သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို NLD ပါတီ အရေးယူမည်


မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနဲ့ပတ်သက်လို့ တိုင်တန်းစာတွေအရ NLD ဗဟိုကနေ စုံစမ်းစစ်ဆေးရာမှာ အပြစ်ရှိကြောင်းတွေ့ရှိရပြီး၊ မွန်ဝန်ကြီးချုပ်ကို မကြာခင် အရေးယူဖို့ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ တိုင်ကြားခံထားရတဲ့ တနင်္သာရီတိုင်းဘက်က လွှတ်တော်အကြီးအကဲတဦးကိုလည်း ပါတီအနေနဲ့ အရေးယူဖို့ရှိမယ်လို့သိရပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးပါမယ်။

NLD အစိုးရတက်လာပြီး ၆ လလောက်အကြာမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးရဲ့ စွမ်းဆောင်မှုတွေနဲ့ပတ်သက်ပြီး ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀၁၆ ခုနှစ်အတွင်းမှာ NLD ပါတီဗဟိုကို တိုင်ကြားစာ ပေးပို့ခဲ့ပြီးနောက်၊ ပါတီဗဟိုက ဦးဉာဏ်ဝင်း၊ ဒေါက်တာမျိုးညွန့်နဲ့ ရှေ့နေဦးကျော်ဟိုးတို့ပါဝင်တဲ့ တိုင်ကြားမှုများအား လေ့လာသုံးသပ်ရေးကော်မတီကို ၂၀၁၆ နိုဝင်ဘာ ၂၈ ရက်နေ့က ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တိုင်းကြားသူတွေကိုရော အတိုင်ခံရသူတွေကိုပါ စစ်ဆေးကြားနာခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဆေးတွေ့ရှိချက်တွေကို မကြာသေးခင် နောက်ဆုံးကျင်းပခဲ့တဲ့ NLD ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ပြီး၊ ဗဟိုကလည်း သဘောတူတာကြောင့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို မကြာခင်မှာ ပါတီက အရေးယူမယ့်အကြောင်း NLD ပါတီအတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက VOA ကိုပြောပါတယ်။

“မွန်ပြည်နယ်က တယောက်ပါခင်ဗျ တနင်္သာရီက တယောက် ၊ဒီ ၂ ယောက်ကတော့ အပြစ်တွေ့ရှိတာကို ကျနော်တို့ရဲ့ Report ကို CEC ကလည်း သဘောတူတယ်။ အဲဒီတော့ ဘာဆက်လုပ်မလဲ ဘယ်လိုအပြစ်ပေးမလဲဆိုတာတော့ မထွက်သေးတာ ၁ ခုပါ။

မေး။ ။ မွန်ပြည်နယ် တယောက်က ဘယ်သူပါလဲဆရာ။

ဖြေ။ ။ မွန်ပြည်နယ်က တယောက်တည်းပဲ ဝန်ကြီးချုပ်လေ

မေး။ ။အရေးယူတယ်ဆိုရင် နောက်ထပ်ဘယ်လောက်ကာလလောက်မှာ ဒါအရေးယူဆောင်ရွက်မှာပါလဲ။

ဖြေ။ ။ကျနော်လည်း အဲဒီ ကိစ္စ အာဏာ မပိုင်ဘူးခင်ဗျ။ ကျနော်က ခန့်မှန်းခြေပဲ ပြောပါတယ်။ ၁ ပတ် ၁၀ ရက် ဒီလောက်အကြာကြီးမဟုတ်ဘူး ဒီလောက်ပဲ ပြောနိုင်တယ်။”

NLD ပါတီဗဟိုက အရေးယူမယ့် ကိစ္စအပေါ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။NLD ပါတီဗဟိုက အရေးယူမယ့်အထဲမှာ တနင်္သာရီ လွှတ်တော်ဥက္ကဌ (သို့) ဒုဥက္ကဌတဦး ပါဝင်ပြီး ဘယ်သူဆိုတာကို ပါတီက အတိအကျ ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပါဘူး။

မွန်ပြည်နယ်ဝန်ကြီးချုပ်ကို အရေးယူမယ့်ကိစ္စအပေါ် မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တဲ့ မွန်အမျိုးသားပါတီက ဒေါက်တာ မင်းစိုးလင်းကတော့ အခုလို မှတ်ချက်ပေးပါတယ်။

"သူ့ရဲ့ performance ပေါ့နော်၊ ဟို ability ပေါ့ လုပ်နိုင် ကိုင်နိုင်တဲ့စွမ်းရည် နည်းပါးတယ်ဆိုပြီး ကျနော် အဲလိုကြားရပါတယ်။ ဟိုပြောင်းလဲချိန် တန်ပြီဆိုတဲ့ ကြွေးကြော်သံနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ မွန်ပြည်နယ်မှာ ဘာမှ ပြောင်းလဲပေးနိုင်တဲ့ အနေအထားတွေ မရှိခဲ့ပါဘူး။ အဲဒီအတွက်ကြောင့်လဲ သူတို့ပါတီအတွင်းမှာ ဖြစ်နေတဲ့ ကိစ္စတခုပါ။"

ဒီကိစ္စ မွန်ပြည်နယ်လွှတ်တော်ထဲက NLD ပါတီကိုယ်စားလှယ်တချို့ကို ဆက်သွယ်မေးမြန်းရာမှာတော့ အများစုက မှတ်ချက်ပေးဖို့ ငြင်းဆန် ကြပါတယ်။ ဦးမင်းမင်းဦးဟာ မွန်ပြည်နယ်ဝန်ကြီးချုပ်တာဝန်အပြင် ပြည်နယ်ရဲ့ စည်ပင်သာယာဝန်ကြီး၊ ဆောက်လုပ်ရေးဝန်ကြီးအဖြစ်ပါ တာဝန်ယူထားသူဖြစ်ပြီး ခွင့်ရက်ရှည်ယူတာ၊ ပြည်နယ်ဆိုင်ရာ ကော်မတီဖွဲ့စည်းရာမှာ စစ်အစိုးရနဲ့ အရင်အစိုးရလက်ထက်က စီးပွားရေး သမားတွေကို ထည့်သွင်းခဲ့ဖူးတာ၊ အရင်က ခရိုနီလုပ်ငန်းရှင်တွေနဲ့ မကြာခနတွေ့ဆုံတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်ကြားမှုတွေရှိကြောင်း မွန်ပြည်နယ်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

တနင်္သာရီတိုင်း လွှတ်တော်ဥက္ကဌ ဦးခင်မောင်အေးနဲ့ ဒုဥက္ကဌ ဦးကြည်စိုးတို့ကိုလည်း ဒေသတွင်း အဆောက်အအုံဆောက်လုပ်ခွင့် တင်ဒါ ချပေးရာမှာ ပွင်းလင်းမြင်သာမှုမရှိပဲ နီးစပ်ရာနဲ့ ဆွေမျိုးတချို့ကို လုပ်ခွင့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

NLD ပါတီအနေနဲ့ NLD အစိုးရ အဖွဲ့ဝင် တဦးဖြစ်တဲ့ စိုက်ပျိုး မွေးမြူရေးနဲ့ ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာထွန်းဝင်းကို ၂၀၁၆ နှစ်ကုန်ပိုင်းမှာ ရာထူးက ဖယ်ရှားခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG