သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကယ်ဒမီ ရင်ခုန်သံ


အကယ်ဒမီဆုပေးပွဲ ပထမဆုံးကျင်းပခွင့်ရသည့် ပြည်သူ့ ရင်ပြင် (၁၈ ရက် မတ်လ ၂၀၁၇)
အကယ်ဒမီဆုပေးပွဲ ပထမဆုံးကျင်းပခွင့်ရသည့် ပြည်သူ့ ရင်ပြင် (၁၈ ရက် မတ်လ ၂၀၁၇)

၂၀၁၆ ခုနှစ်အတွင်း ပြသခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတွေဟာ ရိုက်ကူးမှုအပိုင်းမှာရော ဇာတ်လမ်းနဲ့သရုပ်ဆောင်မှုအပိုင်းမှာပါ အရင်ထက် ပိုကောင်းမွန်တာကြောင့် ဒီကနေ့ည ပွဲမှာ အကယ်ဒမီဆု ဆွတ်ခူးရရှိမယ့် သူတွေအနေနဲ့ ထိုက်ထိုက်တန်တန် ဆုရတာမျိုး ဖြစ်နိုင်ကြောင်း အနုပညာအသိုင်းအဝိုင်းက ပြောပါတယ်။ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီည ၇ နာရီ ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲကို ပရိသတ် ထောင်ချီ တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

၂၀၁၆ ခုနှစ်အတွက် အကယ်ဒမီဆုပေးပွဲမှာ အမျိုးသားဇာတ်ဆောင်ဆုအတွက် ထွန်းထွန်းက (အုတ်ကြားမြက်ပေါက်) ဇာတ်ကားမှာ ရရှိသွားပြီး၊ အမျိုးသမီး ဇာတ်ဆောင် ဆုကို သက်မွန်မြင့်က (ချစ်လှစွာသောအမုန်း) ဇာတ်ကားမှာ ရရှိသွားပါတယ်။ အမျိုးသား ဇာတ်ပို့ဆုကိုတော့ (ပရော်ဖက်ဆာ ဒေါက်တာ ဆိတ်ဖွားနှင့် မြိုင်ရာဇာတာတေ) ဇာတ်ကားမှာ လူမင်းက ရရှိပြီး၊ ရုပ်ရှင်ဇာတ်ကားဆုအတွက် (အုတ်ကြားမြက်ပေါက်)၊ ဒါရိုက်တာဆု ညွန့်မြန်မာ ညီညီအောင် (အုတ်ကြားမြက်ပေါက်)၊ ရုပ်ရှင်တည်းဖြတ်ဆု ဉာဏ်ဝင့် (ဧဒင်ရဲ့နတ်သမီး)၊ ရုပ်ရှင်အသံဆု ကြည်မင်းသိန်း (မှော်ကျောက်စာ)၊ ရုပ်ရှင် ဓာတ်ပုံဆု မောင်မြင့် အေးမင်း အငယ်လေး (လူးရတနာသိုက်)၊ ရုပ်ရှင်တေးဂီတဆု ဓိရာမိုရ် (လူးရတနာသိုက်) နဲ့ အထူးဆုကိုတော့ (မနောမြေမှ ကျောက်စိမ်းကမ္ဘာ)က ရရှိသွားပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုလို့ပြောကြတဲ့ အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ကျင်းပတာဟာ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ၃၃ ကား ရှိတဲ့အထဲက ဆန်ခါတင် ၁၀ ကားကို ရွေးချယ်ထားပါတယ်။ အဲဒီထဲကမှ ထပ်မံရွေးချယ်ပြီး အကယ်ဒမီဆုတွေကို ချီးမြှင့်တာ ဖြစ်ပါတယ်။

အရင် စစ်အစိုးရ လက်ထက်မှာတုန်းက ဆင်ဆာအဖွဲ့ရှိခဲ့တာကြောင့် ရုပ်ရှင်ဇာတ်ကား အရည်အသွေး ကျဆင်းခဲ့တယ်လို့ အနုပညာရှင်တွေရဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အတွက် ရိုက်ကူးပြသခဲ့တဲ့ကားတွေ အများအပြားရှိခဲ့ပြီး ၃၃ ကားကို ရုံတင်ပြသခဲ့တာ ပါ။ ၂ဝ၁၅ ခုနှစ်မှာတုန်းက အကယ်ဒမီ စာရင်းဝင်ဇာတ်ကား ၁၂ ကား၊ ၂ဝ၁၄ မှာ ၁၇ ကားသာရှိခဲ့တာကြောင့် ၂၀၁၆ နှစ်မှာ ရွေးချယ်စရာ ပိုများလာပါတယ်။ ၂၀၁၆ ဇာတ်ကားတွေဟာ ရိုက်ကူးမှုရော ဇာတ်လမ်းနဲ့သရုပ်ဆောင်မှုအပိုင်းမှာပါ အရင်ထက် အရည်အသွေးပိုကောင်းလာ တာကြောင့် ဒီည ဆုဆွတ်ခူးရရှိသူဟာ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရတာမျိုးဖြစ်ကြောင်း ရုပ်ရှင်ဒါရိုက်တာ ကြည်ဖြူရှင်က ပြောပါတယ်။

“ ဒီနှစ်ကတော့ ဇာတ်ကားအရေအတွက်လည်းများတယ်၊ ကားကောင်းတွေလည်း များတယ်။ ပြောမယ်ဆို အရည်အသွေးရော ရိုက်ကူးမှုနဲ့ ပတ်သက်လို့ စက်ပစ္စည်း စက်မှုပိုင်းဆိုင်ရာ တိုးတက်မှုက ပိုပြီးမြင့်လာပါတယ်။ ဘာပဲပြောပြော ဒီနှစ်ရမယ့်သူတွေ အတွက်တော့ ကျေနပ်တယ်။ တချို့နှစ်တွေဆိုရင် ကားတွေအရမ်းနည်းပြီးမှ မရှိတဲ့အထဲမှာမှ ရတာကျတော့ တမျိုးကြီးပေါ့နော်။ ပြောမယ်ဆိုရင် ကားကောင်းတွေ အများကြီးထဲက ရတယ်ဆိုရင်တော့ ရတဲ့ဆုက ပိုပြီးကျေနပ်အားရဖို့ကောင်းတာပေါ့ ”

မြန်မာနိုင်ငံ ရုပ်ရှင်အဖွဲ့သားတွေအနေနဲ့ လူထောင်ချီတက်ရောက်နိုင်မယ့် အကယ်ဒမီဆုပေးပွဲမျိုး ကျင်းပနိုင်ဖို့ နှစ်စဉ် နေရာရှာခဲ့ပေမယ့် အဆင်မပြေပဲ အခက်ကြုံခဲ့ရတယ်လို့ဆိုပါတယ်။ ဒီနှစ်မှာတော့ ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုလိုက်တာကြောင့် ပြည်သူ့ရင်ပြင်မှာ ပထမဆုံး အကြိမ်အဖြစ် ကျင်းပခွင့်ရတာဟာ ထူးခြားမှုဖြစ်တယ်လို့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရုပ်ရှင်မင်းသား ဦးလူမင်းက ပြောပါတယ်။

“ ကျနော်တို့ကလည်း ဒီ ပြည်သူ့ရင်ပြင်ကြီးမှာ ကျင်းပခွင့် ရချင်တာ ကြာပါပြီ။ ခွင်ြ့ပုချက်က မရခဲ့ဖူးလို့လေ။ နောက်တခုကလည်း အကယ်ဒမီ ပေးပွဲလို လူ ၃-၄ ထောင်ဆန့်တဲ့ Theater ရုံကြီးက ကျနော်တို့ တိုင်းပြည်မှာ ဘယ်မှာမှ မရှိပါဘူး။ အဲဒီတော့ တနှစ်တခါ ပွဲကျင်းပခါနီးတိုင်း နေရာရှာရတဲ့ ပြဿနာ ကျနော်တို့ နှစ်တိုင်းကြုံပါတယ်။ ဒီနှစ်မှာ အဲလိုနေရာအခက်အခဲ ရှိတဲ့အတွက်လည်း .. တကြောင်းကြောင့် ရန်ကုန်တိုင်း အစိုးရအဖွဲ့က ကျင်းပခွင့်ပြုတာပါခင်ဗျ ”

ဒီနှစ်အတွက် အကယ်ဒမီရဖို့ ဘယ်သူတွေ သတင်းပြေးနေသလဲ ဆိုတာကိုတော့ ဒါရိုက်တာ ကြည်ဖြူရှင်က အစောပိုင်းမှာ ပြောခဲ့ပါတယ်။

“ သတင်းအရမ်းထွက်တာကတော့ အမျိုးသားဇာတ်ဆောင်က မြင့်မြတ်၊ အမျိုးသားဇာတ်ပို့က ထွန်းထွန်း၊ အမျိုးသမီးဇာတ်ဆောင်မှာဆို သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်၊ နောက် အမျိုးသမီးဇာတ်ပို့ဆု ဆိုလို့ရှိရင် အေးမြတ်သူ နာမည်ထွက်တယ်ပေါ့နော်။ မြင့်မြတ်က မှော်ကျောက်စာ လို့ပြောတယ်။ ထွန်းထွန်းကကျတော့ အုတ်ကြားမြက်ပေါက်တဲ့။ သက်မွန်မြင့်နဲ့ ဝတ်မှုန်ရွှေရည်က ကျတော့ ချစ်လှစွာသော အမုန်း၊ အေးမြတ်သူကတော့ ငဘပေါ့နော် အဲလိုမျိုးမှန်းနေကြတာပေ့ါ ”

ဒီနှစ် အကယ်ဒမီရမယ်လို့ သတင်းပြေးနေသူထဲမှာ မင်းသား လူမင်းလဲ ပါနေပါတယ်။ မင်းသား လူမင်းကတော့ -

“ ကျနော်ကတော့ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လုံးမှာလည်း အဲလိုဆန်ခါတင် စာရင်းဝင်ပြီးတော့ နာမည်ကြီးတဲ့ထဲတော့ ကျနော်ပါခဲ့တာပါပဲ၊ ဒါပေမယ့် နှစ်စဉ်နှစ်တိုင်းလည်း လွဲခဲ့ပါတယ်။ ဆိုတော့ ဒီနှစ်မှာလည်း အခုလည်းနီးတဲ့အထိ နီးလေ အသံကျယ်လေလိုတော့ ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခင် အချိန်အတွင်းမှာ သိရမှာပါ ”

အကယ်ဒမီဆုပေးပွဲကို ညနေ ၅ နာရီခွဲမှာ ဖျော်ဖြေရေးအစီအစဉ်တွေနဲ့ စတင်ခဲ့ပြီး အခမ်းအနားကို ည ၇ နာရီမှာ စတင်တာ ဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲလုပ်တဲ့ လွှတ်တော်အရှေ့ဖက် ပြည်သူ့ရင်ပြင် ဝင်ပေါက်မှာတော့ အကယ်ဒမီရွှေစင်ရုပ်တုရဲ့ ကြယ်ပွင့်နှစ်ပွင့်နဲ့ ဝင်ပေါက် မုခ်ဦးကို အလှဆင်ထားပြီး အဲဒီမုခ်ဦးကနေ အခမ်းအနား ကျင်းပတဲ့ စင်မြင့်ထိ လမ်းတလျှောက်မှာ မြန်မာ့ရုပ်ရှင်နှစ် (၁ဝဝ) ပြည့် အကြို အဖြစ် အကယ်ဒမီရုပ်တု ၁ဝဝ ကိုခင်းကျင်းထားပါတယ်။ ဒီညပွဲကို ရုပ်ရှင်လောကသား ၃ဝဝဝ လောက် တက်ရောက်နိုင်ဖို့ ပြင်ဆင်ထား ပါတယ်။

အကယ်ဒမီ ကြိုတင်ရင်ခုန်သံ
please wait

No media source currently available

0:00 0:04:09 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG