သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလူငယ်တွေ Yale တက္ကသိုလ် စကားစစ်ထိုးပွဲ ယှဉ်ပြိုင်


Yale တက္ကသိုလ် စကားရည်လုပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သည့် မြန်မာ လူငယ်များ။
Yale တက္ကသိုလ် စကားရည်လုပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်သည့် မြန်မာ လူငယ်များ။

အမေရိကန်နိုင်ငံက အထင်ကရ Yale တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးဌာန YIRA က ကြီးမှူး ကျင်းပတဲ့ နိုင်ငံတကာ ကျောင်းသားလူငယ်များ စကားရည် လုပွဲမှာ မြန်မာနိုင်ငံက အထက်တန်း ကျောင်းသား ကျောင်းသူတွေလည်းတက် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံက ကျောင်းသားတွေအနေနဲ့ ဒီ စကားရည်လုပွဲမှာ ပထမဆုံးအကြိမ် ဝင်ရောက် ယှဉ်ပြိုင်ခြင်းလည်း ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ပုဂ္ဂလိကကျောင်းတွေဖြစ်တဲ့ Yangon Academy International ကျောင်း၊ MISY - Myanmar International School Yangon ၊ ISY – The International School Yangon စတဲ့ ၃ ကျောင်းက ကျောင်းသား ကျောင်းသူတွေ YIRA အဖွဲ့က ဦးဆောင်ကျင်းပတဲ့ ဒီစကားရည်လုပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ဒီစကားရည်လုပွဲအတွက် အကြောင်းအရာတွေ ကိုတော့ နှစ်စဉ် ပြောင်းလဲ သတ်မှတ်ပေးနေတာမှာ အခုနှစ်အတွက်တော့ စာပေ၊ အနုပညာနဲ့ ဂီတ၊ ရာဇဝတ်မှုနဲ့ တရားစီရင်ရေး၊ အများပြည်သူရေးကိစ္စရပ်တွေအပြင် Fail State လို့ခေါ်တဲ့ အဖက်ဖက်က ချွတ်ခြုံကျနေတဲ့ နိုင်ငံများ စတဲ့ အကြောင်း အရာတွေကို ရွေးချယ်ပေးထားပါတယ်။

ဒါပေမယ့် ဘယ်နေ့မှာ ဘယ်အကြောင်းအရာကို ဆွေးနွေးမယ်ဆိုတာကိုတော့ စကားရည်လုပွဲ မကျင်းပခင် ၁၅ မိနစ်အလိုမှ ရွေးချယ်ပေးတာဖြစ်တယ်လို့ ဒီစကားရည်လုပွဲမှာ ပါဝင်တဲ့ Yangon Academy International ကျောင်းက ၉ တန်း ကျောင်းသူ မယွန်းသုလင်းက ပြောပါတယ်။

“Topic (ခေါင်းစဉ်) တွေကို သူတို့ကပဲ ပေးတာ။ ၁၅ မိနစ် အချိန်ပေးတယ်။ ၁၅ မိနစ် လက်တန်းပေါ့၊ အခုခေတ် ဖြစ်နေတဲ့ဟာတွေကို။ ဥပမာ ဆိုရင် Donald Trump တို့ ဘာတို့၊ Office အတွက် Run လုပ်တဲ့သူတွေက လိမ်လား မလိမ်လားကို ဖမ်းတဲ့စက်တွေနဲ့ စမ်းရမယ်ပေါ့၊ အဲဒါဆိုရင် Politician (နိုင်ငံရေးသမား) တွေက Tax (အခွန်) တွေကို ပေးရမလား မပေးရဘူးလားပေါ့။ အဲဒီလို တခြား Debate (စကားရည်လုပွဲ) တွေ အများကြီးပဲ ရှိတယ်။ Debate က တခါလုပ်ရင် ၃ မျိုး၊ ၃ မျိုး လုပ်ရတယ်။ အဖွဲ့တဖွဲ့မှာ ၃ ယောက်ရှိတယ်။ တယောက်တခါပေါ့။ ပထမ စကားပြောတဲ့သူ၊ ဒုတိယ ပြောတဲ့သူ အဲဒီလိုမျိုး။ သူတို့ ဘာပေးမှာလဲဆိုတာ လုံး၀ မသိဘူး။ ချက်ချင်းပဲ ၁၅ မိနစ်၊ Your 15 minutes start now ဆိုရင် ဒိုင်းကနဲ အဲဒီအကြောင်းအရာကို ၁၅ မိနစ်အတွင်းမှာ လုပ်ကြရတာ၊ မရ ရအောင်လို့။ အဲဒီ ၁၅ မိနစ်အတွင်းမှာ ကိုယ်မပြောနိုင်ရင်၊ Information (သတင်းအချက်အလက်) အသေအချာ မရှာနိုင်ရင် ကိုယ်ပဲ အမှတ်နည်းမှာ။ ကိုယ်ပြောဖို့ ဘာမှ မရှိဘူး ဖြစ်သွားမှာပေါ့။ Donald Trump က ကောင်းလား မကောင်းလား၊ ၂ ဖက်စီ ရှိတဲ့ Argument (ငြင်းခုန်မှု) ပေါ့။ ၁၅ မိနစ်အတွင်းမှာ ကိုယ်ဘာမှ မလုပ်နိုင်ရင် Worry (စိုးရိမ်မှု) လည်း နဲနဲ များတယ်။ Frist speaker (ပထမ ပြောတဲ့သူ) ဆိုရင် ပိုဆိုးတယ်၊ သမီးက ပထမပြောတဲ့သူဆိုတော့ အရင်ဆုံး မြန်မြန်လုပ်ရတယ်။”

စကားရည်လုပွဲ ယှဉ်ပြိုင်နေသည့် မယွန်းသုလင်းနဲ့ မြန်မာ ကျောင်းသားများ။
စကားရည်လုပွဲ ယှဉ်ပြိုင်နေသည့် မယွန်းသုလင်းနဲ့ မြန်မာ ကျောင်းသားများ။

နိုင်ငံတကာ ရေးရာတွေကို ပိုမို သိရှိနားလည်စေရေးအတွက် ရည်ရွယ်ပြီး ၁၉၆၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ Yale တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေးဌာန YIRA က - နိုင်ငံတကာမှာရှိတဲ့ အထက်တန်း ကျောင်းသား ကျောင်းသူအနေနဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံတကာ ရေးရာ ကိစ္စရပ်တွေကို ပိုမို နားလည် သိရှိနိုင်ရေးအတွက် ရည်ရွယ်ပြီးတော့ ဒီစကားရည်လုပွဲကို စီစဉ် ကျင်းပပေးတာ ဖြစ်ပါတယ်။

စကားရည်လုပွဲ အဆင့်ဆင့်မှာ အနိုင်ရပြီးတော့မှ အမေရိကန်ပြည်ထောင်စု Connecticut ပြည်နယ်၊ New Haven မြို့မှာရှိတဲ့ အထင်ကရ Yale တက္ကသိုလ်မှာ နောက်ဆုံး ဖိုင်နယ်အဖြစ် ကျင်းပတာ ဖြစ်ပါတယ်။

“ရန်ကုန်မှာ တခါလုပ်တယ်။ ရန်ကုန်မှာနိုင်တယ်ဆိုရင် Global round (တကမ္ဘာလုံးအတိုင်းအတာနဲ့) ပေါ့၊ ဘန်ကောက်မှာ လုပ်ပေးတယ်။ ဘန်ကောက်မှာလည်း ထပ်ပြိုင်ရတယ်။ ဘန်ကောက်မှာ အမှတ်များလို့ Qualify ဖြစ်တော့ အခု Yale က နောက်ဆုံး အဆင့်။ Yale က Tournament of champions ပါ။”

စကားရည်လုရတာဟာ အားကစားပွဲတခုလို အပြိုင်အဆိုင် ပြုလုပ်ရတဲ့အတွက် စကားရည်လုတာကို သဘောကျကြောင်းလည်း မယွန်းသုလင်းက ပြောပါတယ်။

“Debate က အပြိုင်အဆိုင်ဆိုတော့ စိတ်ဓါတ်ကို မြင့်ပေးတယ်လေ။ ကိုယ်နိုင်ရင်တော့ ကောင်းတာပေါ့။ ပြီးရင် ရှုံးတာကိုလည်း ခံနိုင်သွားတာပေါ့။ တခြားအဖွဲ့အပေါ် နိုင်ချင်စိတ်နဲ့ အသေအချာလုပ်ရင်၊ အဲဒီ စိတ်အားထက်သန်တဲ့ စိတ်ကို ကြိုက်လို့။ တခြားနိုင်ငံက လူတွေနဲ့ တွေ့ရတော့ တခြားနိုင်ငံက လူတွေရဲ့ Culture (ယဉ်ကျေးမှု) တွေလည်း သိရတော့ ပိုပြီးတော့ ပျော်တယ်။”

စကားရည်လုပွဲကို Senior နဲ့ Junior အကြီးတန်းနဲ့ အငယ်တန်း ဆိုပြီး အသက်အရွယ်လိုက် ၂ မျိုး ခွဲပြီး ကျင်းပတာမှာ မယွန်းသုလင်းက အငယ်တန်းမှာ ဝင်ရောက် ယှဉ်ပြိုင်တာ ဖြစ်ပါတယ်။

ဒီစကားရည်လုပွဲမှာ အကြီးတန်းကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ Yangon Academy International ကျောင်းက နောက်ထပ် ၉ တန်း ကျောင်းသူ မစုလတ်ညီညီကလည်း စကားရည်လုပွဲကို ဘာကြောင့် ကြိုက်နှစ်သက်တယ်ဆိုတာကို အခုလို ပြောပြပါတယ်။

“စိတ်ဝင်စားဖို့ကောင်းတယ် Debate လုပ်တာ။ တကယ် ရှာကြည့်လိုက်လို့ရှိရင် ၂ ဘက်စလုံးက နိုင်လည်း နိုင်နိုင်သလို၊ ရှုံးလည်း ရှုံးနိုင်တယ်။ ကိုယ်ပြောတဲ့အပေါ်မှာ မူတည်တယ်။ ပြီးတော့ Source (မူရင်း အချက်အလက်) မှန်လား၊ မှားလား၊ ဘယ်လောက် Strong (အားကောင်းသလဲ) ဆိုတဲ့ဟာအပေါ်မှာ မူတည်တယ်။ နိုင်တာလည်း အဲဒီလောက်ကြီး မကြီးပါဘူး၊ ရှုံးတာလည်း အဲဒီလောက်ကြီး မကြီးပါဘူး။ Outcome (ရလဒ်) ကို Accept (လက်ခံ) နိုင်အောင် Train (လေ့ကျင့်) ပေးသလိုပဲ။ ရှုံးရင်လည်း လက်ခံနိုင်တယ်။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ်အတတ်နိုင်ဆုံး ကြိုးစားဖို့အတွက်ကတော့ အဲဒီလို သင်ပေးသလိုပဲ။ အဲဒါကြောင့် ဝင်ပြိုင်တာ။”

ဒီကားရည်လုပွဲရဲ့ အကြီးတန်း အဖွဲ့အတွက် နိုင်ငံပေါင်း ၅၀ က ကျောင်းသား ကျောင်းသူပေါင်း ၁,၅၀၀ ဝင်ရောက် ယှဉ်ပြိုင်ကြတာဖြစ်ပြီး အငယ်တန်းအတွက်ကတော့ နိုင်ငံပေါင်း ၄၀ က ကျောင်းသား ကျောင်းသူပေါင်း ၃,၀၀၀ ဝန်းကျင် ဝင်ရောက် ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။

ဒီစကားရည်လုပွဲရဲ့ အနိုင်အရှုံး ရလဒ်ကတော့ ဒေသစံတော်ချိန် ည ၈ နာရီခွဲမှာ သိရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG