သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံကိုးမြို့ မြန်မာအစိုးရတပ် ပြန်လည်ထိန်းချုပ်


မုံကိုးမြို့ တိုက်ပွဲ (Northern Alliance - Burma)
မုံကိုးမြို့ တိုက်ပွဲ (Northern Alliance - Burma)

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသမှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ (၂)ပတ် အကြာဖြစ်ပွါးနေတဲ့ မုံကိုးမြို့က တပ်စခမ်းတွေကို မြန်မာ့တပ်မတော်ကနေ မနေ့ညနေပိုင်းမှာ ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ မနေ့က မုံကိုးမြို့နယ် အတွင်းပစ်ခတ်တိုက်ခိုက်မှုမှာ အရပ်သားတော်တော်များများ ထိခိုက်မှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်ကနေ ဆက်သွယ် မေးမြန်းပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

တိုက်ပွဲတွေရက်သတ္တနှစ်ပတ်ဖြစ်ပွါးနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမုံကိုးဒေသအတွင်း မြောက်ပိုင်းမဟာမိတ် တပ်တွေအနေနဲ့ မုံးကိုးတပ်စခမ်းကနေဆုတ်ခွါခဲ့ရတဲ့အခြေအနေနဲ့ပက်သက်လို့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော်ကအခုလိုပြောပါတယ်။

“အခု ထိခိုက်မိတဲ့ လူတွေအကုန်လုံးကိုလည်း ကယ်နိုင်ပြီ။ ဆက်ပြီးနေရင်တော့ မြန်မာ့တပ်မတော်က ပစ်မှတ်ထားပြီးတော့ ဒီအတိုင်းလူတွေကို ဗုံးကြဲတိုက်ခိုက်မယ်။ အရပ်သားတွေထိခိုက်မယ် အဆောက်အဦးတွေ ထိခိုက်မယ် အဲဒါကြောင့် ကျနော်တို့ မနေ့က နေရာယူထားတဲ့ မုံးကိုးကနေ အပြင်ဘက်ရွေ့လိုက်တယ်။ မြန်မာ့တပ်မတော်ကတော့ ကြေညာတာကတော့ သူတို့ အကုန်လုံးထိန်းချုပ်နိုင်ပြီလို့ပြောတယ်။"

မြောက်ပိုင်းမဟာမိတ်တပ်တွေဖြစ်တဲ့ KIA၊ TNLA၊ MNDAA၊ AAအဖွဲ့တွေကနေ မုံးကိုးတပ်စခန်းကို နိုဝင်ဘာ ၂၀ ရက်မှစပြီး ဒီဇင်ဘာ(၄)ရက်နေ့အထိ ၁၄ ရက်အကြာ အင်းအားသုံး ဝိုင်းပတ်တိုက်ခိုက်ရာကနေ အဆိုပါ တပ်စခန်းကို စစ်ကူပေးဖို့သွားရောက်တဲ့တပ်မတော်စစ်ကြောင်းတွေက ထိုးဖေါက်ကျော်လွှားပြီး မနေညနေပိုင်းမှာ မုန်းကိုးတပ် စန်း နဲ့ပူးပေါင်းနိုင်သလို မုံးကိုးမြို့ကိုလည်း ထိန်းချုပ်နိုင်ပြီးလို့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်း ထုတ်ပြန်ထားပါတယ်။

မနေ့က မုံးကိုးမြို့အတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့သလို ဒေသခံတွေလဲ ထိခိုက်သေဆုံးမှုတွေများပြားခဲ့တယ်လို့ မုန်းကိုးဒေသခံ ဦးတီတီနောင်လတ်ကပြောပါတယ်။

“ရပ်ကွက် ၅ ရယ် ရပ်ကွက် ၆ ရယ်ထိတာ၊အခုထိ မီးခိုးတွေဘာတွေနဲ့ ဖြစ်နေတယ်။ မနက်ကတပ်မတော်အုပ်စုပေါ့ ကောင်းလုံရွာဘေးက ပလောင်ရွာမှာ ဗုံး ၂ ခါ လာကြဲတယ်၊ အိမ် ၅ အိမ် ၆ အိမ်လောက်ထိတယ် ၁ ယောက်သေဆုံးတယ်။ ၆ ယောက် ဒဏ်ရာရတယ်။ အဲဒီ ဒဏ်ရာရတဲ့ အမျိုးသမီးတွေကို နှစ်ချင်းခရစ်ယာန်အဖွဲကနေ ကြိုးစားပြီးမှ သွားကယ်ပါတယ်။ ကယ်ပြီးတော့ တဖက်နိုင်ငံကို ပို့လိုက်ပါတယ်။”

ဒါ့အပြင်မုံးကိုးမြို့အတွင်းနဲ့အနီးဝန်းကျင်ရွာတွေမှာလဲ နေအိမ်တွေပျက်စီးမှုတွေရှိနေတယ်လို့လဲ ဦးတီတီနောင်လတ် က ပြောပါတယ်။လက်ရှိမုံးကိုးမြို့အတွင်းမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေတပ်ဆုတ်ခွာခဲ့လို့ ပစ်ခတ်တိုက်ခိုက်မှုငြိမ်သက်နေတယ် လို့ ဦးတီတီနောင်လတ်ကဆိုပါတယ်။

ပြီးခဲ့တဲံနိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း ကချင်လွတ် လပ်ရေး တပ်မတော် (KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မ တော် (AA)၊ မြန်မာအမျိုး သားများ ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)ကိုးကန့်အဖွဲ့စတဲ့ မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့နဲ့ မြန်မာ့တပ် မတော်တို့အကြား တရုတ် – မြန်မာနယ်စပ်မူစယ် ကြူကုတ်-ပန်ဆိုင်း မုံးကိုး ဒေသအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာခဲ့တာပါ။

မြောက်ပိုင်း မဟာမိတ်တပ်ပေါင်းစုအဖွဲ့တွေအနေနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း တိုက်ပွဲပုံဖေါ်နေမှုနဲ့ ပက်သက်လို့ ရှမ်းပြည်နယ်အရေးအကဲခတ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းက အခုလို သုံးသပ် ထားပါတယ်။

“ယာယီအားဖြင့်တော့ တပ်မတော်က အသာစီးရသွားတယ်လို့ပြောနိုင်တာပေါ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားတွေအနေနဲ့ကျတော့ အဲဒီဒေသက သူတို့အခြေခံဒေသမဟုတ်ဘူး ပြောက်ကျားဒေသပဲ၊ ပြောက်ကျားဒေသ ဖြစ်တဲ့အခါကျတော့ သူတို့ စုပြီးတော့ တိုက်ပွဲလုပ်လိုက်တာက တပွဲတိုး တခုအနေနဲ့ သူတို့ စွမ်းဆောင်ရည်ရှိတယ်၊ သတိပြုလောက်တဲ့ ဂရုစိုက်လောက်တဲ့အင်အားရှိတယ် ဆိုတာကို ပြချင်တဲ့ ရည်ရွယ်ချက်နဲ့ ဖော်တာပေါ့။ အဓိကအားဖြင့်တော့ သူတို့ကို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်တက်ရောက်ခွင့်ရဖို့အတွက်လေးလေးစားစား တန်းတူရည်တူသဘောထားဖို့အတွက် ဖိတ်ကြားခံချင်လို့ လုပ်တာပါပဲ။”

ဒီလိုတိုက်ပွဲဖြစ်ပွါးနေမှုနဲ့ပက်သက်လို့ဒေါက်တာတင်မျိုးဝင်း ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းကော်မရှင်အဖွဲ့တွေ နဲ့ တွေ့ဆုံဖို့အတွက် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေဖြစ်တဲ့ KIA၊ MNDAA ၊ TNLA ၊AA အဖွဲ့တွေကို တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ကူမင်းမြို့ကိုဖိတ်ခေါ်ခဲ့ပေမယ့် ကော်မရှင်ဖက်က တစ်ဖွဲ့ချင်းစီနဲ့သာသီးခြားတွေ့ဆုံလိုပြီး အစုအဖဲ့ွ လိုက်တွေ့ဆုံဖို့ဆိုရင် MNDAA, AA , TNLA တပ်ဖွဲ့ ၃ ဖွဲ့နဲ့သာ တွေ့ဆုံမှာဖြစ်တဲ့အတွက်ညှိနှိုင်းမှုအဆင်မပြေခဲ့ပါဘူး။

လက်ရှိမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်တဲ့အစိုးရတက်လာပြီးနောက်ပိုင်း ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကိုလုပ်ဆောင်နေတယ်ဆိုပေမဲ့ NCAအပစ်ရပ်စာချုပ်လက်မှတ်ထိုးရေးမှာ MNDAA ၊ TNLA ၊AA စတဲ့ လက်နက်ကိုင်အဖွဲ့တွေပါဝင်ဖို့ ကန့်သတ်ထား တာကြောင့် ငြိမ်းချမ်းရေးအတွက် အခက်ခဲရှိနေဦးမယ်လို့ ရှမ်းပြည်နယ်အရေးအကဲခတ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းကသုံးသပ်ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG