သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောဒေသ တည်ငြိမ်မှုအားနည်းဆဲ


လုံခြုံရေးရဲဝန်ထမ်းတွေ
လုံခြုံရေးရဲဝန်ထမ်းတွေ

အကြမ်းဖက်ပဋိပက္ခတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေ တိုက်ခိုက် သတ်ဖြတ်ခံခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မတည်မငြိမ် အခြေအနေတွေ ဆက်ရှိနေပြီး ဒီကနေ့ မောင်တောမြို့နယ်မှာ အမျိုးသားတဦးရဲ့ အလောင်းကို တွေ့ခဲ့ရပါတယ်။ မောင်တောမြို့နယ်တွင်းမှာ အပြစ်မဲ့ ပြည်သူတွေ အသက်ခံရတဲ့ အခြေအနေတွေကတော့ မကြာခဏဆိုသလို ရှိနေဆဲ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေ က ပြောပါတယ်။ နောက်ဆုံး အခြေအနေကို ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြပေးပါလိမ့်မယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ စခန်းတွေ တိုက်ခိုက်ခံရပြီး လုံခြုံရေးဝန်ထမ်းတချို့ သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မတည်မငြိမ်အခြေအနေတွေ ဆက်ရှိနေပြီး ဒီကနေ့ မောင်တောမြို့နယ် လင်ဘာကုန်းနား ကျေးရွာမှာ လည်ပင်းလှီးဖြတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အသက် ၃၀ အရွယ် အမျိုးသားတဦးရဲ့အလောင်းကို ထပ်မံ တွေ့ထားတဲ့အကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။ အခုလို အရပ်သား ပြည်သူတွေ အသတ်ခံရတဲ့ အခြေအနေတွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မကြာခဏ ဆိုသလို ရှိနေတယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

“နောက်ဆုံးအခြေအနေက ဘယ်လောက်အထိလဲ ဆိုရင် ဒီမောင်တောဒေသမှာ အပြစ်မဲ့ပြည်သူတွေ၊ ပြည်သူလူထုဆိုတာ ဘာမှမလုပ်တဲ့ ပြည်သူလူထုကို သတ်ဖြတ်တဲ့ဖြစ်စဉ်က ဘယ်နှစ်ခါရှိပြီလဲ ဆိုတော့ အားလုံးပေါင်း ၁၄ ကြိမ်ရှိတယ်။ သတ်ဖြတ်တယ်။ ဘယ်ကနေစလဲဆိုတော့ မောင်တောမြို့နယ် ဦးရှည်ကျကျေးရွာ အဲဒီမှာရှိတဲ့ မောင်မောင်စိုး ခေါ် ရှနာများ ဆိုတာ သူက စသေတယ် ၊ အဲလိုလည်ပင်းပြတ်ရှ ဒဏ်ရာ ၁၂ ချက်နဲ့သေတယ်။ နောက်ဘယ်သူလဲဆိုတော့ မောင်တောမြို့နယ် ဦးရှည်ကျကပဲ ၊ သူကပြတ်ရှ ဒဏ်ရာ ၁၉ ချက်နဲ့ မိုဟာမတ်တာလီ ဒုတိယမြောက် သေတယ်။ နောက် လည်ပင်းပြတ်ရှပြီးတော့ ပုပ်ပွသေဆုံးနေတယ် အဲဒါမောင်တောမြို့နယ် မြို့သူကြီးကျေးရွာက သူလည်းသေတယ်။ ”

မောင်တောခရိုင်တွင်း အကြမ်းဖက်တိုက်ခိုက်သူတွေက အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက် သတ်ဖြတ်နေတဲ့ ဖြစ်စဉ်တွေရဲ့ အသေးစိတ်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ပြန်ကြားရေးကော်မတီ facebook စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစိုးရရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက မူစလင်ကျေးရွာသားတွေကို ဆဲဆို ကန်ကျောက်နေတဲ့ ဗွီဒီယိုဖိုင် ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ထွက်လာခဲ့သလို၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ညွှန်ကြားချက်နဲ့အညီ ဆောင်ရွက်ခြင်း မရှိတဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို အရေးယူဖို့ သက်ဆိုင်ရာက ဆောင်ရွက်နေတယ်ဆိုတာနဲ့ အရေးယူဆောင်ရွက်မှု နောက်ဆုံးအခြေအနေ တွေကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက မကြာခင် သတင်းထုတ်ပြန်လိမ့်မယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ OIC လို့ အတိုကောက်ခေါ်တဲ့ အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ကလည်း နိုင်ငံခြားရေးဝန်ကြီးအဆင့် အရေးပေါ်အစည်းအဝေးတရပ်ကို ဒီလ ၁၉ ရက်နေ့ကျရင် မလေးရှားနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“အဲဒါ ရွေ့နေတယ်လို့ပြောတယ်၊ အဲဒီတော့ သေချာအောင်လည်း သတင်းတွေတော့ ထွက်နေတယ်၊ သို့သော် ကျနော်တို့လည်း ကုလသမဂ္ဂကလည်း ဒီဘက်မှာ မြန်မာနိုင်ငံကို ယန်ဟီးလီ ခရီးစဉ်ရှိတယ်။ ပြီးရင် လူ့အခွင့်အရေးကောင်စီအစည်းအဝေး ဒါမျိုးတွေနဲ့ ဆက်စပ်ပြီးတော့ OIC အစည်းအဝေးကို နောက်ရွေ့တယ်လို့ပြောတယ် ကျနော်တို့ကတော့ အဲလိုကြားတာပဲ။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ အနေနဲ့ သိပ်မကြာခင်ကာလအတွင်း မြန်မာနိုင်ငံကို လာရောက်ဖို့ ရှိပေမဲ့ ခရီးစဉ် အသေးစိတ်ကို မသိရသေးပါဘူး။

ရခိုင်အရေးနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီကနေ့ နေ့လယ် ၂ နာရီက နေပြည်တော် သမ္မတအိမ်တော် အစည်းအဝေး ခန်းမမှာ ကျင်းပတာမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်ခဲ့ပါတယ်။ လတ်တလောမှာ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကို ဦးစားပေး ဆောင်ရွက်နေပြီး ရခိုင်ပြည်နယ် တခုလုံးအရေးကိစ္စကိုလည်း ဆက်လက် ဆောင်ရွက်နေတဲ့အကြောင်းနဲ့ ပြဿနာတွေကို မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကနေ ရပ်တည်ဖြေရှင်းသွားဖို့ လိုအပ်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ ကြားဖြတ်အစီရင်ခံစာကို ဒီကနေ့ ရက်စွဲနဲ့ထုတ်ပြန်ရာမှာ မောင်တောဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးဟာ အချိန်ယူဆောင်ရွက်ရမယ့် အခြေအနေဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။အစိုးရဌာန၊ အဖွဲ့အစည်းများနှင့် လိုက်လျောညီထွေစွာ ပူးပေါင်းဆောင်ရွက် သူများနှင့် သတင်းပေး သည်ဟု သံသယရှိသူများကို ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်လျက် ရှိရာ မောင်တောဒေသရှိ ကျေးလက်များတွင် အကြမ်းဖက်သမားများ ဝင်ထွက် သွားလာလျက်ရှိသဖြင့် ရပ်ရွာဒေသ တည်ငြိမ်အေးချမ်း ရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေတယ်လို့လည်း အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အောက်တိုဘာလ ၉ ရက် လုံခြုံရေးတပ်ဖွဲ့တွေ တိုက်ခိုက်ခံရတာကို သုံးသပ်တဲ့နေရာမှာ အရင်ထုတ်ပြန်ချက်လိုပဲ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ ဆက်နွယ်ပြီး စနစ်တကျ စီစဉ်တိုက်ခိုက်မှုဖြစ်တယ်လို့ အစီရင်ခံစာက သုံးသပ်ထားပါတယ်။ စုံစမ်းရေးကော်မရှင်ကိုတော့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁ ရက်နေ့က နိုင်ငံတော်သမ္မတရုံးအမိန့်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG