သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးလုပ်ငန်းရှင်များ အခွန်ထမ်းဖို့ ဒေါ်စုတိုက်တွန်း


စီးပွားရေးလုပ်ငန်းရှင်များ အခွန်ထမ်းဖို့ ဒေါ်စုတိုက်တွန်း
စီးပွားရေးလုပ်ငန်းရှင်များ အခွန်ထမ်းဖို့ ဒေါ်စုတိုက်တွန်း

မြန်မာပြည်သူတွေကြား အခွန်ထမ်းတဲ့ ယဉ်ကျေးမှု ထွန်းကားလာအောင် စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ဦးဆောင် ဦးရွက် လုပ်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။ စီးပွားရေး လုပ်ငန်းရှင်တွေ ဘက်ကတော့ အစိုးရသစ်က အားထည့်ဆောင်ရွက်မယ့် စီးပွားရေး ဆိုင်ရာ လုပ်ငန်းစဉ်တွေကို တိတိကျကျ သိရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ အစိုးရသစ် လက်ထက်မှာ အဂတိ လိုက်စားမှု သိသိသာသာ ကျလာတယ်ဆိုပေမယ့် စီးပွားရေး ဖြစ်ထွန်းမှု အားနည်းလာတဲ့ အပေါ်မှာတော့ စီးပွားရေး လုပ်ငန်းရှင်တွေဘက်က အားမလို အားမရ ဖြစ်နေကြပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးပါမယ်။

ဝင်ငွေခွန် ဆောင်တဲ့ အလေ့အထ နည်းလှတဲ့ မြန်မာနိုင်ငံမှာ ပြည်သူ လူထုတရပ်လုံး တာဝန် သိသိ အခွန်ပေးဆောင်လာစေဖို့ အတွက် လုပ်ငန်းရှင်ကြီးတွေဘက်က ဦးဆောင်ကြပါလို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

“ အခွန်အကောက်ပေးခြင်းဆိုတာ ယဉ်ကျေးမှုတစ်ခုပါ။ ဒါဟာ ဥပဒေ နဲ့လုပ်ရုံနဲ့ မပြီးပါ ဘူး။ ဥပဒေလည်းလိုတယ်၊ အခွန်အကောက်ဥပဒေတွေရှိတယ်။ သို့သော်လည်း အခွန်အကောက်ဘာဖြစ်လို့ ပေးဖို့လိုလဲ ဆိုတာဟာ ပြည်သူ ပြည်သားတွေက နားလည်ပြီးတော့ လျောလျောရှုရှု၊ လိုလိုလားလားနဲ့ ဒီအခွန်တွေ ပေးမှသာလျှင် နိုင်ငံမှာ အခွန်အကောက် ယဉ်ကျေးမှုတစ်ခု တည်တံ့ခိုင်မြဲ သွားပြီလို့ ပြောလို့ရမှာပါ။

အခွန်အကောက်ယဉ်ကျေးမှု ထူထောင်ဖို့ ဆိုတာဟာ ပထမဦးဆုံး အခွန်အကောက် ဥပဒေများဟာ မှန်ကန်ရမယ်၊ ပြည်သူပြည်သားများ နားလည်လွယ် ရမယ်။ နောက်ပြီးတော့ ဘာကြောင့် အခွန်အကောက်တွေ ပေးလဲဆို တာကိုလည်း သဘောပေါက်ရမယ်။ အဲဒီမှာ စီးပွားရေးလုပ်ငန်းရှင်ကြီး တွေက ရှေ့တန်းကနေပြီး တော့ ဦးဆောင်လမ်းပြ ဖြစ်စေချင်ပါတယ်။”

အခွန်စည်းကြပ်ဖို့ အတွက် ဥပဒေတွေနဲ့ ပြဌာန်းဖို့တင် မဟုတ်ဘဲ ပြည်သူတွေဘက်က တာဝန်သိကြဖို့ လိုအပ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပြောဆိုခဲ့တာပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ စီးပွားရေး ကော်မတီ အတွင်းရေးမှူး ဦးမင်းခင်ကတော့ အစိုးရသစ်ဘက်က အခွန်အကောက် ဆိုင်ရာ စည်းကြပ်ဖို့ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

“အခွန်ဆောင်ဖို့အတွက် တဖက်ကလည်း တိုက်တွန်းရမယ်၊ တဖက်ကလည်း အစိုးရကိုယ်တိုင် အစိုးရကနေပြီးတော့ ဒီအခွန်ကိစ္စတွေကို လုပ်နေတာတွေရှိတယ်။ အဲဒီမှာကတော့ သူ့သက်ဆိုင်ရာ ဥပဒေတွေရှိတယ်။ အဲဒီဥပဒေတွေအရ သေသေချာချာ အခွန်ကောက်တာတို့ လုပ်ရမယ်။ အဲဒီအတွက်အရေးယူတာတို့ ၊ ဆောင်ရွက်တာတွေလည်း ပါမှာပဲလေ။ အဲဒါကတော့ ကျနော်တို့ နိုင်ငံနဲ့ အတူလုပ်သွားဖို့ နောက်ပြီး ဥပဒေစိုးမိုးရေး အတွက် နည်းလမ်းတကျ ကျနော်တို့ လုပ်သွားရမှာပေါ့လေ။”

အခွန်အများဆုံး ထမ်းဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီး ၁၅၀ ကျော်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင် အသင်း ဒုတိယ ဥက္ကဌ၊ မော်တော်ယာဉ် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း ဥက္ကဌလည်း ဖြစ်တဲ့ ဒေါက်တာ စိုးထွန်းကတော့ အခွန်ထမ်းသူနဲ့ မထမ်းသူကြား ကွာခြားချက် မရှိတဲ့ အခြေအနေကို ထောက်ပြပါတယ်။

“ဒီမှာတော့ ကျနော်တို့မြင်တာတော့ အခွန်ဆောင်တဲ့လူနဲ့ မဆောင်တဲ့လူကြားမှာ ကွာခြားချက်အများကြီးမရှိဘူးပေါ့နော်။ အခွန်ဆောင်တဲ့လူတွေအတွက်ကို Percentage ပေးထားတာမရှိဘူးပေါ့နော်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့က အခွန်ဆောင်တဲ့အလေ့အထကို မလုပ်ကြတာလို့ ကျနော်တို့မြင်ပါတယ်။”

ဒါ့အပြင် အစိုးရသစ်ရဲ့ တိကျတဲ့ စီးပွားရေးဆိုင်ရာ လုပ်ငန်းစဉ်တွေ ချပြဖို့ လိုအပ်တယ်လို့ ဒေါက်တာ စိုးထွန်းက ထောက်ပြပြီး ဒီလို ဆောင်ရွက်ချက်တွေနဲ့သာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း ထောက်ပြ ပြောဆိုပါတယ်။

“ခုနကတော့ ဝန်ကြီး level လုပ်ငန်းစဉ်ခင်းတဲ့ဟာကတော့ ကျနော်တို့သဘောတူပါတယ်။ ပြောရရင်တော့ ပြန်ကြည့်မယ်ဆိုရင် ဆောက်လုပ်ရေးလုပ်ငန်းတွေဆိုတော့လည်း လောလောဆယ်ရပ်ထားတာပေါ့နော်။ ဒီခွင့်ပြုထားတဲ့ လုပ်ငန်း ၁၂ ခုကို ပြန်ခွင့်ပြုတယ် ၊ ကျန်တဲ့လုပ်ငန်းတွေအားလုံးရပ်ထားတယ်။ နောက်ပြီး လုပ်ငန်းအသစ်လျှောက်ဖို့အတွက်လည်း လောလောဆယ်ပိတ်ထားတယ်။ နောက်မော်တော်ကားနဲ့ပတ်သက်ရင်တော့ ကျနော်တို့ ရန်ကုန်မှာ မှတ်ပုံတင်ခွင့်ရပ်ထားတာတို့ ၄-၅- ၆ လရှိပြီ ။ ဒါကြောင့်ဘယ်တော့ဖွင့်မယ်ဆိုတာ မသိသေးဘူးပေါ့နော်။ ကျန်တဲ့လုပ်ငန်းအနေနဲ့ပြောရင်တော့ လက်ရှိတော့ ငွေကြေးနဲ့ပတ်သက်ရင်တော့ inflation တော်တော်များလာတာတို့ရှိတယ်။ နောက်တခါ ကုန်သွယ်ရေးနဲ့ ပတ်သက်ရင်လည်း မနှစ်ကထက်စာရင် ဒီနှစ်လျှော့ကျတယ်။ နယ်စပ်ကုန်သွယ်ရေးမှာဆိုရင်လည်း တရုတ်ဘက်က အဖမ်းအဆီးများတာပေါ့နော် ဒါတွေက ကျနော်တို့ လောလောဆယ် ကြုံနေရတာပေါ့နော်”

အစိုးရသစ် လက်ထက် ပထမ ၆ လမှာ စီးပွားရေးက မျှော်မှန်းထားသလောက် တိုးတက်မှု မရှိခဲ့ဘူးလို့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေနဲ့ တွေ့ဆုံပွဲမှာ အသိအမှတ်ပြု ပြောပါတယ်။ မြန်မာ့ စီးပွားရေး ရေရှည် တိုးတက်ဖို့ အတွက် ပြည်သူ ပြည်သားတွေရဲ့ အရည်အချင်း မြှင့်တင်ဖို့၊ အမျိုးသမီးတွေနဲ့ လူငယ်တွေ စီးပွားရေးမှာ ပိုပြီး ပါဝင်လာဖို့၊ နောက် ပြည်သူ အများစု မှီခိုနေတဲ့ လယ်ယာ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနဲ့ အသက်မွေး ဝမ်းကျောင်း ပညာကို အထူးအလေးထားပြီး တိုးတက်အောင် လုပ်ဖို့ ဆန္ဒရှိတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG