သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်တချို့ တိုင်းရင်းသားပါတီများ အရေးသာ


ဧပြီ ၁ ရက်နေ့ကကျင်းပတဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမည့်သူများ (ဓါတ်ပုံ MOI)
ဧပြီ ၁ ရက်နေ့ကကျင်းပတဲ့ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးမည့်သူများ (ဓါတ်ပုံ MOI)

ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးူကောက်ပွဲ ကနဦး ရလဒ်တွေအရ မွန်ပြည်နယ် ချောင်းဆုံမြို့ မဲဆန္ဒနယ်မှာ ပြည်ခိုင်ဖြိုးပါတီက ဦးအောင်ကြည်သိန်း၊ ရခိုင်ပြည်နယ် အမ်းမြို့ မဲဆန္ဒနယ် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီက ဒေါက်တာအေးမောင် တို့က အသီးသီး အသာစီး ရနေကြပါတယ်။

ရှမ်းပြည်နယ် ကျေးသီးနဲ့ မိုင်းနောက် မြို့နယ်တွေအတွက် လွှတ်တော်ကိုယ်စားလှယ် ၁ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာတို့အတွက် ပြုလုပ်တဲ့ ရွေးကောက်ပွဲတွေမှာ SNLD ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၃ နေရာစလုံးမှာ သိသိသာသာ အသာစီး ရနေတယ်လို့ SNLD ပါတီက လက်ရှိ လွှတ်တော်အမတ်တဦးက ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။ ကျိုင်းတုံမြို့ မဲဆန္ဒနယ်မှာတော့ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းက အသာစီး ရနေတယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဖြစ်မလာခင်က ကိုယ်စားပြု ခဲ့တဲ့ ကော့မှူးမြို့ မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ NLD ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ဆွေဝင်း အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ကျင်းပခဲ့တဲ့ မဲဆန္ဒနယ် ၅ နေရာစလုံးမှာ NLD ပါတီက အနိုင်ရကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မနေ့ညက ရန်ကုန်မြို့၊ ရွှေဂုံတိုင်မှာရှိတဲ့ ပါတီဌာနချုပ်မှာ ကြေညာခဲ့ပါတယ်။

ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာလည်း NLD ပါတီက အသာစီး ရနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

မနေ့က ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် အနိုင်ရသူတွေရဲ့ အမည်စာရင်းကို မူလက ဧပြီလ ၁ ရက်နေ့ ညပိုင်းမှာ ကြေညာမယ်လို့ ရွေးကောက်ပွဲ ကော်မရှင် က ကြေညာထားခဲ့ပေမယ့် ညဉ့်နက်တဲ့အထိ မဲတွေ ရေတွက်မှု မပြီးဆုံးသေးတဲ့အတွက် ဒီကနေ့ ဧပြီလ ၂ ရက်နေ့မှ ကြေညာနိုင်မယ့်အကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ေ ကာ်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက မနေ့ညက နေပြည်တော်မှာ ကြေညာခဲ့ပါတယ်။

“ ယခုအချိန်ထိ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများထံသို့ ပေးပို့ရမယ့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ ရရှိတဲ့ ဆန္ဒမဲစာရင်းပုံစံ ၁၉ တွေကို သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့ခွဲများက ပြုစုနေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။ သက်ဆိုင်ရာမြို့နယ် ကော်မရှင် အဖွဲ့ခွဲများက ပုံစံ ၁၉ များအတည်ပြု ပေးပို့ပြီးမှသာ ကျနော်တို့က လွှတ်တော်ကိုယ်စားလှယ် အမည်ကို တရားဝင်ကြေညာပေး နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကနေ့ည ၉ နာရီမှာ ကြေညာမယ်ဆိုတဲ့ ကိုယ်စားလှယ်လောင်းကို အတည်ပြု ကြေညာပေးဖို့ အခြေအနေ မပေးတာကို ကျနော်တို့ တောင်းပန်လိုပါတယ်။”

ရွေးကောက်ပွဲ ရလဒ်တွေကို ဒီကနေ့ မနက် ၉ နာရီမှာ ကြေညာမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲတွေကိုတော့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ချင်းပြည်နယ် ထန်တလန်၊ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်၊ ကျိုင်းတုံမြို့နယ်၊ ကျေးသီးမြို့နယ်၊ မှိုင်းရှူးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်၊ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ်၊ ကမာရွတ်မြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကမ်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်မြို့နယ်၊ လမ်းမတော် မြို့နယ်၊ အလုံမြို့နယ်၊ ကော့မှူးမြို့နယ်၊ လှိုင်သာယာမြို့နယ်တို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

အခု ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော် ၇ နေရာ၊ စုစုပေါင်း အမတ်နေရာ ၁၉ နေရာတို့အတွက် နိုင်ငံရေးပါတီပေါင်း ၂၄ ပါတီနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG