သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော သတင်းအဖွဲ့ ခရီးစဉ် အဆုံးသတ်


 မီဒီယာအဖွဲ့ ရသေ့တောင်မြို့နယ်မှ စက်လှေဖြင့် စစ်တွေဘက်ကမ်းသို့ ထွက်ခွာ (MOI)
မီဒီယာအဖွဲ့ ရသေ့တောင်မြို့နယ်မှ စက်လှေဖြင့် စစ်တွေဘက်ကမ်းသို့ ထွက်ခွာ (MOI)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောကို ပထမဆုံးအကြိမ် သွားရောက်လေ့လာ သတင်းယူကြတဲ့ သတင်းမီဒီယာအဖွဲ့ရဲ့ ရခိုင်ခရီးစဉ်ကတော့ ဒီကနေ့အဆုံးသတ်သွားပြီဖြစ်ပါတယ်။ အစိုးရရဲ့စီစဉ်ပေးမှု စစ်တပ်ရဲ့ လုံခြုံရေးတာဝန်ယူမှုနဲ့ သွားခဲ့တဲ့ဒီခရီးစဉ်အတွင်း ရခိုင်ပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာလုံခြုံရေးဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ၊ စစ်တပ်တာဝန်ရှိသူတွေနဲ့ရော လူမှုအဖွဲ့အစည်းတွေ၊ ဒေသခံပြည်သူတွေနဲ့တွေ့ဆုံခဲ့တဲ့ သတင်းမီဒီယာအဖွဲ့အနေနဲ့ သူတို့လေ့လာမေးမြန်းခဲ့တာတွေဟာ မုဒိမ်းမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွားရှိခဲ့တယ်ဆိုတဲ့ ကုလနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ စိုးရိမ်မှုတွေ ဝေဖန်စွပ်စွဲချက်တွေ အပေါ် သတင်းမှန်အချက်အလက်မှန်တွေ ဖော်ထုတ်ပေးနိုင်မလားဆိုတဲ့မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

မောင်တောဆေးရုံတွင် မီဒီယာအဖွဲ့မှ မှတ်တမ်းယူနေစဉ် (MOI)
မောင်တောဆေးရုံတွင် မီဒီယာအဖွဲ့မှ မှတ်တမ်းယူနေစဉ် (MOI)

ကိုယ်တိုင်သတင်းသွားရောက်ယူခဲ့တဲ့ နိုင်ငံခြား သတင်းထောက်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွေးအောင် ခေါ်ဦးဂျင်မီကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကနေ့ ခရီးစဉ်နောက်ဆုံးနေ့မှာ သွားရောက်လေ့လာဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး သူက အခုလိုစဖြေပါတယ်။

ဦးဂျင်မီ။ ။ ကျနော်တို့ အရင်ဆုံး အလယ်သန်ကျော် ကျေးရွာ သွားတယ်။ အဲ့ဒီ့မှာတော့ သူတို့အားလုံး အတူယှဉ်တွဲနေထိုင်တဲ့အခါမှာ ဘာမှ ပြသနာမရှိဘူးဆိုတာပေါ့နော်။ ကျနော်တို့ မေးကြတဲ့အခါမှာ တဖွဲ့နဲ့တဖွဲ့တော့ တရွာနဲ့တရွာ ကုလားရွာ၊ ရခိုင်ရွာ ရင်းရင်းနှီးနှီး ရှိပါတယ်။ သို့သော် အခုဒီဖြစ်စဉ်ဖြစ်ပြီးတော့ နည်းနည်း တဖက်နဲ့တဖက် တရွာနဲ့ တရွာ စိုးရွံ့ပြီးတော့ အသွားအလာတော့ နည်းနည်းကျဲ သွားတယ် ကျနော်တို့ မေးလို့ရခဲ့တယ်။ ကိုးတန်ကောက်ရွာကို နောက်တဆင့်သွားတဲ့အခါမှာတော့ ကင်းစခန်းပေါ့နော်။ နယ်ခြားစောင့်ကင်းစခန်း အဲ့ဒီ့မှာတော့ ဝင်ရောက်စီးနင်းခံရတယ်ပေါ့နော်။ အကြီးအကဲတွေက ပြောပြပါတယ်။ အခုဆိုရင် ခြံစည်းရိုးပတ်လည်ခတ်နေပါပြီ ကျနော်တို့ တွေ့ခဲ့တယ်။ အုတ်တံတိုင်းတွေ ဘာတွေ စလုပ်နေပြီပေါ့နော် ပတ်ပတ်လည်။

မဆုမွန်။ ။ ဦးဂျင်မီတို့ ဒေသခံတွေကို မေးတဲ့အခါမှာ သူတို့ရဲ့ လုံခြုံရေးအခြေအနေ ဦးဂျင်မီတို့ မြင်ခဲ့ တွေ့ခဲ့သလောက် ဘယ်လိုများ အနေအထား ရှိပါသလဲရှင့်။

ဦးဂျင်မီ။ ။ သူတို့ကတော့ ကိုယ်ထူကိုယ်ထ စနစ်ပေါ့။ သူတို့ သက်ဆိုင်ရာ လက်နက်ကိုင် အာဏာပိုင်အဖွဲ့အစည်းတွေကို သတင်းပို့ပြီးတော့ ကိုယ်ထူကိုယ်ထ ကိုယ်ရွာကို ကိုယ်ကင်းစောင့်နေကြတယ်လို့ ပြောပါတယ်။ ပရောဂတွေ ဝင်မလာအောင် တခြားရွာကသူတွေ ဝင်မလာအောင် အနည်းဆုံးတော့ တခြားရွာက သူတွေ ပြေးလာ ပြေးလာရင် အမျိုးသမီးနဲ့ ကလေးတွေဆိုရင်တော့ လက်ခံတယ်။အမျိုးသားတွေကို လက်မခံဘူးတဲ့ လောလောဆယ် ကိုယ်ထူကိုယ်ထပဲ ကင်းစောင့်နေကြတယ် ရွာထဲက သူတွေကို မေးကြည့်တော့။

မဆုမွန်။ ။ဦးဂျင်မီတို့သွားပြီး လေ့လာတဲ့အခါမှာ ဒေသခံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သူတို့အတွက် လုံခြုံရေးစိုးရိမ်မှုတွေရှိနေတာရော တွေ့ခဲ့ပါလားရှင်။

ဦးဂျင်မီ။ ။ မူဆလင်ရွာပေါ့။ အစ္စလာမ်ရွာတွေကတော့ သူတို့ကတော့ အခု ကြောက်နေကြတယ်စစ်သားမြင်ရင် ဘာပဲဖြစ်ဖြစ်ကြောက်နေကြတယ်။ တိမ်းရှောင်ကြတယ်။ သူတို့ပြောတာက တချို့ရွာသားတွေက ပြန်မလာကြဘူးပေါ့။ ပြန်မလာကြဘူးဆိုတာ သူတို့ပြောတာက အမျိုးမျိုးရှိတယ်။ ပြစ်မှုနဲ့ဆက်စပ်လို့လား၊ ကြောက်လို့ပဲ ပြန်မလာကြတာလားပေါ့နော်။ အဲ့လိုရှိတယ်။ ကျနော်တို့ မနေ့က သွားတဲ့ရွာဆိုရင် ကျနော်တို့မြင်တာတော့ လေးငါး၊ ဆယ်လုံးလောက်ရှိမယ်ထင်တယ်။ သူတို့ပြောတာတော့ စစ်သားက မီးရှို့တယ်လို့ပြောတယ်။ ကျနော်တို့မေးတော့ သူတို့က သေချာမြင်တယ်လို့ပြောတာပဲ။ အခုညနေတော့ ဒီက ကျနော်တို့ စစ်တွေမြို့က နယ်လုံဝန်ကြီးကို မေးတဲ့အခါ သူက နိုင်ငံတော်အတိုင်ပင်ခံ ညွှန်ကြားထားတဲ့အတိုင်း ရွာတွေကို လူဝင်စစ်တဲ့အခါဥပဒေအတိုင်း လုပ်ပါတယ်လို့ သူတို့ပြောတဲ့အခါ ကျနော်က မေးပါတယ်။ အဲ့ဒီ့လိုတော့ သူတို့ကပြောတယ်။ အဲ့ဒီ့အပေါ် ဘယ်လိုများ ကောက်ချက်ချချင်ပါလဲဆိုတော့ သူတို့အနေနဲ့ စစ်ရေးလှုပ်ရှားမှုအရ ရန်သူက ရွာထဲတွေ ဝင်ပြေး၊ ရွာတွေက ခုခံတဲ့အခါ သူတို့တွေအတွက်လည်း တော်တော်လေး ဂရုစိုက်ရပါတယ်တဲ့။ ဂရုစိုက်ရပေမဲ့ ဒါပေမဲ့ သူတို့သည် လုပ်ထုံးလုပ်နည်းအရ လုပ်ပါတယ်။ သူတို့ နေ့ခင်းဘက် ရွာကိုဝင်ရှင်းပါတယ်။ ညဘက်ဆိုရင် ရွာမှာ နေလို့မရပါဘူး။ စိတ်ချရတဲ့ တောင်ကုန်းတို့နေရာတွေမှာ သူတို့တပ်စွဲရပါတယ်။ ရွာထဲလည်း နေလို့မရဘူး။ ရွာနားလည်း နေလို့မရဘူး။ အဲ့လိုအချိန်မျိုးမှာ သူတို့မရှိတဲ့အချိန်မှာ မီးထလောင်တာ သူတို့နဲ့မဆိုင်ဘူးလို့ သူတို့က ဆိုလိုပါတယ်။ သူတို့လုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။

မဆုမွန်။ ။ ဒီရခိုင်ပြည်နယ်ကို သွားရောက်ပြီး လေ့လာရတဲ့ခရီးစဉ်မှာ ဘယ်လောက် အတိုင်းအတာအထိ သတင်းမီဒီယာတွေအနေနဲ့ ဒီကနေ ရလာတဲ့ မေးမြန်းချက်တွေ၊ တွေ့ဆုံချက်တွေက အကုန်လုံးကလည်း ဒီခရီးစဉ်နဲ့ပတ်သက်ပြီး သိချင်နေတယ်ဆိုတော့ ဦးဂျင်မီတို့အနေနဲ့ ဘယ်လောက်အထိများ ပြည်သူကိုရော နိုင်ငံတကာကိုရော တင်ပြနိုင်လိမ့်မယ်လို့ မျှော်လင့်ပါလဲရှင့်။

ဦးဂျင်မီ။ ။ လွတ်လွတ်လပ်လပ်တော့ လုပ်လို့ရပါတယ်။ ကျနော်တို့ တတ်နိုင်သမျှ မေးမြန်းစုံစမ်းတယ်။ သူတို့ဘက်ကလည်း အဖြစ်အပျက်တွေကို ပြောပြတယ်ပေါ့။ ပြောပြတဲ့အခါ အစိုးရဘက်ကလည်း အခုနကပြောသလို Rape Cases တို့ မီးရှို့တဲ့ ကေ့စ်တို့က ကမ္ဘာမှာ တော်တော်လေးကို ပျံ့နှံ့ပြီး သတင်းတွေက မကောင်းဖြစ်နေတယ်။ အဲ့ဒီ့အတွက် နိုင်ငံတော်အနေနဲ့ ဒီဥစ္စာကို ဒီဖြစ်စဉ်ကို ဖြစ်စဉ်အတိုင်း ရှို့ရင်လည်း ဘာကြောင့်ပေါ့ စစ်ရေးလိုအပ်ချက်ကြောင့်အရပါ ဒါမျိုး အကြောင်းတခုပေါ့ ဒါတွေကို သိသိသာသာ ဖြေရှင်းမှ သင့်တယ်လို့လည်း ကျနော်တို့ အကြံပြုချင်ပါတယ်။ သတ်သတ်မှတ်မှတ်နဲ့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဒီကိစ္စက ဒီလိုပါ။ ဒီဘက်ကလည်း သက်သေအထောက်အထားတွေနဲ့ ရှင်းသင့်တယ်လို့ ကျနော်လည်း ထင်တယ်လေ။

ကျနော်တို့ ခရီးစဉ်ပြီးပါပြီ။ ကျနော်တို့ ဒီညနေမှာ အခုပဲ ကျနော်တို့ နယ်လုံဝန်ကြီးနဲ့ လူမှုရေးဝန်ကြီးနဲ့ သွားတွေ့ဆုံပြီး မေးမြန်းပြီးတော့ ကျနော်တို့ အခု ဟိုတယ်ပြန်ရောက်နေပါပြီ။ ခရီးစဉ်ပြီးပါပြီ။ မနက်ဖြန် ကျနော်တို့ ရန်ကုန်ကို ပြန်မှာပါ။

ရခိုင် မောင်တောဒေသတွေကို ကိုယ်တိုင်သတင်းသွားရောက်ယူခဲ့တဲ့ နိုင်ငံခြား သတင်းထောက်များအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးဟန်ထွေးအောင် ခေါ်ဦးဂျင်မီကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း မြန်မာ-ဘင်္ဂၤလားနယ်စပ်က နယ်ခြားစောင့်စခန်းတွေနဲ့ ရဲစခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က လူအင်အားနဲ့ အကြမ်းဖက် အတိုက်ခိုက်ခံရပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးတွေမှာ အစိုးရစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးမှုတွေမှာ အင်အား အလွန်အကျွံသုံးတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ရှိခဲ့တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဘက်က နယ်မြေတွင်း လက်တွေ့ ကွင်းဆင်း လေ့လာခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပြီးတဲ့နောက် အခုလို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်မောင်တောဒေသဘက်က ကျေးရွာတွေအထိ နိုင်ငံတကာနဲ့ ပြည်တွင်းသတင်းသမားတွေ ပါဝင်တဲ့ သတင်းမီဒီယာအဖွဲ့ကို ပထမဆုံးအသုတ်အဖြစ် အစိုးရက သွားရောက်ခွင့် ပြုလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG