သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုမှု တိုက်ဖျက်ရေး မြန်မာတိုးမြှင့် လုပ်ဆောင်မယ်


 မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၁၆ ခုနှစ်အတွက်ထုတ်ပြန်တဲ့ လူကုန်ကူးမှု အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံကို Tier 3 အနိမ့်ဆုံး စာရင်းထဲ ထည့်သွင်းခဲ့တာဟာ အရင်က အချက်အလက်ဟောင်းတွေအပေါ် အခြေခံခဲ့ တာသာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက တုန့်ပြန်လိုက်ပါတယ်။ ဒါပေမယ့် လူကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ပတ်သက်လို့ အမေရိကန်ရဲ့ အကြံပြုချက်တွေ အတိုင်း နိုင်ငံတကာနဲ့ ပူးပေါင်းပြီး မြန်မာအစိုးရက ဆက်လက်ကြိုးပမ်း လုပ်ဆောင်သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ(၃၀) ရက်နေ့ထုတ် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြာသာပတေးနေ့မှာ ထုတ်ပြန် လိုက်တဲ့ နိုင်ငံတကာ လူကုန်ကူးမှု အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှုနဲ့ အဓမ္မလုပ်အားခိုင်းစေမှု တိုက်ဖျက်ရေးမှာရော၊ ရိုဟင်ဂျာ မူဆလင် လို့ နိုင်ငံတကာက ခေါ်ဝေါ်သုံးနေတဲ့ လူနည်းစု တွေအပေါ် ဖိနှိပ်အုပ်ချုပ်တာတွေ ဆက်ဖြစ်နေတာ အဆုံးသတ်ရေး ပိုပြီးလုပ်ဆောင်ဖို့ တွန်းအားပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံကို Tier 3 အနိမ့်ဆုံး အဆင့်ထိ လျှော့ချလိုက်တာပါ။

အမေရိကန်အစိုးရဟာ အရင်က အချက်လက်ဟောင်းတွေအပေါ် အခြေခံပြီး Tier 3 အနိမ့်ဆုံး စာရင်းထဲ ထည့်သွင်းခဲ့တာသာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်လင်းက ပြောပါတယ်။

" ဒီဥစ္စာက ဘယ်လိုလဲဆိုတော့ မနှစ်တုန်းက ၂၀၁၅ခုနှစ်မှာ ဖြစ်တဲ့ဟာတွေကို သူက ၂၀၁၆ခုနှစ်မှာ သူတို့က ထုတ်ပြန်တာပေါ့။ ထုတ်ပြန်တယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ ၂၀၁၅ခုနှစ်မှာ ဖြစ်ခဲ့တဲ့ဟာကို ဒီအစိုးရသစ် တာဝန်ယူတဲ့အချိန်မှာ သူတို့ ထုတ်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့။ ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ စိတ်မကောင်းဘူး။ သို့ရာတွင် ကျနော်တို့ လုပ်စရာရှိတာ ကျနော်တို့ ဆက်လုပ်မယ်။ ဒီ Tier 3 ကနေပြီးတော့ လွတ်မြောက်ဖို့အတွက်ကို အမေရိကန်နိုင်ငံအပါအဝင် သက်ဆိုင်တဲ့နိုင်ငံအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ။ အခုထောက်ပြနေတဲ့ဟာကို ကျေျနာ်တို့ကနေပြီးတော့ ကျနော်တို့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ ဆောင်ရွက်ဖို့ရှိပါတယ်။

တကယ်တော့ မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ၂၀၁၅ ခုနှစ်အထိ Tier 2 အဆင့်(၂)ရဲ့ စောင့်ကြည့် စာရင်းနိုင်ငံတွေထဲ ရှိနေခဲ့တယ် လို့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ကြေညာချက်
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ကြေညာချက်

လူကုန်ကူးခံရသူတွေကို အကာအကွယ်ပေးရေးဥပဒေ TVPA ပါ အနိမ့်ဆုံး စံနှုန်းသတ်မှတ်ချက်တွေကို အပြည့်အ၀ မလိုက်နာသလို လိုက်နာဖို့သိသာတဲ့ လုပ်ဆောင်ချက်တွေ လည်း မရှိတာကြောင့် Tier 3 အဆင့်ထဲ ထည့်ခံရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သားအသုံးပြုမှု လျော့ကျအောင် လုပ်ဆောင်နေတာနဲ့ ပတ်သက်လို့ ရန်ကုန် အမေရိကန်သံရုံးတာဝန်ရှိသူတွေကို ရှင်းပြခဲ့ကြောင်း အမြဲတမ်း အတွင်းဝန် ဦးအောင်လင်းက ပြောပါတယ်။

" ကလေးစစ်သားနဲ့ပတ်သက်ပြီးတော့ တနေ့ကတော့ အမေရိကန်သံရုံး တာဝန်ရှိတဲ့သူ နဲ့ ကျနော်တို့ တွေ့ပြီးပါပြီ။ ကလေးစစ်သားနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ နိုင်ငံက အရေးယူဆောင်ရွက်မှုတွေကို သူတို့ ကျေနပ်အားရတယ်လို့ သူတို့ပြောပါတယ်။ သူတို့ဘက်ကနေပြီးတော့ ထောက်ပြစရာရှိတာကတော့ အတင်းအဓမ္မခိုင်းစေမှုနဲ့ ပတ်သက်ပြီး သူတို့ဘက်က သိစေချင်တဲ့ဟာလေးတွေ ရှိသေးတယ်လို့ ကျနော်တို့ကိုပြောသွားပါတယ်။ အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ကျနော်တို့ သူတို့ကို နားလည်အောင် ရှင်းပြဖို့ အဆင်သင့်ရှိပါတယ်။"

မေး။ ။ အဲ့တော့ ရခိုင်ပြည်နယ်က မူဆလင်တွေ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ က ဘယ်လိုကိုင်တွယ်ဆောင်ရွက်နေတယ်ဆိုတာမျိုးရော သူတို့ဘက်က ဆွေးနွေး တာ ရှိပါသလား။

" အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော့်ကို အမေရိကန်သံရုံးတာဝန်ရှိသူ လာတွေ့ခဲ့စဉ်တုန်းကတော့ သီးခြားပြောသွားတာ မရှိပါဘူး။ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ နိုင်ငံသားစိစစ်ရေးကိစ္စကိုသာ သူတို့မေးသွားပါတယ်။"

မြန်မာနိုင်ငံက လူအများစုဟာ ထိုင်းနိုင်ငံဘက်ကို လူကုန်ကူးခံရပြီး လူကုန်ကူး ဂိုဏ်းတွေရဲ့ အရောင်းစားခံကြရပါတယ်။ အရင်က Tier 3 အနိမ့်ဆုံးအဆင့် ရှိခဲ့တဲ့ ထိုင်းနိုင်ငံကို ဒီနှစ် အမေရိကန်လူကုန်ကူးမှု အစီရင်ခံစာထဲမှာ Tier 2 အဆင့်(၂)ထိ တိုးပေးခဲ့ပါတယ်။

လူကုန်ကူးခံရသူ အများအပြား နောက်ဆုံးမှာ ရောက်သွားလေ့ရှိတဲ့ မလေးရှားနိုင်ငံ ကိုလည်း ၂၀၁၅ ခုနှစ်မှာ Tier 3 အဆင့်ထဲ ထားခဲ့ရာက ဒီနှစ်မှာတော့ Tier 2 အဆင့်ထဲ ထည့်သွင်းသတ်မှတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG