်ချမှတ်


နယ်ခြားစောင့်ရဲများ
နယ်ခြားစောင့်ရဲများ

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက နယ်ခြားစောင့် ရဲစခန်းတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သူ တဦးကို သေဒဏ်စီရင်ချက် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ ရခိုင် ပြည်နယ် စစ်တွေ ခရိုင် တရားရုံးကနေ ပြီးခဲ့တဲ့ သောကြာနေ့က စီရင်ချက် ချလိုက်တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပြီး ရဲတပ်ဖွဲ့ပိုင် လက်နက်နဲ့ ကျည်တွေ ပျောက်ဆုံးခဲ့ရတဲ့ မောင်တောမြို့နယ် အကြမ်းဖက် တိုက်ခိုက်ခံရမှုမှာ ပါဝင်ပတ်သက်သူတွေ ဆိုတဲ့ သံဿယ နဲ့ ဖမ်းဆီးထားသူတွေလည်း ဆက်ပြီး ကြားနာ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်းက အစိုးရ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွေကို အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့သူ တဦးကို စစ်တွေ ခရိုင်တရားရုံးက သေဒဏ် စီရင်ချက် ချမှတ်လိုက်တယ်လို့ ရခိုင် အစိုးရ အတွင်းရေးမှူးက အတည်ပြု ပြောပါတယ်။

“ဟုတ်ပါတယ်၊ ဒီနေ့ စီရင်ချက်ချတာပါ။ ကျနော်တို့လည်း သိသလောက်ပြောမယ်ဆိုရင်တော့ သေဒဏ်ပေါ့ ၊ သေဒဏ်နဲ့ ထောင်ဒဏ် ၅ နှစ်ပါ ဖမ်းမိတဲ့တယောက်ပေါ့။

မေး။ ။ ဆရာ ဘယ်နှစ်ယောက်လောက်ထပ်ကျန်ပါသေးသလဲ စီရင်ချက်ချဖို့လေ။

ဖြေ။ ။ကျန်တဲ့အဖွဲ့တွေက အသေးစိတ်ကတော့ ကျနော်တို့ မသိသေးပါဘူးခင်ဗျ။ အခုတယောက် အဲဒါပဲ သိပါသေးတယ်ခင်ဗျ။”

မောင်တောအကြမ်းဖက်ခံရမှု နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ သောကြာနေ့က စစ်တွေ ခရိုင် တရားရုံးကနေ စီရင်ချက် ချလိုက်တာ ဖြစ်ပြီး ကျန်ရှိနေသေးသူတွေကိုတော့ တခြား အမှုတွေနဲ့ ဆက်ပြီး စစ်ဆေးနေဆဲ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ရဲမှူးကြီး ထင်ကျော်ကလည်း ပြောပါတယ်။

“အဲဒီတယောက်ပဲ ကျန်တဲ့လူတွေက အမှုတွေကျန်သေးတယ်လေ။

မေး။ ။ ဘယ်မှာချပါသလဲ ရဲမှူးတို့ စစ်တွေမှာပဲလား၊ဒါမှမဟုတ် မောင်တောမှာလားရှင့်။

ဖြေ။ ။ စစ်ဆေးတာကတော့ စစ်တွေမှာပါပဲ ၊ စစ်တွေ ခရိုင်တရားရုံးမှာပါ ဟုတ်ကဲ့။”

အခု သေဒဏ်စီရင်ချက် ချမှတ်ခံရသူကတော့ မာမတ်နူ ခေါ် အူလာ ဖြစ်တယ်လို့လည်း အာဏာပိုင်တို့ ပြောတာကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့မှာ မောင်တော ခရိုင်တွင်းက နယ်ခြားစောင့် စခန်း ၃ ခု အကြမ်းဖက် တိုက်ခိုက်မှုမှာ စီစဉ် ဦးဆောင်ခဲ့သူ တဦး ဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့ အဆိုကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။ သူနဲ့ အတူ ဖမ်းဆီးခံထားရသူ တခြား ၁၃ ဦးတို့ကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG