သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲရလဒ် NLD ပြန်သုံးသပ်မည်


ပြီးဆုံးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေထက် အနိုင်ရကိုယ်စားလှယ်အရေအတွက် အချိုးအစားနည်းခဲ့ပြီး ဒါဟာ NLD အပေါ် လူထုထောက်ခံမှု ကျဆင်းလာတာကြောင့်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။ ဒီအပေါ်မှာ NLD ပါတီကိုယ်တိုင်ဘက်က အမြင်နဲ့ နိုင်ငံရေးလေ့လာ သူတွေရဲ့ အမြင် သုံးသပ်ချက်တွေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က အခုလို စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၁၉နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၁၈နေရာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၉နေရာသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒီတကြိမ်အနိုင်ရတာဟာ ပြီးခဲ့ထက်ရွေးကောက်ပွဲတွေထက် ရာခိုင်နှုန်းအရ နည်းပါးသွားတာကြောင့် NLD ပါတီအပေါ် လူထုထောက်ခံမှုကျဆင်းလာတာလို့ သုံးသပ်တာတွေ ရှိနေတာပါ။

ဒီအပေါ်မှာ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညဏ်ဝင်းက အခုလိုတုံ့ပြန်ပါတယ်။

“နိုင်ငံရေးမှာ သာနေတဲ့အချိန်လည်းရှိမယ်၊ နောက်တခါ မသာတဲ့အခြေအနေ အခြေအနေမကောင်းတာတွေလည်းရှိမယ် ဒါကတော့ သဘော သဘောဝပဲခင်ဗျ။ အခုရွေးကောက်ပွဲကိုပြောရင် အသာရဖို့ ကြိုးစားပါတယ်၊ ကြိုးစားပေမယ့် ကြိုးစားသလောက်အကောင်အထည်ပေါ်ခဲ့ဘူး ကျနော်တို့ ဒီကိစ္စတွေကို သုံးသပ်ချက်တွေတောင်းနေပါတယ်။ ပါတီအနေနဲ့ သုံးသပ်ချက်ကိုတော့ ကျနော်အခုမပေးနိုင်ဘူး ကျနော်အားလုံးစုံမှ ပေးနိုင်မယ်။”

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းရဲ့ အမြင်ကတော့ -

“၂၀၁၅ မှာ တိုင်းရင်းသား ပြည်သူလူထုအများစုက အပြောင်းအလဲကို ရည်ရွယ်ပြီးတော့ ပြတ်ပြတ်သားသားမဲထည့်လိုက်တယ်။ ဒါပေမယ့် ရွေးကောက်ပွဲအလွန် ၁ နှစ်သက်တမ်းအတွင်းမှာပေါ့နော် မဲပေးလိုက်တဲ့ပြည်သူက အနည်းဆုံးမျှော်လင့်ထားတဲ့ မျှော်မှန်းချက်တွေကိုတောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၊ လွှတ်တော်တို့အနေနဲ့ ဒီဖော်ဆောင်နိုင်တဲ့အပိုင်းမှာ အားနည်းချက်တွေရှိနေတာက အဓိကအကြောင်းတခုလို့ ကျနော်က မြင်တယ်။”

နိုင်ငံရေး ကလောင်ရှင် ကိုဝကလည်း ဒီအချက်အပေါ် သဘောတူပြီး လူထုအနေနဲ့ အားမလိုအားမရဖြစ်မှုတွေက အကြောင်းအချက် တခုအဖြစ် သုံးသပ်ပါတယ်။ ဒါအပြင် မူဝါဒပိုင်းဆိုင်ရာအားနည်းချက်တွေလည်း ရှိနိုင်ကြောင်း နိုင်ငံရေးကလောင်ရှင် ကိုဝက ပြောပါတယ်။

“နောက်တကြောင်းက မူဝါဒပိုင်းဆိုင်ရာ အားနည်းချက်ပေါ့ဗျာ။ ဥပမာ ချောင်းဆုံတံတားလိုကိစ္စမျိုးပေါ့ ဒါက အစိုးရရဲ့ ရည်ရွယ်ချက်က ဘယ်လိုပဲရှိရှိ တိုင်းရင်းသားလူမျိုးစုတွေဘက်က အမြင်ကတော့ သူတို့ဘက်က အတွေးအမြင်၊ သူတို့ ခံစားချက် ကို ဂရုမစိုက်ဘူး၊ အလေးမယူဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်သွားတယ်လို့ ကျနော်ယူဆတယ်။”

ဒီအချက်အပေါ်မှာ ဒေါက်တာရန်မျိုးသိမ်းကလည်း အခုလို ဖြည့်စွက် ပြောဆိုထားပါတယ်။

“ဒေသခံတိုင်းရင်းသားတွေကိုလည်း တိုင်ပင်တာမရှိ၊ ဆွေးနွေးတာမရှိ ညှိနှိုင်းတာမရှိဘူး အမည်ပြောင်းလဲဖို့ ကြိုးစားတဲ့ ကိစ္စဟာ မွန်ပြည်နယ်တခုတည်း၊ မွန်တိုင်းရင်းသားတခုတည်းနဲ့ သက်ဆိုင်တဲ့ ကိစ္စလို့ ကျနော်ကတော့ မမြင်ပါဘူး။ ဒီကိစ္စဟာ အခြားတိုင်းရင်းသား လူမျိုးစုတွေအတွက်လည်း အချက်ပေးခေါင်းလောင်းသံလိုဖြစ်သွားပါတယ်။”

ကျန်ရှိနေတဲ့ အစိုးရသက်တမ်းကာလမှာ တိုင်းရင်းသားပါတီတွေနဲ့ ဆက်ဆံရေးကို အထူးအလေးထားဆောင်ရွက်ဖု့ိ လိုအပ်ကြောင်းလည်း ပြောပါတယ်။

လူထုမျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်မှုနဲ့ မူဝါဒပိုင်းဆိုင်ရာအားနည်းတာတွေကြောင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လူထုပါဝင်မှုကျဆင်းနေကြောင်းကို ဒေါက်တာရန်မျိုးသိမ်းရော၊ ကိုဝကပါ ထောက်ပြပါတယ်။

လူထုပါဝင်မှုလျော့ကျလာတဲ့အပေါ် အရေးတကြီးအဖြေရှာဖို့ လိုအပ်ကြောင်းလည်း နိုင်ငံရေးဆောင်းပါးရှင် ကိုဝက ပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်က ဒီမိုကရေစီ အုတ်မြစ်ခိုင်မာအောင် တည်ဆောက်နေတဲ့ကာလ အဲဒီအချိန်မှာ တနိုင်ငံလုံး ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ လူထု အစိုးရကနေပြီးတော့ တိုင်းပြည်ကို ဒီမိုကရေစီ နိုင်ငံဖြစ်အောင် အားကြိုးမန်တက် ကြိုးပမ်းနေတဲ့အချိန်မှာ လူထုက ရွေးကောက်ပွဲမှာ စိတ်ဝင်စားမှုနည်းတယ်၊ စိတ်ဝင်စားမှု ကျတယ်ဆိုတာက ကျနော်တို့ အရေးတကြီး လေ့လာသုံးသပ်အဖြေရှာသင့်တဲ့ ကိစ္စလို့ ကျနော်ယူဆပါတယ်။”

ဒီအချက်အပေါ်မှာ ဒေါက်တာရန်မျိုးသိမ်းကလည်း အခုလို သုံးသပ်ပြောဆိုပါတယ်။

“မဲလာပေးတဲ့ ရာခိုင်နှုန်းသိသိသာသာ လျော့ကျနေတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲအပေါ်မှာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုလျော့ကျနေတာလို့ အလေးအနက် မှတ်ယူပြီးတော့ ဒီကိစ္စကို အစိုးရကော လွှတ်တော်ရော အာဏာရပါတီအပါအဝင် အမြန်ဆုံး ပြုပြင်ပြောင်းလဲ ဖော်ဆောင်နိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ အဲလိုသုံးသပ်ပါတယ်။”

၂၀၁၇ကြားဖြတ်ရွေးကောက်ပွဲကို ကယား၊ ချင်း၊ ရခိုင်၊ ရှမ်း၊ မွန် ပြည်နယ်တွေနဲ့ စစ်ကိုင်း၊ ပဲခူး၊ ရန်ကုန်တိုင်းဒေသကြီးတွေက မဲဆန္ဒနယ် ၁၉နေရာမှာ ကျင်းပခဲ့ပြီး မဲဆန္ဒနယ်အများစုမှာ လာရောက် မဲပေးသူဟာ မဲပေးခွင့်ရှိသူရဲ့ ၅၀ရာခိုင်နှုန်းအောက်ထိ နိမ့်ကျခဲ့ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာဆိုရင် မဲပေးပိုင်ခွင့်ရှိသူရဲ့ ၁၂ရာခိုင်နှုန်းလောက်သာ လာရောက်မဲပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG