သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ခေါင်းဆောင်တချို့ ပါတီတွင်း အစစ်ဆေးခံရ 


 NLD အဖွဲ့ချုပ် ပထမဗဟိုကော်မတီ၊ ဆဌမအကြိမ်အစည်းအဝေး ( ၂ ) ကျင်းပစဉ် (National League for Democracy) နိုဝင်ဘာလ ၂၀၁၆
NLD အဖွဲ့ချုပ် ပထမဗဟိုကော်မတီ၊ ဆဌမအကြိမ်အစည်းအဝေး ( ၂ ) ကျင်းပစဉ် (National League for Democracy) နိုဝင်ဘာလ ၂၀၁၆

အာဏာရ NLD ပါတီဝင်တွေဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ်တဦးအပါအဝင် တိုင်းဒေသကြီးလွှတ်တော်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကို သူတို့ရဲ့စွမ်းဆောင်ရည်အားနည်းချက်တွေနဲ့ ပတ်သက်ပြီး တိုင်ကြားမှုတွေကြောင့် မနေ့ တနင်္ဂနွေနေ့က ရန်ကုန် NLD ဌာနချုပ်မှာ ပါတီတာဝန်ရှိသူတွေဘက်က ခေါ်ယူမေးမြန်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

အလားတူ အမျိုးသားလွှတ်တော်က NLD အမတ်နှစ်ဦးကိုလည်း စည်းကမ်းပိုင်းဆိုင်ရာ ချိုးဖောက်မှုတွေ တွေ့ရတယ်ဆိုပြီး ပေးအပ်ထားတဲ့ လွှတ်တော်ကော်မတီ ဥက္ကဌ ရာထူးအသီးသီးကနေ ဖယ်ရှားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကိုဆက်ပြီး ပြောပြမှာပါ။

တနင်္သာရီတိုင်းလွှတ်တော် ဥက္ကဌနဲ့ ဒုဥက္ကဌတို့ကို NLD ပါတီက ခေါ်ယူစစ်ဆေးရတဲ့ အဓိက အကြောင်းအရင်းကတော့ တိုင်းလွှတ်တော်အဆောက်အအုံနဲ့ ဆက်စပ်တဲ့ အဆောက်အဦး တွေဆောက်လုပ်ခွင့် တင်ဒါကို ဆွေးမျိုးနီးစပ်သူတွေကိုပဲ ထုတ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တိုင်းရဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၁၉ ဦးက လက်မှတ်ရေးထိုးပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပြည်ထောင်စုလွှတ်တော် ဥက္ကဌတွေ နဲ့ NLD ပါတီခေါင်းဆောင်တွေကို တိုင်ကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

စွပ်စွဲခံရတဲ့ တနင်္သာရီတိုင်းလွှတ်တော် ဒုဥက္ကဌ ဦးကြည်စိုးကတော့ သူတို့ဘက်က လုပ်ထုံးလုပ် နည်းတွေနဲ့ အညီ ဆောင်ရွက်ခဲ့တာသာဖြစ်ကြောင်း စစ်ဆေးမေးမြန်းခံရအပြီးမှာ သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

“ဒေသထဲက ကုမ္ပဏီများဖြစ်ရမည်ဆိုတာမှာ မူတည်ပြီးတော့ ကျနော်တို့ တင်ဒါကို ခေါ်ရတဲ့အခါကျတော့ ဒီဒေသထဲမှာရှိနေတဲ့လူတွေရဲ့ သူငယ်ချင်းဖြစ်မယ်၊ ဆွေမျိုးဖြစ်မယ် ဆွေမျိုးတွေရဲ့ မကင်းရာမကင်းကြောင်းတွေရဲ့ ပါမှုကြောင့်ပေါ့ခင်ဗျ။ ဒါပေမယ့် ကျနော်တို့ အမေးအမြန်းခံမှာပါ။ ကိုယ့်တဦးတယောက်ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရဘူးဆိုတာလည်း သိမှာပါ။”

ဒါအပြင် အရင်တင်ဒါချပေးထားတွေကို ပြန်ရုပ်သိမ်းလိုက်ပြီး တင်ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့အညီ အများလက်ခံတဲ့ပုံစံမျိုးဖြစ်အောင် ပြန်ပြီး စီစဉ်နေကြောင်း ဦးကြည်စိုးကပြောပါတယ်။

တနင်္ဂနွေနေ့က ပါတီဌာနချုပ်မှာ ခေါ်ယူမေးမြန်းခံရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး အပေါ် စွပ်စွဲ တိုင်ကြားချက်တွေနဲ့ပတ်သက်လို့ အသေးစိတ်မသိရသေးပေမဲ့ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုမှာရော၊ ပြည်နယ်တွင်း လူမှုအဖွဲ့အစည်းတွေအတွက် ဆောင်ရွက်ချက်တွေမှာပါ အားနည်းချက်တွေရှိတယ်လို့ မွန်ပြည်နယ်လွှတ်တော်အသိုင်းအဝိုင်းက ပြောပါတယ်။

အခုလို စွပ်စွဲတိုင်ကြားခံရတဲ့ ပြသနာတွေကိုကြည့်ရင် ပြည်နယ်ဝန်ကြီးချုပ်နဲ့ လွှတ်တော်ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ လုပ်နည်းလုပ်ဟန်တွေမှာ လိုအပ်ချက်တွေရှိနေတယ်လို့ မြင်ကြောင်း အမေရိကန်ပြည်ထောင်စုကို ခေတ္တခဏရောက်ရှိလာတဲ့ ကရင်ပြည်နယ် NLD ပြည်သူ့လွှတ်တော်အမတ် ဦးစောတင်ဝင်းက ပြောပါတယ်။

“ပြည်နယ်မှာ လုပ်နည်းကိုင်နည်းအနေနဲ့ နည်းနည်းလိုအပ်ချက်ရှိတယ်လို့ ကျနော်မြင်တယ်၊ အတွေ့အကြုံနည်းတာလည်းပါမှာပေါ့လေ၊ ဝန်ကြီးချုပ်တွေအနေနဲ့ အဲဒါ သူတို့လုပ်ရက်က တခါတလေ သူတို့အဖွဲ့အချင်းချင်းတောင်လက်မခံတဲ့ အခြေအနေဖြစ်နေတော့ ကျနော်တို့အနေနဲ့ ပါတီကနေ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့တွေ ဖွဲ့ပြီးတော့ ခုနလို သူတို့ဖြစ်ပျက်ခဲ့တာကို ဝင်ပြီးစစ်ဆေးဖို့ ရှိပါတယ်။ အဲဒီအခါကျရင်တော့ ပေါ်လာပါလိမ့်မယ်။”

အလားတူ အမျိုးသားလွှတ်တော်အမတ်တွေဖြစ်တဲ့ ဦးဇုန်လှယ်ထန်းနဲ့ ဒေါက်တာခွန်ဝင်းသောင်းတို့နှစ်ဦးကို သူတို့တာဝန်ယူထားတဲ့ လွှတ်တော်ကော်မတီ ဥက္ကဌရာထူးအသီးသီးကနေ ဖယ်ရှားခဲ့တာဟာ စည်းကမ်းပိုင်းဆိုင်ရာချိုးဖောက်မှုတွေကြောင့် ဖြစ်တယ်လို့ စနေနေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ NLD ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးမှာ ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေကို သူတို့နှစ်ဦးချိုးဖောက်ခဲ့သလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခင်းအကျင်းဟာ အခြားနိုင်ငံတွေနဲ့မတူပဲ စစ်အုပ်ချုပ်မှုအောက် နှစ်ပေါင်း (၅၀)ကျော်နေခဲ့ရတာမို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တက်လာတဲ့ အရပ်သားအစိုးရသစ်အနေနဲ့ အခက်အခဲတွေ အမျိုးမျိုးရှိနိုင်သလို အခုလို အရေးယူမှုတွေ စိတ်လာတာနဲ့ပတ်သက်ပြီး စိတ်ဝင်စားဖို့ကောင်းတယ်လို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရခဲ့တဲ့ NLD အမတ်ဟောင်း ဒေါက်တာတင့်ဆွေက အခုလိုမြင်ပါတယ်။

“ဘာကြောင့်လဲဆိုတော့ NLD ပါတီကြီးဟာ စဖွဲ့ကတည်းကကို ကျနော်တို့ ၈၈ အရေးအခင်းကြီးကနေပြီးတော့ လူအားလုံးပါပြီးဖွဲ့ခဲ့ကြတာ၊ ကျနော်တို့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်တဲ့အခါမှာ အစိုးရထဲနဲ့ လွှတ်တော်ထဲနဲ့ နေရာတွေမှာ လူတွေရွေးပြီးတော့ ပေးတာ ။ ပေးတဲ့အခါမှာလည်း ရှိပြီးသားပုဂ္ဂိုလ် တွေထဲက အကောင်းဆုံးလို့ ထင်တဲ့ဟာကို ရွေးခဲ့ကြတာပေါ့။ ဘယ်အရာမဆို ကျနော်တို့ အထင်နဲ့ လက်တွေ့ကတော့ တခါတခါ မတူဘူးပေါ့နော်။ အနာဂတ်အတွက်ကတော့ ကျနော်ကတော့ ကောင်းတယ်လို့မြင်ပါတယ်၊ လုပ်စရာ ရှိတာလုပ်ရမယ်၊ NLD ဟာအလုပ် လုပ်သရွေ့လုပ်တယ်၊ စောင့်ကြည့်ပြီးတော့ အရေးယူရမယ့် တာဝန်ရှိမူကိုလည်းသိတဲ့ ပါတီ ၁ ရပ်အနေနဲ့ လုပ်တယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ချင်းပြည်နယ် NLD လွှတ်တော်အမတ် ဦးဇုန်လှယ်ထန်းဟာ အရင်က နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး ကချင်ပြည်နယ် NLD လွှတ်တော်အမတ် ဒေါက်တာခွန်ဝင်းသောင်းကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဌအဖြစ် ပေးအပ်ခံခဲ့ရသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ အကုန်ပိုင်းလောက်ကလည်း NLD ပါတီ ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးဦးဖြစ်တဲ့ ဦးစိန်ဝင်း၊ ဒေါက်တာစိုးမိုးသူနဲ့ ဦးဉာဏ်လင်းတို့ကို ပါတီစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေကြောင့် ပါတီတာဝန်အသီးသီးကနေရုပ်သိမ်းလိုက်သလို လွှတ်တော်ကော်မတီအဖွဲ့ဝင်တွေအဖြစ်ကနေ ပယ်ဖျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG