သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲအတွက် ပါတီတွေ အပြိုင်မဲဆွယ်


ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီ မဲဆွယ်နေပုံ
ကြားဖြတ်ရွေးကောက်ပွဲအတွက် NLD ပါတီ မဲဆွယ်နေပုံ

လာမယ့်ရှေ့သီတင်းပတ် ဧပြီလ ၁ရက်နေ့မှာ ကျင်းပမယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ ၂၀၁၅ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ နိုင်ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ NLD ပါတီကြီးနဲ့ အတိုက်အခံ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ အကြိတ်အနယ်မဲဆွယ်နေကြပြီဖြစ်ပါတယ်။ ဒါပေမဲ့လို့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲလောက်တော့ လူထုစိတ်ဝင်စားမှု နည်းတယ်လို့သုံးသပ်သလို တိုင်းရင်းသားနယ်မြေတွေက လစ်လပ်နေရာတွေအတွက်တော့ တိုင်းရင်းသားပါတီတွေဘက်က နိုင်ခြေရှိတယ်လို့ ရှု့မြင်ကြပါတယ်။ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

လာမယ့်၂၀၁၇ ခုနှစ်၊ ဧပြီလ ၁ ရက် စနေနေ့မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ဦးစီးပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေနဲ့အညီ လွှတ်တော် ကိုယ်စားလှယ်နေရာ လစ်လပ်ခဲ့တဲ့ မဲဆန္ဒနယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမှာဖြစ်ပါတယ်။ လုံခြုံရေး အကြောင်းပြချက်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် နဲ့ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပတာဖြစ်ပါတယ်။

သီတင်းတပတ်ပဲကြာတော့တဲ့အချိန်မှာတော့ အနိုင်ရပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဘက်က နာယကကြီးဦးတင်ဦးနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ကိုယ်တိုင် မဲဆွယ်စည်းရုံးနေသလို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဘက်ကလည်း ဗဟိုအလုပ်အမှုဆောင်တွေကိုယ်တိုင် အကြိတ်အနယ် မဲဆွယ်စည်းရုံးနေကြပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ NLD နိုင်ခြေရှိနိုင်ပေမဲ့လို့ စစ်ရေးပဋိပက္ခတွေဖြစ်လို့ လုံခြုံရေးစိုးရိမ်ရတဲ့ ရှမ်းပြည်နယ် မိုင်းရှုးနဲ့ ကျေးသီးမြို့နယ်လို နေရာတွေမှာတော့ တိုင်းရင်းသားပါတီတွေဘက်က အနိုင်ရနိုင်ခြေများတယ်လို့ ရှမ်းပြည်နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးဖြစ်တဲ့ ဦးရဲထွန်းကသုံးသပ်ပါတယ်။

“နိုင်ငံရေးအခြေအနေကတော့ မတူဘူးပေါ့ အခုဒီ တခေါက်ကြားဖြတ်ရွေးကောက်ပွဲက နေရာလည်း သိပ်မများဘူး။ ၁၉ နေရာလောက်ပဲရှိတယ်။ ကျနော့်ခန့်မှန်းချက်ကတော့ NLD ပဲ ဗမာလူမျိုးအများစုနေတဲ့နေရာတွေမှာတော့ သူပဲနိုင်လိမ့်မယ်လို့ထင်တယ်။ သို့သော်လည်း တိုင်းရင်းသားဒေသတွေမှာ ဥပမာ မွန်၊ ချောင်းဆုံတို့လိုနေရာမျိုး နောက်ရှမ်းပြည်လိုနေရာမျိုးတွေမှာတော့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ပိုပြီးတော့ အခြေအနေကောင်းတယ်လို့ အဲလို တွက်ဆလို့ရပါတယ်။ ကျားခေါင်းပါတီ (SNLD) ကိုသူတို့ ပိုပြီးတော့ စိတ်ဝင်စားတယ်။ ကျနော်တို့ ဒီ ကျားဖြူပါတီ (SNDP) တောင်မှ အဲဒီဘက်မှာ အစည်းအဝေးတွေလုပ်တဲ့အခါ သိပ်ပြီးတော့ လာတက်တာ သိပ်မတွေ့ဘူးပေါ့နော်။”

မြန်မာ့အရေးလေ့လာအကဲခတ်နေတဲ့ ဒေါက်တာရန်မျိုးသိမ်းကလည်း ပြည်နယ်တိုင်းအလိုက် လစ်လပ်နယ်မြေတွေမှာ ပါတီအသီးသီးက ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အနိုင်ရနိုင်ခြေတွေနဲ့ပတ်သက်လို့လည်း အခုလိုသုံးသပ်ပါတယ်။

“လက်ရှိအခြေအနေမှာ ပါတီကြီး ၂ ခုအနေနဲ့ အကြိတ်အနယ်ပေါ့လေ မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ် ဆိုပေမယ့်လို့ အကြိတ်အနယ်ရှိမယ့် မဲဆန္ဒနယ်ကတော့ ကျနော်တို့ ရှမ်းပြည်နယ် ထဲမှာရှိတဲ့ မဲဆန္ဒနယ်တွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကျားခေါင်းပါတီကြားမှာ ယှဉ်ပြိုင်မှုအကြိတ်အနယ်ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ နောက် ၁ နေရာပေါ့လေ ယှဉ်ပြိုင်မှုအားကောင်းနိုင်တာကတော့ ကျနော်တို့ရခိုင်ပြည်နယ် အမ်း မဲဆန္ဒနယ်ပဲဖြစ်ပါတယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အများဆုံးအနိုင်ရထားတဲ့ ရခိုင်အမျိုးသားပါတီရယ်၊ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရယ် ဒီ၃ ပါတီက အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်တခုလို့ သုံးသပ်နိုင်ပါတယ်။ နောက်စိတ်ဝင်စားစရာကောင်းတဲ့ မဲဆန္ဒနယ်တခုကတော့ မွန်ပြည်နယ် ချောင်းဆုံမဲဆန္ဒနယ်ပါပဲ။ လက်ရှိအခြေအနေမှာ ကျနော်တို့ ချောင်းဆုံမှာရှိတဲ့ တံတားနဲ့ပတ်သက်ပြီးတော့ လူထုအကြားမှာ စိတ်ဝင်စားမှုများနေတဲ့မဲဆန္ဒနယ်အဖြစ်လည်း တွေ့ရပါတယ်။တိုင်းရင်းသား နိုင်ငံရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြားမှာ အကြိတ်အနယ်ယှဉ်ပြိုင်ရမယ့် မဲဆန္ဒနယ်တခုဖြစ်လာနိုင်ပါတယ် ”

ဒါပေမဲ့လို့ NLD ပါတီအနေနဲ့ လွှတ်တော်နိုင်ငံရေးတွေကို ပြန်ပြီးဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တုန်းကလောက်တော့ ဒီ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအပေါ် ပြည်သူလူထုစိတ်ဝင်စားမှု နည်းနေတယ်လို့ ဦးရဲထွန်းက ရှု့မြင်ပါတယ်။

“ဒီကြားဖြတ် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူလူထု စိတ်ဝင်စားမှုကို ယေဘုယျ ပြောမယ်ဆိုရင်တော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလောက် စိတ်ဝင်စားမှုမရှိတာ တော့ သေချာတယ်လေ။ ဟိုတုန်းက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲဆိုတာက ၂၀၁၀ မှာ NLD မပါဝင်ပဲ ကျင်းပခဲ့ပြီးတော့ ၂၀၁၂ ကျတော့ ပါဝင်ခွင့်ရတဲ့အခါမှာ အားလုံးယှဉ်ပြိုင်နိုင်ခွင့်ရှိတဲ့ ပထမဦးဆုံး ရွေးကောက်ပွဲဖြစ်တော့ ပြည်သူလုထုက အများကြီးစိတ်ဝင်စားတယ်။ ဝိုင်းပြီးတော့လည်း မဲထည့်လိုက်တော့ NLD က လားရှိုး ၁ နေရာကလွဲလို့ အကုန်နိုင်တယ်ပေါ့နော်။ ဒီကြားဖြတ် ရွေးကောက်ပွဲက နေရာလည်း သိပ်မများဘူး ၁၉ နေရာလောက်ပဲရှိတယ် တကယ်လို့ အဲဒီနေရာတွေမှာ အခုလက်ရှိပါတီ NLD က နေရာအနည်းစုပဲ နိုင်တယ်ထားအုန်း ဒီလွှတ်တော်နိုင်ငံရေးမှာ အပြောင်းအလဲသိပ်ရှိမှာမဟုတ်ဘူး ရွေးကောက်ပွဲအပေါ်မှာ စိတ်ဝင်စားမှုက နည်းနေဦးမှာပဲ။”

အခုလက်ရှိမှာတော့ ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေအနေနဲ့ လာမယ့်သီတင်းပတ်အတွက် ရွေးကောက်ပွဲကျင်းပမယ့်နေရာတွေမှာ သွားရောက်တာဝန်ယူဆောင်ရွက်ကြဖို့ပြင်ဆင်နေကြတဲ့အကြောင်း လောက်ကိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးဦးကျော်မျိုးသက်က ပြောပါတယ်။

“ကျနော်တို့သွားရမှာက ဒီလကုန်ခါနီးမှ သွားရမှာဆိုတော့ အဲဒီဘက်မှာတော့ မဲစာရင်းတွေပေးတာတွေ တိကျအောင်လို့တော့ မဲပေးတဲ့နေရာတွေမှာ မသန်စွမ်းသူတွေပါ အဆင်ပြေအောင်လို့ပေါ့ဗျာ အကုန်လုံး ပြည်သူတိုင်း မဲပေးနိုင်အောင်လို့တော့ လုပ်ပေးထားပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တဲ့အချိန်တုန်းကတော့ တတိုင်းပြည်လုံးအတိုင်းအတာနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဆန္ဒမဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီး အစိုးရတရပ်ဖွဲ့စည်းနိုင်ခဲ့သလို ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်တွေမှာလည်း လွှတ်တော်ကိုယ်စားလှယ်နေရာတော်တော်များများ နေရာယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။

လာမယ့် ၂၀၁၇ခုနှစ် ဧပြီလ (၁)ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် (၉)နေရာကတော့စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ရခိုင်ပြည်နယ် အမ်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နောက် ရန်ကုန်တိုင်းတွင်းက လှိုင်သာယာမြို့နယ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒနယ်ဖြစ်ခဲ့တဲ့ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ကော့မှူး ရှမ်းပြည်နယ်တွင်းက ကျေးသီးမြို့နယ် နဲ့ မိုင်းရှူးမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တို့ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော် မဲဆန္ဒနယ်များ အကျုံးဝင်သော မြို့နယ်တွေကတော့ ချင်းပြည်နယ်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) ထန်တလန်၊ ပဲခူးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၄) ကျောက်တံခါး၊ ညောင်လေးပင်။ ရန်ကုန်တိုင်းဒေသကြီးအမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၆) ကမာရွတ်၊ ကြည့်မြင်တိုင်၊ ဆိပ်ကမ်း၊ လသာ၊ လှိုင်၊ လမ်းမတော်၊ အလုံလစ်လပ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ်များ အကျုံးဝင်သောမြို့နယ်တွေပါဝင်ပါတယ်။ နောက်တိုင်းရင်းဒေသတွေမှာတော့- နောက် ဖရူဆိုမြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် (၁) ဖရူဆို ၊ကျိုင်းတုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကျိုင်းတုံ၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ကျေးသီး၊ ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကျေးသီး၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) ညောင်ရွှေ၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) မိုင်းရှူး၊ မိုင်းရှူးမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) မိုင်းရှူး ဥက္ကဋ္ဌ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွေဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG