သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ မဲပေးသူအရေအတွက်နည်းပါး


ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့ နှိုင်းယှဉ်ရင် ဧပြီ ၁ရက်နေ့က ကျင်းပခဲ့တဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မှာ မဲလာပေးတဲ့ မဲဆန္ဒရှင် ဦးရေ သိသိသာသာ နည်းလွန်းတာဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။ ဒီ ကြားဖြတ်ရွေးကောက်ပွဲ မှာ မဲလာပေးသူ ဦးရေဟာ မဲဆန္ဒရှင် စုစုပေါင်းရဲ့ သုံးပုံတပုံသာရှိခဲ့တာပါ။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

တနိုင်ငံလုံးက လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၁၉ နေရာအတွက် ကျင်းပခဲ့တဲ့ ဧပြီ ၁ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်လို့ ဆိုပေမယ့် မဲလာပေးတဲ့ မဲဆန္ဒရှင် ဦးရေ နည်းလွန်းတာဟာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံရေးပါတီတွေနဲ့ အရပ် ဖက်အဖွဲ့တွေမှာ တာဝန်ရှိတယ်လို့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်တဲ့ ဒါနရှေ့ဆောင် (မြန်မာ) အဖွဲ့ က ဦးချမ်းငြိမ်းအောင်က ပြောပါတယ်။

“ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီ တံခါးပေါက်ပဲလေ ကျနော်တို့အမြဲတမ်းအော်နေကြတဲ့အထဲမှာ။ အဲဒီ ဒီမိုကရေစီ တံခါးပေါက်ခိုင်မာဖို့အတွက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်က ပွင့်လင်းမြင်သာရမယ်ပေါ့နော် ပြီးတော့ စီမံခန့်ခွဲမှုလည်းကောင်းမွန်ရမှာပေါ့နော် ၊ နံပတ်၁ သူက တာဝန်အရှိဆုံးပုဂဂိုလ်ပေါ့နော်၊ နံပတ်၂ ကတော့ ယှဉ်ပြိုင်မယ်နိုင်ငံရေးပါတီပေါ့ ၊ နိုင်ငံရေးပါတီအနေနဲ့ ကျနော်တို့ပြောပါတယ် ယှဉ်ပြိုင်မယ့် ရွေးကောက်ပွဲကာလ အကြိုကာလမှာ သူတို့ ယှဉ်ပြိုင်တာတွေ ကိစ္စမရှိဘူးဒါပေမယ့် ရွေးကောက်ပွဲပြီးတဲ့နောက် ကိုယ့်မဲဆန္ဒနယ်ပဲဖြစ်ဖြစ် ၊ ပါတီ ဧရိယာပဲဖြစ်ဖြစ် ဒီ ပြည်သူလူထုကို မဲအသိပေးတာတွေ လုပ်ပေးသင့်တယ်ပေါ့နော် ၊ ကိုယ့်ပါတီကို မဲထည့်ဖို့ထက် ဒါတွေကို ကျနော်တို့ တောင်းဆိုတယ်ပေါ့နော်။ နောက်တချက်က အရပ်ဖက်အဖွဲ့အစည်းတွေပေါ့နော်။ နံပတ်၁ ကတော့ ကော်မရှင်၊ နံပတ် ၂ ကတော့ ပါတီ၊ နံပတ် ၃ ကတော့ အရပ်ဖက်အဖွဲ့အစည်းတွေပေါ့နော်။”

၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် လစ်လပ် မဲဆန္ဒနယ်တွေ အတွက် မဲလာပေးမှု ၃၀% ကျော်ရှိပြီး ပြည်နယ်လွှတ်တော်တွေက လစ်လပ် မဲဆန္ဒနယ်တွေအတွက် မဲပေးမှု ရာနှုန်းကတော့ ၅၀% နီးပါး ရှိတာပါ။

ဒီကြားဖြတ်ရွေးကောက်ပွဲမှာ မဲလာပေးသူတွေထဲ လူငယ်တွေ အင်မတန်နည်းတာတွေ့ရပြီး အမျိုးသမီး မဲဆန္ဒရှင်တွေ များတာ ထူးထူးခြားခြားတွေ့ရတယ်လို့ ဦးငြိမ်းချမ်းအောင်က ဆိုပါတယ်။

“ဒီတခေါက်မဲလာပေးတဲ့အခါမှာ ထူးထူးခြားခြားက အမျိုးသမီးတွေအရမ်းများနေတယ် ကျနော်တို့တွေ စောင့်ကြည့်တဲ့အချိန်မှာ ၁၀ ယော်လာရင် အမျိုးသမီးက ၇ ယောက်လောက်ဖြစ်ပြီး အမျိုးသားက ၃ ယောက်လောက်ဖြစ်နေတယ်။ နောက်ပြီးတော့ လူလတ်ပိုင်းပေါ့နော် ၂၅ ကနေ ၅၀ အထိပေါ့နော် ၊ ၂၅ အထက်ပေါ့နော် အဲဒီလိုလူ လတ်ပိုင်းတွေကိုလည်း သိပ်မတွေ့ရဘူးပေါ့နော်။ ကျနော်တို့ ခေါင်းဆုံ ၊ အမ်း၊ ကျေးသီးတို့မှာ တွေ့ရမယ်လို့ မျှော်လင့်ခဲ့တယ်၊ မုံရွာ၊ ကော့မှူးမှာလည်း တွေ့မယ်လို့ မျှော်လင့်ခဲ့တယ်ပေါ့နော် တကယ့်နေရာကြီးတွေပေါ့ဗျာ ။ ဒါပေမယ့် အဲဒီလိုလူငယ်တွေ မတွေ့ရပဲနဲ့ အမျိုးသမီးတွေ၊ အမျိုးသမီးကြီးတွေ သူတို့လာတယ်၊ တွေ့ရတယ်ပေါ့နော်။”

ပြည်တွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေကျင်းပတဲ့ တနိုင်ငံလုံး မြို့နယ်၂၂မြို့နယ်က မဲရုံတွေမှာ လေ့လာစောင့်ကြည့်မှုတွေအရ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေနဲ့စာရင် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုတွေ နည်းတယ်လို့လဲ ဆိုကြပါတယ်။

ဧပြီ ၁ရက်နေ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့စီမံဆောင်ရွက်မှု တိုးတက်လာတာ တွေ့ရသလို အားနည်းချက်တချို့လည်း ရှိနေသေးတယ်လို့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်တဲ့ Peace and Justice Myanmar အဖွဲ့က မရွှေရည်ဝင်းက ပြောပါတယ်။

“ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအသီးသီးရဲ့ လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုတွေက လက်ရှိ ကြားဖြတ်ရွေးကောက်ပွဲမှာ တိုးတက်လာတယ်လို့ ပြောနိုင်တယ်ပေါ့နော် ၂၀၁၅ နဲ့စာရင်။ ဒါပေမယ့် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲ ကော်မရှင်နဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲ အဖွဲ့ခွဲ့တွေကြား လုပ်ငန်းဆောင်ရွက်မှုက တပြေးညီမဖြစ်ဘူး ချိတ်ဆက်မှုအားနည်းတာကို တွေ့ရတယ်။”

ပြီးဆုံးသွားတဲ့ ကြားဖြတ် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ ၂၄ခု က ကိုယ်စား လှယ်တွေနဲ့ တသီးပုဂ္ဂ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၉၄ ယောက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၉ နေရာ၊ ပြည်ခိုင်ဖြိုးပါတီက ၂နေရာ၊ ရှမ်းတိုင်း ရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ၆ နေရာ၊ ရခိုင်အမျိုးသားပါတီက ၁နေရာ၊ လူမျိုးပေါင်းစုံ ဒီမိုကရေစီ ပါတီ- ကယားပြည်နယ်က ၁ နေရာ အသီးသီး အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG