သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mora မုန်တိုင်းဒဏ် ရခိုင်နဲ့ ဘင်္ဂလားဒေ့ရှ် ခံရ


မိုရာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် စစ်တွေမြို့မှာ ရှင်းလင်း။ ဓာတ်ပုံ - ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး Facebook။
မိုရာ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် စစ်တွေမြို့မှာ ရှင်းလင်း။ ဓာတ်ပုံ - ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး Facebook။

မုန်တိုင်းကြောင့် အသေအပျောက်ရှိတယ်လို့ ခုချိန်ထိ မကြားရသေးပေမဲ့ စစ်တွေမြို့အပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းစတဲ့ မြို့တွေမှာလည်း အိမ်ခေါင်မိုးတွေလန်ထွက်၊ တဲအိမ်တွေပြိုကျပျက်စီး၊ သစ်ပင်တွေကျိုးကျခဲ့ပါတယ်။

မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း အနီးကနေ ရွေ့လျား တိုက်ခတ်ခဲ့တဲ့ Mora ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မြို့တချို့မှာ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ မုန်တိုင်းကြောင့် အသေအပျောက်ရှိတယ်လို့ ခုချိန်ထိ မကြားရသေးပေမဲ့ စစ်တွေမြို့အပြင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ပုဏ္ဏားကျွန်းစတဲ့ မြို့တွေမှာလည်း အိမ်ခေါင်မိုးတွေလန်ထွက်၊ တဲအိမ်တွေပြိုကျပျက်စီး၊ သစ်ပင်တွေကျိုးကျခဲ့ပါတယ်။

ဘင်္ဂလားဒေရှ့်နိုင်ငံဖက်မှာတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိတဲ့ Cox’s Bazar ခရိုင်မှာ တော်တော်လေး ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် ဒုက္ခသည်တွေ အတွက် အကူအညီ အလွန်အမင်း လိုအပ်နေတယ်လို့ ကုလသမဂ္ဂက ပြောကြား ခဲ့ပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့ဖက် ကမ်းခြေကို စစ်တကောင်းမြို့ရဲ့ မြောက်ဖက်ကနေ ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ Mora ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ မြို့တချို့မှာ ထိခိုက် ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ တနင်္လာနေ့ ညပိုင်းကစလို့ အင်္ဂါနေ့ မနက်ပိုင်း အထိ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် စစ်တွေမြို့မှာ အပျက်အစီးတွေ ရှိခဲ့တာကို မြို့ဖွံ့ဖြိုးတိုးတက်ရေး ပရဟိတ လုပ်နေသူ တယောက်ဖြစ်တဲ့ ကိုဇော်ဇော်ထွန်းက ခုလိုပြောပြပါတယ်။

“ တနလာၤနေ့ည ၉ နာရီခွဲ အချိန်က နေပြီးတော့မှ အင်္ဂါနေ့ မနက် ၉ နာရီလောက်ပေါ့နော်။ တညလုံး တိုက်တယ် ခင်ဗျ။ ထူးခြားချက် တခုက ဒီတခါ မုန်တိုင်းက နည်းနည်းပါးပါး အရှိန်လျော့လိုက် ပြီးတော့မှ တခါ အရှိန်ယူပြီးမှ ဝုန်းဒိုင်း လာဆောင့်လိုက်။ အဲဒီလို တိုက်တာပေါ့နော်။ လေပြင်းအားနဲ့ တိုက်ရိုက်ထိတွေ့တဲ့ နေရာတွေ ပေါ့နော် အဲလိုနေရာတွေမှာ ဆိုလို့ ရှိရင်တော့ ဒီ အခိုင်အမာ ဆောက်ထားတဲ့ အဆောက်အအုံတွေ တောင်မှ အမိုးတွေ လန်တာ ရှိတယ် ခင်ဗျ။ စာသင်ကျောင်းတွေ နောက်ပြီးတော့မှ အစိုးရရုံး အဆောက်အအုံတွေ အဲလိုပြောတာပါ ခင်ဗျ။ မြို့ ဆင်ခြေဖုံးဘက်ကနေမှ လေ အကွယ် မရှိတဲ့ နေရာမှာတော့ တဲအိမ်တွေ တော်တော် ပျက်စီးသွားကြတယ် ခင်ဗျ။ ”

မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် ထဲမှာလည်း ဘုန်းတော်ကြီးကျောင်း ၅ ကျောင်း၊ ဌာနဆိုင်ရာ အဆောက်အဦး ၄ လုံး၊ စာသင်ကျောင်းဆောင် ၅ ဆောင်နဲ့ လူနေအိမ်အလုံး ၂၀ ပျက်ဆီးခဲ့သလို တိရစ္ဆာန်တွေ သေဆုံးခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။ ခုလို ရခိုင်ပြည်နယ် ထဲက တခြားမြို့တွေရဲ့အပျက်အစီး တွေကိုလည်း စစ်တွေမြို့ခံ ကိုဇော်ဇော်ထွန်းက ခုလို ပြောပြပါတယ်။

“ မင်းပြား၊ နောက်ပြီးတော့ မြေပုံ ၊ ပေါက်တော၊ ရသေ့တောင် ပေါ့နော် အဲဒီမှာမှ များများစားစား ကြားမိတာကတော့ ရသေ့တောင်မှာ ပိုပြီးတော့ များတယ် ကြားတယ် ခင်ဗျ။ ဘူးသီးတောင်၊ မောင်တောလည်း ထိခိုက်မှုတွေ ရှိခဲ့တယ်ပေါ့နော်။ ထိခိုက်မှုဆိုတာ အဆောက်အအုံ ပျက်စီးတာ ပြောတာပါ။ ဒါပေမယ့် တခု ရှိတာက ပေါက်တောတို့ ရသေ့တောင်တို့ ဘက်မှာကျတော့ မုန်တိုင်းဝင်ပြီး နောက်မှာ ဖုန်းလိုင်းတွေ ပျက်တဲ့ အခါကျတော့ တချို့ သတင်းအချက်အလက်တွေ မရရှိတာလည်း ရှိတယ်။ ဒါကြောင့်လည်းဘဲ ဖြစ်မယ်ပေါ့နော်။ ”

မုန်တိုင်းကြောင့် ပျက်စီး ဆုံးရုံးမှုတွေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒီကနေ့ စစ်တွေမြို့ကို သွားရောက်မယ်လို့ သိရပါတယ်။ လောလောဆယ် စစ်တွေမြို့မှာ လုပ်နေတဲ့ ကယ်ဆယ်ရေး အခြေအနေကရော ဘယ်လိုရှိပါသလဲ။

“ လောလောဆယ်မှာတော့ ဒီ အစိုးရ အဖွဲ့အစည်းတွေနဲ့ ကြက်ခြေနီ ကတော့ ရှင်းလင်းမှု လုပ်တာတွေ၊ အပျက်အစီး စာရင်းတွေ ကောက်တာတွေ ဒါမျိုးတွေတော့ လုပ်တာ ကြားတယ် ခင်ဗျ။ ”

မေး။ ။ အိမ်ခေါင်မိုးတွေ လန်သွားတယ်၊ တဲအိမ်တွေ ပြိုသွားတယ် ဆိုတော့ အဲဒီ ဒုက္ခသည်တွေ လောလောဆယ် ဘယ်မှာ နေလဲရှင့်။

ဖြေ။ ။ များသောအားဖြင့်တော့ နီးစပ်ရာ မိသားစုတွေ အိမ်နီးနားချင်းတွေ အိမ်တွေမှာဘဲ ခိုလှုံနေကြတယ် ခင်ဗျ။ မုန်တိုင်းက တညလုံးပေါ့နော် မနက် ၉ နာရီလောက်ကို တိုက်ခတ်ပြီးတော့မှ နောက်ပိုင်းမှာ မိုးကလည်း နည်းနည်း ပါးသွားတယ်။ လေတိုက်နှုန်းကလည်း ကျသွားတယ် ဆိုတော့ စောစောက ပြောသလိုဘဲ နီးရာ မိသားစုတွေ ဆီမှာဘဲ ခိုနေကြတယ် ခင်ဗျ။

ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ မြောက်- အရှေ့မြောက်ဘက်ကို ဆက်ရွေ့လျားသွားနေတဲ့ မိုရာဟာ ကုန်းတွင်း မုန်တိုင်းငယ် အဖြစ် တဖြည်းဖြည်း အားလျော့ သွားလိမ့်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းချက် ထုတ်ပြန် ထားပါတယ်။ မိုရာမုန်တိုင်း အကြွင်းအကျန် အဖြစ် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း တို့မှာ လေတိုက်ခတ်မှုနဲ့ နေရာအနှံ့ မိုးရွာသွန်းမှုတွေ ဆက်ရှိနိုင်တယ်လို့ မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်း ထားပါတယ်။

မေလ ၃၀ အင်္ဂါနေ့ ကတော့ မန္တလေးတိုင်း ညောင်ဦး ခရိုင် ညောင်ဦးမြို့နယ် ထဲမှာ မုန်တိုင်း အရှိန်ကြောင့် အာနန္ဒာဘုရား တောင်ဘက်မုဒ် အနီး အနော်ရထာ လမ်းမပေါ်ကို အချင်း ၃ ပေပတ်လည်ခန့်၊ အမြင့် ၂၅ ပေခန့်ရှိ သက်တမ်းရင့် ကုက္ကိုပင်ကြီးတစ်ပင် လဲကျခဲ့တယ်လို့ အစိုးရက သတင်း ထုတ်ပြန် ထားပါတယ်။ ချင်းပြည်နယ် ဟားခါး ဖက်မှာတော့ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြေပြိုကျမှုတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မိုရာမုန်တိုင်း ဒဏ်ကြောင့် မြန်မာနိုင်ငံထဲမှာ လူအသေအပျောက် ရှိတယ်လို့ လောလောဆယ် မကြားရသေးပေမဲ့ အိမ်နီးချင်း ဘင်္ဂလားဒေရှ့်နိုင်ငံ ဖက်မှာတော့ ၆ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ သတင်းတွေ ဖော်ပြနေကြပါတယ်။ မုန်တိုင်း ဝင်မလာခင် ဘင်္ဂလားဒေရှ့်နိုင်ငံ အရှေ့ဖက် ကမ်းရိုးတန်း ဒေသမှာ နေထိုင်သူ သိန်းနဲ့ချီကို တာဝန်ရှိသူတွေက ဘေးကင်းရာ ပြောင်းရွှေ့ ပေးခဲ့ပါတယ်။

မိုရာ ဆိုင်ကလုန်း ဘင်္ဂလားဒေ့ရှ့်ကို ဝင်ရောက်
မိုရာ ဆိုင်ကလုန်း ဘင်္ဂလားဒေ့ရှ့်ကို ဝင်ရောက်

ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေ ရှိတဲ့ Cox’s Bazar ခရိုင်ဖက်ကို မုန်တိုင်းဝင်ခဲ့တဲ့ အတွက် ဒုက္ခသည်စခန်း ၂ ခုက ယာယီတဲအိမ် ၁ သောင်းလောက် ပျက်စီးသွားတယ်လို့ Reuters သတင်းထဲမှာ ဖော်ပြထားပါတယ်။ မုန်တိုင်းဒဏ် ခံရတဲ့ ဒုက္ခသည်တွေ အရေးအတွက် စိုးရိမ်တယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ (IFRC) တာဝန်ရှိသူ Matthew Cochrane က Switzerland နိုင်ငံ Geneva မြို့ သတင်းစာ ရှင်းပွဲမှာ ခုလို ပြောကြားခဲ့ပါတယ်။

“ မုန်တိုင်းဒဏ် ဘယ်လောက် ခံခဲ့ရတယ်ဆိုတာ မသိရသေးပေမဲ့ ဒုက္ခရောက်နိုင်တဲ့ အခြေအနေ အတိုင်းအတာကြောင့် IFRC က သိပ်ကို စိတ်ပူပါတယ်။ သူတို့ ခိုလှုံနေတဲ့ နေရာတွေ အားလုံး ပျက်ဆီးသွားတယ် ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတချို့ ရပါတယ်။ ဒုက္ခသည် စခန်းတွေ ပတ်လည်မှာ နေထိုင်ကြသူတွေက အတော်လေး ဆိုးဝါးတဲ့ အခြေအနေ ကြုံတဲ့ ဒုက္ခသည်တချို့ ဘေးလွတ်အောင် ကူညီပေးခဲ့ကြပါတယ်။

ထိခိုက်ပျက်စီးမှု အတိုင်းအတာ ဘယ်လောက် ရှိသလဲဆိုတာ သုံးသပ်ဖို့ အဖွဲ့တခု သွားနေပါပြီ။ ရောက်ကောင်းလဲ ရောက်နေလောက်ပါပြီ။ ဒါပေမဲ့ ဆက်သွယ်ရေး ခက်ခဲနေလို့ မသိရသေးပါဘူး။ မြန်မာဖက်က ထွက်ပြေး ခဲ့ကြရသူတွေ အနေနဲ့ သူတို့ ဘာသာ ရပ်တည်နိုင်ဖို့ အခြေအနေ မရှိသလောက် ဖြစ်ပါတယ်။ လခြမ်းနီအဖွဲ့၊ UNHCR နဲ့ ဒေသခံ အဖွဲ့တွေက အတတ်နိုင်ဆုံး ကူညီ ထောက်ပံံ့မှုတွေ လုပ်ပေးနေပေမဲ့ အခုအချိန်မှာတော့ ဘယ်တုန်းကမှနဲ့ မတူတဲ့ အကူအညီတွေ လိုအပ်နေပါတယ်။”

သီရိလင်္ကာ နိုင်ငံမှာတော့ မိုရာဆိုင်ကလုန်း မုန်တိုင်းကြောင်း သေဆုံးသူ ၁၈၀ လောက်ရှိတယ်လို့ အစိုးရကပြောပါတယ်။ ဘင်္ဂလားဒေရှ့်ကို တိုက်ခတ်ခဲ့ပြီး အရှေ့မြောက်ဖက်ကို ဆက်ရွေ့သွားတဲ့ မိုရာမုန်တိုင်းဟာ အားလျော့သွားတဲ့ အတွက် အိန္ဒိယ အရှေ့မြောက်ပိုင်းမှာ သိပ်ထိခိုက်မှု ရှိနိုင်မှာ မဟုတ်ဘူးလို့ အာသံပြည်နယ်က သဘာဝဘေးဒဏ် စီမံခန့်ခွဲရေး တာဝန်ရှိသူက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG