သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခန္တီးကျောက်စိမ်းမြေမှာ လုံခြုံရေးတပ် ပစ်ခတ်မှုကြောင့် လူ ၄ဦးသေဆုံး


ရေမဆေးရှာဖွေသူမာျး
ရေမဆေးရှာဖွေသူမာျး

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးရတနာမြေမှာ ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီလုပ်ကွက်အတွင်း ရေမဆေးကျောက်ရှာဖွေသူတွေက ဝင်ရောက်ရှာဖွေရာမှာ နှစ်ဖက် တင်းမာမှုဖြစ်ပွားခဲ့တဲ့နောက် လုံခြုံရေးတပ်ဖွဲ့က ပစ်ခတ်တာကြောင့် လူ ၄ဦးသေဆုံးပြီး အနည်းဆုံး ၅ဦးဦးဒဏ်ရာရခဲ့ပါတယ်။ ခန္တီးရတနာ နယ်မြေမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီနဲ့ ရေမဆေးကျောက်ရှာဖွေသူတွေအကြား ပြဿနာဖြစ်ပွားခဲ့တာကြောင့် ကျောက်တူးဖော်မှုကို ရပ်ဆိုင်းထားစေခဲ့သလို တရားမဝင်နေထိုင်တဲ့ သူတွေကို ဒီလကုန် နောက်ဆုံးထားရွှေ့ပြောင်းဖို့ အမိန့်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီအခင်းဖြစ်ပွားမှုဟာ ခနီး္တမြို့ကနေ မိုင်၃၀လောက်အကွာမှာရှိတဲ့ မကျန်ခကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မှာ ဒီကနေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တာပါ။

ဖြစ်ပွားမှုအခြေအနေကို ဆေးရုံရောက်လူနာတွေနဲ့ တွေ့ဆုံခဲ့တဲ့ ခန္တီးဒေသခံတယောက်က အခုလို ပြောပါတယ်။

“ရေမဆေးသမားတွေနဲ့ ကျောက်ရှာတဲ့လူတွေနဲ့ ကုမ္ပဏီ နဲ့ မနေ့က ဦးပိုင် ကုမ္ပဏီ ဝန်းထဲမှာ ပဏီပခဖြစ်တာ။ ဖြစ်တဲ့အခါကျတော့ ဒီနေ့မနက် ၈ နာရီမှာ ရေမဆေးသမားတွေ ဦးပိုင် ကုမ္ပဏီ ဝန်းထဲမှာထပ်ရှာတယ်။ ရှာတဲ့အခါကျတော့ အဲဒီမှာလုံခြုံရေးရဲတပ်ဖွဲ့တွေက ပစ်ခတ်မှုဖြစ်တဲ့အတွက် ၄ ဦးသေဆုံးတယ် ။ ဟုတ်တယ် ၄ ဦးသေဆုံးတယ် အခုတော့ ဆေးရုံကိုတော့ ၅ ဦးရောက်လာပြီခင်ဗျ အခြေအနေကတော့ ပေါင်တွေနဲ့ လည်ပင်းတွေမှာ ထိခိုက်ဒဏ်ရာရထားတယ်။ ၅ ယောက်တော့ရောက်လာပြီ။ ဒီ ၄ ယောက်သေတာကတော့ သေချာသွားပြီ ၊ သူတို့ ဦးပိုင်က လှောင်ထားတဲ့ကန်တွေလည်း မီးလောင်လို့ ပေါက်ကွဲသွားတယ်။”

ကုမ္ပဏီလုပ်ကွက်အတွင်းကို လူ၇၀၀လောက် ဝင်ရောက်ခဲ့တာဖြစ်သလို ရဲလုံခြုံရေးတပ်ဖွဲ့ကလည်း အင်အား ၁၀၀လောက် ရှိကြောင်းပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ခန္တီးမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးကလည်း သူကြားသိရတဲ့အခြေအနေကို အခုလို ပြောပါတယ်။

“လူကတော့ လူ၄ ယောက်ကတော့ ပွဲချင်းပြီးသေသွားတယ်။ နောက် ၇ ယောက်ကတော့ ဒဏ်ရာအကြီးအကျယ်ရသွားတယ်ဆိုတာကို ကြားသိရတယ်။ ဖြစ်စဉ်ကတော့ ဦးပိုင်ဆိုတဲ့ လုပ်ကွက်ရှိတယ်ပေါ့နော် ဦးပိုင်မှာ ဝင်လုပ်တော့ တားမရဘူးဆိုပြီးတော့ သေနတ်နဲ့ ပစ်တာ ဆိုတဲ့ဟာကို ဖုန်းက ဆက်သွယ်ရခက်တော့ ကျနော်တို့လည်း အဲဒီလောက်ပဲ သိရတာ။”

ခန္တီးခရိုင်အုပ်ချုပ်ရေးမှုးဦးဇော်ဇော်ကတော့ အသေအပျောက်ဖြစ်ပွားတယ်ဆိုတာ မကြားကြောင်း ပြောပါတယ်။

“ဟုတ်တယ် Myanmar imperial jade နားမှာဖြစ်တာ။ သေတာမရှိသေးပါဘူး မကြားသေးပါဘူး။ ရေမဆေးဘက်က ဒဏ်ရာရတယ် ဆိုတာရှိတယ်လို့ပြောတယ်။ ရေမဆေးဘက်က ဒဏ်ရာရတာ ၂ ယောက် ရဲဘက်က ၉ ယောက်လို့တော့သိရတယ်။ မနေ့ကစတာ မနေ့က အင်အား ၆၀၀ လောက်ဝင်တယ်။ ဖယ်ရှားခိုင်းတော့ ညနေပိုင်းမှာ ဖယ်သွားတယ်။ ဒီနေ့တော့ ကျနော်တို့ ဂိတ်တွေထားတယ်၊ ရဲတပ်ဖွဲ့နဲ့ မဝင်ဖို့တားတယ်။ သူတို့က ခြံစည်းရိုးတွလည်းဖြတ်တယ်၊ ရဲတွေကိုလည်း တိုက်ခိုက်ပြီးတော့ သူတို့ဝင်ကြတယ်။ ရဲဘက်ကနေတော့ ခြောက်လန့်ပြီးပစ်လိုက်တယ်၊ သူတို့ဘက်ကလည်း ဆီကန်တွေမီးရှိုှု့တယ် ၃၈ လုံးမီးလောင်သွားတယ်။ ကုမ္ပဏီ ဆီကန်တွေ မီးလောင်သွားတယ် အဲဒီလောက်ပဲ သိရတယ်။”

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်ကတော့ ပဋိပက္ခမဖြစ်ပွားအောင်ဆောင်ရွက်ခဲ့ပေမဲ့ ဒီကနေ့မနက်မှာ အခင်းဖြစ်ပွားတာကိုသာ သိရတယ်လို့ ပြောပါတယ်။

“ဟုတ်ကဲ့ ပြီးခဲ့တဲ့ ကျနော်တို့ ၁၄ ရက် ၁၃ ရက်နေ့က အဲဒီဘက်တွေကိုသွားပြီးတော့ ကွင်းဆင်းဆောင်ရွက်ပြီးတော့ အဲဒီဘက်က နယ်မြေခံ ကျူးကျော်တဲ့လူတွေကို ထွက်ဖို့ရန်အမိန့်ထုတ်ခဲ့ပါတယ်။ မြို့နယ်ကနေပြီးတော့ ရှင်းလင်းရေးပေါ့လေ နယ်မြေရှင်းလင်းရေး မြေစာပုံတွေအပေါ်မှာ အတင်းအဓမ္မလုပ်တဲ့အခါမှာမြေစာပုံတွေပြိုကျတယ် မိုးရွာရင် ဒီထက် အန္တရယ်တွေရှိပြီ အသက်တွေပိုဆုံးရှုံးမှာ ဒါတွေကို ကျနော်တို့မဖြစ်စေချင်တဲ့အတွက် ရေးမဆေးဘက်က နယ်ဝေးတဲ့ဟာတွေကို ပြန်လွှတ်ဖို့ စီမံနေတယ်။ ဒီနေ့မနက် ကျနော်တို့ သတင်းကြားတာကတော့ ဦးပိုင် ကုမ္ပဏီ ဝင်းထဲကို သွေးထိုးလှုံ့ဆော်တဲ့သဘောပေါ့နော် သတင်းအကြားအရတော့ အဲဒီလူတွေက ဝင်ကောက်လို့ရတယ်ဆိုပြီးတော့ လုပ်တဲ့အခါမှာ ရေးမဆေးသမားတွေက အုပ်စုလိုက်ဝင်ပြီးသောင်းကျန်းတဲ့သဘောရှိတယ် ဆိုတော့ လုံခြုံရေးနဲ့ပဋိပက္ခဖြစ်တဲ့သဘောရှိတယ်။”

အသေအပျောက်ရှိတယ်လို့ သိရပေမဲ့ သတင်းတိတိကျကျ မရရှိသေးကြောင်း ပြောပါတယ်။

ခန္တီးရတနာမြေမှာ ကုမ္ပဏီတွေရဲ့ ကျောက်မျက်လုပ်ကွက်အတွင်းက တူးဖော်ထားတဲ့ မြေစာတွေမှာ ရေမဆေးရှာဖွေသူတွေက ဝင်ရောက်ပြီး ရေမဆေးကျောက်ရှာဖွေတာကြောင့်ပြဿနာဖြစ်ပွားတာတွေ ရှိခဲ့ပါတယ်။

ဒီလ ဒုတိယပတ်အတွင်းမှာတော့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကျောက်မျက်တူးဖော်ရေးကုမ္ပဏီတွေကို ဥပဒေနဲ့ ညီ မညီ စစ်ဆေးတာတွေ ရှိခဲ့သလို စစ်ဆေးနေစဉ်မှာ ကျောက်မျက်တူးဖော်တာတွေ ရပ်ဆိုင်းထားဖို့ ညွှန်ကြားခဲ့ပါတယ်။

ကျောက်မျက်လုပ်ကွက်တွေအတွင်းမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေက ကျောက်မျက်လုပ်ကွက်တွေအတွင်းကို အတင်းအဓမ္မဝင်ရောက်ပြီး ကုမ္ပဏီက မစွန့်ပစ်သေးတဲ့ ကျောက်ကျောမြေစာပုံတွေကို လုယက်ရှာဖွေတာ၊ ပစ္စည်းတွေကို ဖျက်ဆီးတာ၊ တရားဝင်နေထိုင်သူတွေရဲ့ အသက်အိုးအိမ်ကို ထိပါးတာ တွေရှိခဲ့ကြောင်းနဲ့ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တရားမဝင် ဝင်ရောက်နေထိုင်သူတွေက ဒီလကုန် နောက်ဆုံးထားပြီး ထွက်ခွာဖို့တွက် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးရုံးက ဒီလ ၁၅ရက်နေ့က အမိန့်ထုတ်ပြန်ထားပါတယ်။

ခန္တီးမြို့နယ်က ရတနာနယ်မြေမှာ နန့်စီပွန်နဲ့ မကျန်ခ ကျောက်တူးဖော်ရေးလုပ်ငန် ၂ခုရှိပြီးကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ ၇၀လောက် ဝင်ရောက်အလုပ်လုပ်ကိုင်နေသလို ရေမဆေးကျောက်ရှာဖွေသူဟာလည်း ခန့်မှန်းခြေ ၂သောင်းနီးပါးလောက်အထိ ရှိတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG