သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှနယ်စပ်တိုက်ခိုက်မှု အစွန်းရောက်လက်ချက်ဖြစ်နိုင်


ဘင်္ဂလားဒေ့ရ်ှနယ်စပ်တိုက်ခိုက်မှု (State Counsellor Office Information Committee)
ဘင်္ဂလားဒေ့ရ်ှနယ်စပ်တိုက်ခိုက်မှု (State Counsellor Office Information Committee)

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် မိုင်တိုင်အနီး ဖြစ်ခဲ့တဲ့ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်ခတ်မှုနဲ့ပတ်သက်ပြီး RSO ၊ မူဂျာဟစ် စတဲ့ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတချို့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ သမ္မတရုံးပြောခွင့်ရကပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ကဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့ရဲ့လက်ချက်ဖြစ်တယ်ဆိုတာကို အသေးစိတ် စုံစမ်းနေဆဲဖြစ်သလို နယ်စပ်လုံခြုံရေးကိုလည်း တိုးမြင့်ထားတယ်လို့ ပြောပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ်လ ၁၆ရက်နေ့က ညနေပိုင်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင်း မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ် မိုင်တိုင် ၅၆နဲ့ မိုင်တိုင် ၅၇ ကြားမှာ ပစ်ခတ်မှုဖြစ်ခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းကနေ အနက်ရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေက လက်နက်ငယ်တွေနဲ့ နယ်မြေလုံခြုံရေးအဖွဲ့ဝင်တွေကိ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီလက်နက်ကိုင်အဖွဲ့တွေဟာ RSO လက်နက်ကိုင်အဖွဲ့ဖြစ်နိုင်သလို မူဂျာဟစ်အဖွဲ့အစည်း ကလည်းဖြစ်နိုင်တယ်ဆိုတဲ့ သတင်းအရင်းအမြစ်တွေရထားတဲ့အကြောင်း သမ္မတရုံးပြောခွင့်ရ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"အဲ့ဒီ့ဘက်က ပုံမှန်အားဖြင့် ကျင်လည်ကျက်စားနေတာကတော့ RSO အဖွဲ့တွေရှိတယ် မူဂျာဟစ်အဖွဲ့တွေလည်း ဖြစ်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေရှိတယ်။ လောလောဆယ် မူဂျာဟစ်တွေဆိုတာ ပြောထားတာရှိတယ်။ မူဂျာဟစ်ကတော့ အဖွဲ့ရဲ့နာမည် မူဂျာဟစ်ဒင်တွေကတော့ တော်တော်များများ မူဂျာဟစ်ဒင်လို့ သုံးကြတဲ့အတွက် ဒီဟာကိုတော့ ကျနော်တို့က အတည်မပြုနိုင်သေးဘူးဖြစ်နေတယ်။”

သူတို့အနေနဲ့ ဆက်လက်ပြီးတော့လည်း စုံစမ်းဖော်ထုတ်နေတယ်။ ဒီအနက်ရောင်ဝတ်စုံနဲ့အဖွဲ့ဟာ ဘယ်အဖွဲ့လဲဆိုတာစုံစမ်းနေဆဲပဲဖြစ်တယ်ဆိုတာကို ဦးဇော်ဌေးကပြောခဲ့တာပါ။ ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဖြစ်တယ်ဆိုတာကို အတည်ပြုနိုင်ဖို့ အသေးစိတ် စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ သူကပြောပါတယ်။

"အဲ့ဒီ့ဘက်မှာ ကျင်လည်ကျက်စားနေတဲ့ အဖွဲ့က RSO အဖွဲ့ဖြစ်တယ်။ တခြားအဖွဲ့တွေလည်းဖြစ်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေလည်းရှိတယ်ပေါ့။"

နယ်စပ်ခြံစည်းရိုးကင်းလှည့်လမ်းကို လိုက်ပြုပြင်နေတဲ့အဖွဲ့ကို လိုက်လံပြီး နယ်မြေလုံခြုံရေး ယူပေးနေတဲ့ တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတောင်ကုန်းပေါ်ကနေ အင်အား(၃၀) လောက်ရှိတဲ့ လက်နက်ကိုင်အဖွဲ့က စတင်ပစ်ခတ်ခဲ့တာလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုအတွင်းမှာ မြန်မာဘက်က နယ်စပ်စည်းရိုး လုံခြုံရေးယူထားတဲ့ ဒုတပ်ကြပ်တဦးနဲ့ တပ်သားတဦး တပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဦးဇော်ဌေးက အတည်ပြုပါတယ်။ အခုအချိန်မှာတော့ တပ်မတော်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့တွေက ဘူးသီးတောင်၊ မောင်တော နယ်စပ်လုံခြုံရေးတလျောက် လုံခြုံရေးတိုးမြင့်ထားတယ်လို့ သမ္မတရုံးပြောခွင့်ရကပြောပါတယ်။

" ဒီဘူးသီးတောင် မောင်တော နယ်စပ်တလျောက်ကတော့ ကျနော်တို့ တပ်မတော်က အဖွဲ့တွေက မူလကတည်းက နယ်စပ်လုံခြုံရေးကို ဆောင်ရွက်နေတာရှိတယ်။ နယ်စပ်ဘက်မှာတော့ အဓိကအားဖြင့် ကျနော်တို့ နယ်ခြားစောင့်တပ်က တာဝန်ရှိတယ်။ အခုကတော့ တပ်ဘက်ကရော ရဲဘက်ကရော ဒါကို အထူးအလေးထားပြီးတော့ နယ်စပ်လုံခြုံရေးကို စေဆာင်ရွက်နေတဲ့ကာလပေါ့။"

အခုလို ဘူးသီးတောင်မြို့နယ်တွင်း နယ်စပ်မိုင်တိုင်ပစ်ခတ်မှုဖြစ်ပြီး နယ်စပ်လုံခြုံရေးတင်းကြပ်ထားပြီးတဲ့နောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် လတ်တလော လုံခြုံရေး အနေအထားမှာတော့ မောင်တောဒေသဘက်က တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ခေတ္တရပ်နားထားပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ပဲ နယ်မြေဒေသလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးကိုပဲ ပူးပေါင်းကူညီဆောင်ရွက်နေတယ်လို့ အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG