သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲအလွန် မွန်ပါတီသစ်တရပ်ပေါ်လာဖွယ်ရှိ


ကြားဖြတ်ရွေးကောက်ပွဲ
ကြားဖြတ်ရွေးကောက်ပွဲ

မွန်ပြည်နယ်အတွင်း မွန်အမျိုးသားထုကို တစည်းတလုံးတည်း ကိုယ်စားပြုနိုင်ဖို့ဆိုပြီး မွန်ပါတီသစ်တရပ်ဖွဲ့စည်းဖို့ မွန်ခေါင်းဆောင်အချို့က ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအလွန်မှာ ကြိုးပမ်းနေကြပါတယ်။ မွန်ပြည်နယ်အတွင်း လက်ရှိရှိနေတဲ့ မွန်နိုင်ငံရေးပါတီ နှစ်ရပ်စလုံးက ပါတီဝင်တွေကြား ပြန်လည်စုဖွဲ့ဖို့ ကြိုးစားနေတာဖြစ်ပေမယ့်၊ ရလဒ်ကတော့ နောက်ထပ် မွန်နိုင်ငံရေးပါတီတရပ် ပေါ်ထွက်လာဖို့ဖြစ်နေပါတယ်။ ရှိပြီးသား မွန်နိုင်ငံရေးပါတီနှစ်ခုကို စိတ်ပျက်ပြီး သူတို့သက်ဆိုင်ရာပါတီတွေကနေ နုတ်ထွက်ပြီး နောက်ထပ်ပါတီတခု စုဖွဲ့ဖို့ ကြိုးစားလာကြတာပါ။ အခြေအနေအသေးစိတ်ကိုတော့ ဗွီအိုအေသတင်းထောက် နိုင်ကွမ်းအိမ် သတင်းပေးပို့ထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲအပြီး မွန်ပြည်နယ်အတွင်း မွန်နိုင်ငံရေးပါတီတွေ အကြားမတည်ငြိမ်မှုတွေဖြစ်ပွါးနေပါတယ်။ မွန်ပါတီနှစ်ပါတီ ပေါင်းစည်းရေးဆိုပြီး ဆောင်ရွက်ကြတဲ့ ပါတီနှစ်ရပ်က ပါတီဝင်တွေအကြား ခေါင်းဆောင်တွေအပေါ် စိတ်ပျက်လာပြီး နောက်ထပ်ပါတီတရပ်ဖွဲ့ဖို့ တာစူလာတာပါ။

ပါတီနှစ်ရပ်ပေါင်းစည်းရေးကြိုးပမ်းခဲ့တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ပါတီဝင်နှစ်ရာကျော် ပါတီကနေ နုတ်ထွက်ခဲ့ကြပါတယ်။ အဲဒီနောက် ပါတီနှစ်ရပ်က နုတ်ထွက်လာသူတွေ စုဖွဲ့ပြီး နောက်ထပ် မွန်အမျိုးသားပါတီ တရပ်ဖွဲ့ဖို့ ကြိုးပမ်းလာတာပါ။

ဒါပေမယ့် ဒီပါတီဟာ မွန်အမျိုးသားထုကို တစည်းတလုံးတည်း ကိုယ်စားပြုနိုင်ဖို့ရည်ရွယ်တာဆိုပြီး မွန်နိုင်ငံရေး စောင့်ကြည့်သူ နိုင်မင်းမင်းနွယ်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ပေါင်းချင်တဲ့လူအချင်းချင်း လာပေါင်းပြီးတော့ ဟိုဘက်ပါတီလည်း မဝင်ရသေးဘူး၊ ဒီဘက်ပါတီလည်း မဝင်ရသေးဘူး နိုင်ငံရေးလုပ်ချင်တဲ့ တတိယ အင်အားစုတွေအနေနဲ့ ပေါင်းစီးပြီးတော့ Mon National Conference လုပ်ပြီးတော့ အဲဒီကနေပြီးတော့ ပါတီအသစ်တခု ထပ် ပေါ်မယ့် ပုံသဏ္လာန်ပေါ့ ။ သူတို့ ရည်ရွယ်တာက ဒီ ၂ ပါတီသည် မပေါင်းနိုင်တာက ပါတီဝင်တချို့မဟုတ်ပဲနဲ့ ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ တချို့တဝက်လောက်က မပေါင်းနိုင်တဲ့အနေအထား ပေါ်မှာ သူတို့က ပေါင်းဖို့ ဆက်ပြီးမကြိုးစားတော့ပဲနဲ့ ဒီပေါင်းချင်တဲ့ ၂ ဖက်ပါတီဝင်တွေအနေနဲ့ တတိယအင်အားစုတွေအနေနဲ့ပေါင်းပြီးတော့ မွန်အမျိုးသားနိုင်ငံရေး ဦးဆောင်တဲ့ ကိုယ်ထည်တခု ပြန်ဖော်တဲ့ ပုံစံမျိုးနဲ့ သွားမယ်။ တကယ်လို့ အဲလိုပုံစံမျိုးဖြစ်လာမယ်ဆိုရင် မွန်တမျိုးသားလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတခု၊ နိုင်ငံရေးကိုယ်ထည်တခု ပေါ်လာပြီးတော့ နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ မွန်ဒေသမှာ မွန်လူမျိုးတွေ ရွေးကောက်ပွဲအောင်နိုင်တဲ့ အလားအလာရှိတယ်လို့ အားလုံးက မျှော်မှန်းနေကြတဲ့ အနေအထားရှိနေပါတယ်။”

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက နုတ်ထွက်ကြပြီး နောက်ထပ်ပါတီစုဖွဲ့ဖို့ စီစဉ်နေမှုနဲ့ပတ်သက်လို့ ဦးဆောင်သူ တဦး ဖြစ်တဲ့ နိုင်အောက်ဆာက အခုလို ပြောပါတယ်။

“ဒီ ၂ ပါတီကတော့ လုံးဝပေါင်းမှာ မဟုတ်တော့ဘူး။ ရွေးစရာလမ်းမရှိတော့ဘူး အဲဒီလိုဖြစ်နေတယ်။”

ပြီးခဲ့တဲ့အင်္ဂါနေ့ကတော့ မွန်နိုင်ငံရေးပါတီများညီညွတ်မှုတည်ဆောက်ရေးညှိနှိုင်းရေးအဖွဲ့နဲ့ မော်လမြိုင်မြိုှု့မှာတွေ့ဆုံပြီး ၂၀၁၇နှစ် အကုန်မှာ မွန်တမျိုးသားလုံးကိုကိုယ်စားပြုတဲ့ပါတီအသစ် တရပ်ဖြစ်လာဖို့ သဘောတူ ညီမှုရရှိခဲ့တယ်လို့ မွန်အမျိုးသားပါတီဝင်ဟောင်း နိုင်မွန်ရာဇာက ပြောပါတယ်။

“၂၀၁၇နှစ်အကုန်မှာကျတော့ ညီလာခံလိုမျိုးတခု ကျင်းပမယ်။ အဲဒီမှာကျတော့ မွန် ၁ မျိုးသားလုံးကို ကိုယ်စားပြုတယ်၊ နောက်ပါတီ တခုဖြစ်နေတာကြောင့် အကောင်အထည်ဖော်ရမယ်။”

မွန်သံဃာတော်တွေ မွန်လူငယ်အဖွဲ့တွေအပါအဝင် နှစ်ပါတီပေါင်းစည်းရေးကိုလိုလားတဲ့နိုင်ငံရေးပါတီဝင်တွေကနေ ၂၀၁၇ နှစ်ကုန်မှာ မွန်အမျိုးသားညီလာခံတရပ်ကိုဆင့်ခေါ်ပြီး မွန်အမျိုးသားထုတရပ်လုံးကိုယ်စားပြုနိုင်မယ့် ပါတီတရပ်ဖွဲ့ရေးဆေါးနွေးကြမှာပါ။

မွန်အမျိုးသားပါတီဘက်မှာတော့ နှစ်ပါတီပါတီပေါင်းစည်းရေးကိုလိုလားတဲ့သူတွေကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ် မှုတွေ ရှိနေ ပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီက ရေးမြို့နယ်ပါတီဝင်(၂၀၀)ကျော်ကတော့ ပါတီကနေနှုတ်ထွက်ခဲ့တယ်လို့ ကိုယ်တိုင်နှုတ်ထွက်ခဲ့သူ ပါတီအလုပ်အမှုဆောင် ကော်မီတီဝင်ဟောင်း နိုင်အောက်ဆာ ကပြောပါတယ်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတွဲဘက်အတွင်းရေးမှူးနိုင်စံတင်ကတော့ အခုလိုနှုတ်ထွက်တဲ့အခြေအနေအပေါ် တရားဝင်မသိရသေးဘူးလို့ဆိုပါတယ်။

“ဒီသတင်းက ကျနော်တို့ဆီ တရားဝင်စာမရောက်သေးဘူး မြို့နယ်ရုံးလည်မရောက်ဘူး ၊ ဗဟိုရုံးလည်းမရောက်သေးဘူး ။ ကျနေ်ာတို့ တွက်နေတာက တခုပေါ့လေ EC တယောက်ပေါ့လေ ကျနော်တို့ ပါတီကနေ စည်းမျဉ်းစည်းကမ်း ဖောက်တယ်ဆိုပြီးတော့ ထုတ်ပယ်လိုက်တာကို ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒါဖြစ်သွားတာပါ။”

ဧပြီလ(၁)ရက်နေ့မှာကျင်းပခဲ့တဲ့ကြားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်NLD မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မွန်အမျိုးသားပါတီတို့ရဲ့ကိုယ်စားလှယ်တွေရှုံးနိမ့်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီက ကိုယ်စားလှယ်အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီလိုရှုံးနိမ့်ရတာကလဲ ပါတီကွဲပြားနေသေးတဲ့အပေါ် မွန်ပြည်သူေ တွစိတ်ဝင်စားမှုအားနည်းစေတဲ့အကြောင်းတရား တခုလို့လဲ ပေါင်းစည်းရေးလိုလားသူတွေကရှုမြင်နေကြပါတယ်။

မွန်ပြည်နယ်အတွင်းမှာ မွေန်နိုင်ငံရေးပါတီ(၃)ခုဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ မွန်အမျိုးသားပါတီ အမျိုး သမီးပါတီ(မွန်)တို့ကို တပါတီထဲအဖြစ်ပေါင်းစည်းသွားဖို့ မွန်ပြည်သစ်ပါတီဦးဆောင်ပြီး မွန်သံဃာတော်တွေ မွန်ပညာ ရှင်တွေပါဝင်တဲ့ မွန်နိုင်ငံရေးပါတီများညီညွတ်မှုတည်ဆောက်ရေးညှိနှိုင်းရေးအဖွဲ့ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလခန့်က စတင် ဖွဲ့စည်းခဲ့ပြီးနှစ်ပါတီပေါင်းစည်းရေးအတွက် အကြိမ်ကြိမ် ကြိုးစားညှိနှိုင်းခဲ့ပေမယ့်အောင်မြင်မှုမရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၅အထွေထွေရွေးကောက်ပွဲမှာ မွန်အမျိုးသားပါတီကကိုယ်စားလှယ်(၃)နေရာအနိုင်ရခဲ့သလို မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီပါတီက(၁)နေရာအနိုင်ရရှိပြီး ကိုယ်စားလှယ်အများအပြားကိုတော့NLDကအနိုင်ရရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG