သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်စကာဆု ရွေးချယ်မှု နိုင်ငံရေး ပါသလား


အော်စကာဆုပေးပွဲပြင်ဆင်နေစဉ်။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇)
အော်စကာဆုပေးပွဲပြင်ဆင်နေစဉ်။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇)

Hollywood ရဲ့ ၈၉ ကြိမ်မြောက် အကယ်ဒမီ Oscar ဆုပေးပွဲကြီးကို လာမယ့် တနင်္ဂနွေနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ကျင်းပတော့မှာဖြစ်ပါတယ်။ ဒီနှစ်အတွက် အကောင်းဆုံးဆုတွေကို ဘယ်မင်းသား မင်းသမီးတွေ၊ ရုပ်ရှင်ကားတွေရနိုင်မလဲဆိုတာကို ရုပ်ရှင်ဝါသနာရှင်တွေ၊ အကဲခတ်တွေ Hollywood ရုပ်ရှင်အသိုင်းအဝိုင်းထဲကသူတွေကြား ကြိုတင်ထင်ကြေးပေး သုံးသပ်နေကြပါတယ်။ ကမ္ဘာ့ရုပ်ရှင်လောကရဲ့ အထင်ကရ ဆုကြီးဖြစ်တဲ့ Oscar ဆုကိုပေးဖို့ ရွေးချယ်ဆုံးဖြတ်တဲ့နေရာမှာ အနုပညာ ဖန်တီးမှုကို အဓိကထားပေမဲ့ နိုင်ငံရေးနဲ့ပါတ်သက်တဲ့ စဉ်းစားရွေးချယ်မှု မကင်းဘူးဆိုတဲ့ အကြောင်း VOA သတင်းထောက် Penelope Poulou ကတင်ပြထားပါတယ်။ မစုမြတ်မွန်က ဆက်ပြီးပြောပြပါလိမ့်မယ်။

လူငယ်ဒါရိုက်တာ Damien Chazelle ရိုက်ကူးတင်ပြထားတဲ့ La La Land ဆိုတဲ့ ဂီတအသားပေးရုပ်ရှင်က ဒီနှစ် Oscar ဆုအတွက် ဆန်ခါတင် အများဆုံး ရွေးချယ်ခံ ထားရပါတယ်။ La La Land ရုပ်ရှင်ဟာ အနုပညာလောကထဲကို ထိုးဖောက်နိုင်ဖို့ ကြိုးစားကြရတဲ့ အနုပညာရှင်သစ်တွေ ဘယ်လိုကြုံတွေ့ ဖြတ်သန်းကြရသလဲ ဆိုတဲ့ ဒါရိုက်တာရဲ့ ကိုယ်တေ့ွအခြေအနေကို ရိုက်ကူးထားတဲ့ရုပ်ရှင်ပါ။

၁၉၅၀ ပြည့်နှစ်ပိုင်းတွေမှာ နာမည်ကျော်ခဲ့တဲ့ All About Eve ဆိုတဲ့ ဒရမ်မာရုပ်ရှင်ကားနဲ့ ၁၉၉၇ ခုနှစ်မှာအောင်မြင်ခဲ့တဲ့ Titanic ရုပ်ရှင်ကားတွေပြီးရင် La La Land က Hollywood ရုပ်ရှင်သမိုင်းမှာ စံချိန်တင်ရလောက်အောင် ၁၄ ဆုအတွက် ဆန်ခါတင် ရွေးချယ်ခံထားရပါတယ်။

အခုလို Oscar ဆုကြီးအတွက် ဆန်ခါတင်ရွေးချယ်ခံရနိုင်ဖို့ ပြောင်မြောက်တဲ့ အနုပညာဖန်တီးမှုတွေအပြင် ငွေကြေးအကုန်ခံ ကြော်ငြာအားကောင်းဖို့လိုတယ်လို့ George Mason တက္ကသိုလ်က ရုပ်ရှင်နဲ့ Video လေ့လာရေး အစီအစဉ်ဆိုင်ရာ ညွန်ကြားရေးမှူး Giovanna Chesler ကပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က Oscar ဆု ဆန်ခါတင် အရွေးခံရသူတွေရော ဆုရရှိသူတွေပါ အများစုဟာ လူဖြူတွေဖြစ်နေတဲ့အတွက် Oscar ဆုရွေးချယ်သူတွေအပေါ် အတော်လေးဝေဖန်ခံပြစ်တင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီနှစ်မှာတော့ လူနည်းစုတွေအကြောင်း ထင်ဟပ်တဲ့ ရုပ်ရှင်ကားတွေ လူနည်းစုမင်းသား၊ မင်းသမီးတွေပါ ဆန်ကာတင်ရွေးခံရတဲ့ထဲမှာပါပါတယ်။ မူးယစ်ဆေးဝါးပေါတဲ့ ရပ်ကွက်မှာ ကြီးပြင်းခဲ့ရတဲ့ African-American လူငယ်တယောက်အကြောင်းရိုက်ကူးထားတဲ့ Moonlight ရုပ်ရှင်ကား။ ကြေးစား Baseball ကစားသမားဖြစ်ချင်ခဲ့ပေမဲ့ လူမည်းဖြစ်နေတာကြောင့် သူ့ရဲ့အိမ်မက်တွေ အကောင်အထည်မဖော်နိုင်ခဲ့သူတယောက်နဲ့ သူရဲ့ဇနီးသည်နဲ့ သားကြား ဆက်ဆံရေးကို ပုံဖော်ထားတဲ့ Fence ဆိုတဲ့ရုပ်ရှင်ကားတွေက Oscar ဆန်ခါတင်ဆုတွေ တော်တော်များများရွေးချယ်ခံထားရပါတယ်။

"Oscar ဆုအတွက် ပဏမရွေးချယ်ပေးတဲ့ အကယ်ဒမီအဖွဲ့ဝင်တွေထဲမှာ လိင်ပြောင်းထားသူ၊ လိင်တူစုံမက်သူတွေမပါတာ၊ လူဖြူတွေချည်းဖြစ်နေ တာတွေကို ပြောင်းလဲပြီး အသားအရောင်စုံ၊ လူတန်းစားစုံပါဝင်ရေးအတွက် အကယ်ဒမီအဖွဲ့ကြီးက လုပ်နေကြပါပြီ။ ဆုအတွက် မဲခွဲဆုံးဖြတ်နိုင်တဲ့ အဖွဲ့ဝင်တွေထဲမှာလည်း နောက်ခံမတူသူတွေ အစုံပါလာအောင် အားထုတ်လုပ်ခဲ့ပါတယ်။"

အဲဒီလိုလုပ်လာတဲ့အတွက် Hollywood ရဲ့ပင်မရေစီးထဲမှာ လူမည်းတွေအကြောင်း ရုပ်ရှင်ကားတွေပါလာအောင် အားပေးရာရောက်တယ်လို့ သူကဆိုပါတယ်။ အာကာသကို ပထမဆုံးအမေရိကန်တွေသွားနိုင်ဖို့နဲ့ နောက်ပိုင်း လကမ္ဘာပေါ်အထိတက်နိုင်ဖို့အတွက် အားထုတ်ကူညီခဲ့ကြတဲ့ African American အမျိုးသမီး ၃ ယောက်အကြောင်း အဖြစ်မှန်ရိုက်ကူးထားတဲ့ Hidden Figures ဆိုတဲ့ရုပ်ရှင်ကားဆိုလည်း ပရိတ်သတ်ကြား ရေပန်းစားနေ သလို အကောင်းဆုံး ရိုက်ညွှန်းအတွက် ဒါမှမဟုတ် အကောင်းဆုံး အမျိုးသမီးဇတ်ပို့ဆုအတွက် Oscar ဆုရနိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။

နိုင်ငံရေးအခြေအနေကလည်း Oscar ဆုပေးတဲ့အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ သမ္မတ Donald Trump က ဒုက္ခသည်တွေ နိုင်ငံထဲဝင်ခွင့်ယာယီပိတ်ပင်တဲ့အမိန့် ထုတ်ခဲ့ပြီးနောက် ဒုက္ခသည်အရေး အပေါ် အာရုံစိုက်မှုပြန်ရခဲ့ပါတယ်။ အီတလီနိုင်ငံ Lampedusa ကျွန်းဆီကိုရောက်အောင် သက်စွန့်ဆံဖြား မြေထဲပင်လယ်ဖြတ်ပြီးလာကြတဲ့ ဒုက္ခသည်တွေနဲ့ သူတို့ကို ကယ်ဆယ်တဲ့အကြောင်းရိုက်ထားတဲ့ Fire at Sea ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကလည်း မှတ်တမ်းရုပ်ရှင်ကဏ္ဍအတွက် Oscar ဆန်ခါတင်ရွေးချယ်ခံထားရပါတယ်။

"မှတ်တမ်းကားတွေအပေါ် အာရုံစိုက်ခံရတဲ့အချိန်လို့ ပြောနိုင်ပါတယ်။ သူတို့နဲ့ပါတ်သက်လို့ မေးခွန်းထုတ်မှုတွေ၊ စိတ်ဝင်စားမှုတွေရှိလာလေ ဒီကဏ္ဍပိုင်းမှာ ပိုပြီးတိုးတက်လာလေပါ။ ကျွန်မကတော့ ပိုကြိုက်ပါတယ်။"

မွတ်ဆလင်အများစုနေတဲ့ ၇ နိုင်ငံကနိုင်ငံသားတွေကို သမ္မတ Trump က ယာယီပြည်ဝင်ခွင့်တားမြစ်ခဲ့တဲ့ကိစ္စကြောင့် အီရန်ဒါရိုက်တာ Asghar Farhadi S go fa ha di) ရဲ့ The Salesman ရုပ်ရှင်ကားက နိုင်ငံခြားဘာသာစကားပြောရုပ်ရှင် ကဏ္ဍအတွက် အနိုင်ရသွားနိုင်ပါတယ်။ Oscar ဆုပေးပွဲတက်ဖို့ အမေရိကန် Visa ရတယ်ဆိုရင်တောင် လာမှာမဟုတ်ဘူးလို့ နာမည်ကျော်ဒါရိုက်တာကြီးက ပြောထားပါတယ်။

အမေရိကန်မှာ နိုင်ငံရေးအရ သဘောထားကွဲမှုတွေရှိနေချိန်မှာ Oscar ဆုရွေးချယ်သူတွေက သိပ်အငြင်းပွားစရာမဖြစ်တဲ့ ရုပ်ရှင်မျိုးကို ရွေးချယ်ကောင်း ရွေးချယ်နိုင် တယ်လို့လည်း George Mason တက္ကသိုလ်က ရုပ်ရှင်နဲ့ Video လေ့လာရေး အစီအစဉ်ဆိုင်ရာ ညွန်ကြားရေးမှူး Giovanna Chesler ကသုံးသပ်ပါတယ်။

"La La Land ကနေ အဖြေပေါ်လာပါလိမ့်မယ်။ တခြားရုပ်ရှင်ကားတွေ အားလုံးထက်သူက စကာတင် ရွေးချယ်မှုအများကြီးရထားပါတယ်။ ဒီရုပ်ရှင်က Trump ရဲ့ရုပ်ရှင်လို့တော့ ကျွန်မဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်က လူဖြူတွေရဲ့ သာမာန်ညောင်ည အဖြစ်အပျက်ကို ရိုက်ပြထားတဲ့ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ ရုပ်ရှင်ထဲက အဓိကဇတ်ကောင် ၂ ယောက်လုံးက အကကောင်းကြသူတွေမဟုတ်ဘူး၊ အဆိုကောင်းကြသူတွေ မဟုတ်ဘူး၊ ဂီတအကနဲ့ ဖျော်ဖြေနိုင်ဖို့ စနစ်တကျ သင်ထားကြသူတွေမဟုတ်ပါဘူး၊ အဆိုတော် John Legend လိုတော့ သီချင်းဆိုနိုင်ကြသူတွေမဟုတ်ဘူးလေ။"

အခုနှစ် Oscar ဆုတွေမှာ လူနည်းစုအနုပညာရှင်တွေလည်း မျှမျှတတ ဆုရဖို့အတွက် သူအပါအဝင် တော်တော်များများက မျှော်လင့်နေကြပါတယ်။ ဒါမှသာ Hollywood ဟာ မတူကွဲပြားမှုကိုလက်ခံတယ်ဆိုတဲ့လမ်းမှန်ဆီ သွားနေပြီဆိုတာ အသိအမှတ်ပြုနိုင်မှာဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG