သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားမဲဆန္ဒနယ်မြေများ အကြိတ်အနယ်ယှဉ်ရဖွယ်ရှိ


snld election
snld election

မကြာခင် ရက်ပိုင်းအတွင်း ကျင်းပတော့မယ့် ၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က အမ်း မဲဆန္ဒနယ်နဲ့ ရှမ်းပြည်နယ်က မိုင်းရှူးနဲ့ ကျေးသီး မဲဆန္ဒနယ်တွေမှာ နိုင်ငံရေးပါတီတွေအကြား အကျိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေပါ တယ်။ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း အဲဒီဒေသတွေကို ပါတီရဲ့ လွှတ်တော်ကိုယ်စား လှယ်တွေလွှတ်ပြီး မဲဆွယ်စည်းရုံးရေးတွေမှာ အားဖြည့်ကူညီ လုပ်ဆောင်နေသလို တခြား နိုင်ငံရေးပါတီတွေအနေနဲ့လဲ မဲဆွယ် စည်းရုံးမှုတွေကို အင်တိုက်အားတိုက် လုပ်ဆောင်နေကြပါတယ်။ ဒီ အခြေအနေတွေနဲ့ ပတ်သက်လို့ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

တနိုင်ငံလုံးမှာ လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်နေတဲ့ လွှတ်တော်အသီးသီးအတွက် မဲဆန္ဒနယ် ၁၉ နေရာမှာ ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်နေ့ကျရင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတော့မှာပါ။ လာမယ့် ၃ ရက်အတွင်း ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ လူထုစိတ်ဝင်စားမှု နည်းတယ်လို့ ပြောကြပေမယ့် ရခိုင်ပြည်နယ်က အမ်း မဲဆန္ဒ နယ်နဲ့ ရှမ်းပြည်နယ်က မိုင်းရှူးနဲ့ ကျေးသီး မဲဆန္ဒနယ်တွေမှာတော့ အာဏာရပါတီနဲ့ ဒေသခံ တိုင်းရင်းသားပါတီတွေ အကြိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

လက်ရှိ အမ်း မဲဆန္ဒနယ်အတွင်း နိုင်ငံရေးပါတီအသီးသီးရဲ့ မဲဆွယ်စည်းရုံးရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင် အမျိုးသားပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အခုလို ပြောပြပါတယ်။

“USDP ကလည်း ၂၀၁၅ အထိ အစိုးရအာဏာကို ရရှိထားပြီးတော့ အမ်းမြို့နယ်မှာ နှစ်တော်တော်များများကို အခြေခံ ခိုင်ခိုင်နဲ့ စည်းရုံးနိုင်ခဲ့တဲ့ အခိုင်အမာ တည်ဆောက်နိုင်ခဲ့တဲ့ နယ်မြေတွေဖြစ်ပါတယ်။ နောက်တခုကလည်း NLD ပါတီဟာ အခုလက်ရှိ အစိုးရအာဏာကို ရရှိထားတဲ့ အင်အားတောင့်တင်းတဲ့ ပါတီတခုဖြစ်တယ်။ ကျနော်တို့ ရခိုင်အမျိုးသားပါတီကတော့ ရခိုင်ပြည်နယ်မှာ အများဆုံး ပြည်နယ်လွှတ်တော်နေရာတွေမှာ အများဆုံးအနိုင်ရထားတဲ့ ပါတီ ဖြစ်တဲ့အတွက် ဒီ ပါတီတွေကို ကြည့်လိုက်ရင် အင်အားနဲ့ဆိုအားဖြင့် တယောက်နဲ့ တယောက် တော်တော်လေးကို အပြိုင်အဆိုင်ဖြစ်နေတာကို တွေ့ရတဲ့အတွက် အကြိတ်အနယ် ဒီ အမ်းမြို့နယ်မှာ အနိုင်ရရှိရေးအတွက် တော်တော်လေးကို အားသွန်ခွန်စိုက် သူတို့ တဦးနဲ့ တဦး အပြိုင်အဆိုင် မဲဆွယ်စည်းရုံးယှဉ်ပြိုင်နေကြတာကို တွေ့ရပါတယ်ခင်ဗျာ။”

အမ်း မဲဆန္ဒနယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ထောင်စုကြံ့ ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့ကလဲ မဲဆွယ် စည်းရုံးမှုတွေ အင်တိုက်အားတိုက်လုပ်နေတာတွေ့ရတယ်လို့ ဦးထွန်းအောင်ကျော်က ပြောပြပါတယ်။

“USDP ကလည်း ဝန်းရံပြည်သူတွေကိုလည်း အသံချဲ့စက်တွေနဲ့ လှည့်ပြီး အင်အားပြပြီးတော့ စည်းရုံးတယ်။ NLD ပါတီဆိုရင်လည်း မကွေးတိုင်းက ဝန်ကြီးချုပ်တွေ လာပြီးတော့ သူတို့တိုင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဲဒီအဆင့်လူကြီးပိုင်းတွေလာပြီးတော့ မဲဆွယ်စည်းရုံးတာတွေကိုတွေ့ရတယ်။ အဲဒါကြောင့် ဒီ အမ်းမြို့နယ်ရဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ တော်တော်လေးကို ပြိုင်ဆိုင်မှု ပြင်းတယ်လို့ ပြောနိုင်ပါတယ်ခင်ဗျ။”

လုံခြုံရေးအရ စိုးရိမ်ချက်တွေကိုပြောထားတဲ့ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီးမြို့နယ်တို့မှာလဲ လက်ရှိ အာဏာရ NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်သွားရောက်ပြီး မဲဆွယ်စည်းရုံးမှုတွေ ကူညီလုပ်ဆောင်ပေးနေပါတယ်။

ရှမ်းပြည်နယ် မိုင်းရှူးမြို့နယ်ထဲက ကျေးရွာကြီး ၃ ခု မှာ လုံခြုံရေးအရ ရွေးကောက်ပွဲ မကျင်းပဖို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း နှစ်ဦးက ကန့်ကွက်ခဲ့တဲ့အပေါ် လုံခြုံရေး စိတ်ချရမယ့်နေရာတွေကို မဲရုံတွေပြောင်းရွှေ့ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပေးထားပါတယ်။

လတ်တလော မိုင်းရှူးမြို့နယ်ထဲ မဲဆွယ်စည်းရုံးမှု အနေအထားနဲ့ ပတ်သက်လို့ မဲဆွယ်စည်းရုံးရေး ကူညီ ဆောင်ရွက်နေ တဲ့ NLD ပါတီက ဦးလွင်ကိုလတ်က အခုလို ပြောပါတယ်။

“အမှန်အတိုင်းပြောရရင်တော့ ကျနော်တို့ စပြီးရောက်ခါစအခြေအနေတုန်းက ဆိုရင်တော့ စည်းရုံးရေး ခက်တာရယ် လမ်းပန်းဆက်သွယ်ရေးခက်တာရယ်၊ လုံခြုံရေးအရ ညှိနှိုင်းနေရတာရယ်၊ နောက်ပြီး ဘာသာစကားက တချို့ရွာတွေမှာ ရှမ်းစကားကလွဲပြီး ဘာမှ ပြောလို့မရတာရယ်၊ ဒီလိုအခက်အခဲတွေကြောင့်မို့လို့ ကျနော်တို့ဒီ အောင်နိုင်ရေးက ပြောရရင်တော့ ပါတီကြီးတွေကပေါ့နော် အောင်နိုင်အားက သိပ်ပြီးတော့ မရှိဘူးလို့ ထင်ရတယ်။ ကျနော်တို့ စတွေ့တဲ့အနေအထားက မိုင်းရှူးတခုလုံးက ရွေးကောက်ပွဲရှိတယ်လို့တောင် မထင်ရတဲ့အနေအထားမျိုးတွေ့ရတယ်။ အခုတော့ ဘယ်လိုပဲပြောပြော ကျနော်တို့တွေ ပါတီလှုပ်ရှားမှုတွေကြောင့် ပြည်သူလူထုကလည်း ရွေးကောက်ပွဲကို စိတ်ဝင်စားမှှု တဖြေးဖြေး မြင့်တက်လာပြီ။ အနေအထားအရပြောရရင်တော့ တိုးတက်မှုရှိတယ်။ ပါတီကြီးတွေ နိုင်ဖို့ဆိုတာကတော့ အရင်တုန်းကလိုမျိုး ပါတီ ၁ ခုပါပဲ အနိုင်ရဖို့ သေချာတယ်ဆိုတာမျိုးမဟုတ်ဘူး။ အခုအချိန်မှာတော့ ကျနော်တို့ ၅၀-၅၀ ဆွဲထားနိုင်ပြီပေါ့။”

မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ၁၉ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး NLD ပါတီက ၁၈ နေရာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ရန်ကုန်တိုင်းအတွင်းမှာတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်း စုကြည် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့ပြီးတဲ့နောက် လစ်လပ်နေတဲ့ ကော့မှူးမဲဆန္ဒနယ်၊ လူဦးရေထူထပ်တဲ့ လှိုင်သာယာမဲဆန္ဒနယ်နဲ့ ကမာရွတ်၊ လသာ၊ ကြည့်မြင်တိုင်၊ လှိုင်၊ လမ်းမတော်နဲ့ ဆိပ်ကမ်းမြို့နယ်တွေ ပါဝင်တဲ့ အမျိုးသားလွှတ်တော် အမှတ် ၆ မဲ ဆန္ဒနယ်တို့မှာ အကျိတ်အနယ် ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG