သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီအကြား တင်းမာမှုဖြစ်


လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီအကြား တင်းမာမှုဖြစ် (ဓါတ်ပုံ-ဒေသခံ)
လက်ပံတောင်းတောင် ဒေသခံတွေနဲ့ ဝမ်ပေါင်ကုမ္ပဏီအကြား တင်းမာမှုဖြစ် (ဓါတ်ပုံ-ဒေသခံ)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ အသုံးပြုမယ့် ကျောက်ခဲသယ်ကားတစ်စီးက နွားတကောင် ကို တိုက်မိပြီး သေဆုံးခဲ့တာကြောင့် ရွာသားတွေက ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုနေပါတယ်။ ဒါပေမယ့် အစိုးရကရော ကုမ္ပဏီဘက် ကပါ တာဝန်ယူ ဖြေရှင်းပေးတာမျိုး မရှိတာကြောင့် ကျောက်သယ်ကား အစီး ၁၀၀ လောက်ကို ဒေသခံတွေက တားဆီးထားတဲ့အကြောင်း ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒေသခံတွေရဲ့ ကန့်ကွက်မှုကိုကြုံနေရဆဲဖြစ်တဲ့ လက်ပံတောင်းကြေးနီစီမံကိန်းမှာ အသုံးပြုဖို့ မြန်မာဝမ်ပေါင်ကုမ္ပဏီက ကျောက်သယ်ကားတွေနဲ့ ကျောက်တွေ သယ်ဆောင်လာတုန်းမှာ မိုးကြိုးပြင်အလယ်ရွာက တောင်သူတဦးပိုင်တဲ့ နွားကိုတိုက်မိတာကြောင့် နွားသေဆုံးခဲ့တယ်လို့ ရွာသားတွေကဆိုပါတယ်။ ဒီအတွက် ဖေဖေါ်ဝါရီလ ၁၉ရက်နေ့ ၊ နေ့လည် ၂နာရီကျော်ကစပြီး မြန်မာဝမ်ပေါင်ကုမ္ပဏီကိုသွားမယ့် ကျောက်သယ်ကားအစီး ၁၀၀ ထက်မနည်းကို ရွာသားတွေက တားဆီးခဲ့တာဖြစ်တယ် လို့လည်း ဒေသခံတဦးကပြောပြပါတယ်။

“၂ နာရီခွဲလောက်က ဆားလင်းကြီးမြို့နယ်၊ မင်းတောရွာဘက်ကနေ ကျောက်တွေကို သယ်ရင်းနဲ့ အဲဒီ မိုးကြိုးပြင် ရွာအနီးမှာပေါ့နော် ပုသိမ်-မုံရွာလမ်းနားမှာ နွားကို တိုက်တယ်။ နွားကိုတိုက်သွားတော့ လာလည်းမရှင်းပေးတော့ ဒေသခံတွေက ကျောက် ကားတွေအကုန်လုံးကိုပေါ့နော် တားဆီးလိုက်တယ်။ ကားအစီးက ၁၀၀ ဝန်းကျင်လောက် ရှိမယ်။ တန်းကြီးက အရှည်ကြီးပဲ ၁၀၀ ကျော်လောက်ရှိမယ်၊ အခုပေါ့နော် ကျောက်တွေကို မတရားထုတ်ယူနေတဲ့အခါကျတော့ အဲဒီဘက်က သဘာဝပတ်ဝန်းကျင်တွေလည်း ပျက်စီးလာနိုင်တယ်၊ ပြီးတဲ့အခါကျတော့ ဒီကျောက်ကားတွေက မဆင်မခြင်မောင်းနေတဲ့အခါကျတော့ ဒေသခံတွေ အသက်အန္တရာယ်တွေလည်း စိုးရိမ်နေရတယ်။”

ညနေပိုင်းအထိတော့ အာဏာပိုင်တွေဘက်ကကော ကုမ္ပဏီဘက်ကပါ ဒီပြဿနာ နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးတာမရှိဘူးဆိုပြီး ကားတွေကို ဆက်ပြီးတားဆီးထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“ရွာသား အင်အား ၁၀၀ ဝန်းကျင်လောက်ရှိမယ်။ တရွာလုံးလိုလိုပဲ ထွက်တားကြတာ ဆိုတော့ ၊ ၁၀၀ တောင်ကျော်ရင်ကျော်မယ်။ အာဏာပိုင်ဘက်ကရော၊ ဝမ်ပေါင် ဘက်ကရော တာဝန်ရှိတဲ့လူတွေ မလာသေးဘူး။ ဒေသခံတွေက လာဖို့တောင်းဆိုနေတယ်၊ လာပေးဖို့ ပြောနေတယ်၊ အခုအချိန်အထိတော့ မလာသေးဘူး။ ရွာသားတွေဘက်ကတော့ မလာမခြင်း ဆက်တားဖို့ အစီအစဉ်ရှိတယ်ပေါ့နော်။”

ဒေသခံတွေကတော့ မြန်မာဝမ်ပေါင်ကုမ္ပဏီက သိမ်းယူထားတဲ့ လယ်မြေတွေပြန် ရရေး တောင်းဆို ကန့်ကွက်မူတွေ ကိုလည်း ဆက်တိုက်လုပ်ခဲ့ကြသလို သီးနှံလျော်ကြေးတွေပေးဖို့ ကိုလည်းတောင်းဆိုနေခဲ့ကြတာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ ကုမ္ပဏီဘက်ကနေ ခြံစည်းရိုးတွေ ခတ်ဖိ့ု ကြိုစားနေမူတွေ၊ စွန့်ပစ်မြေစာတွေကို ရွာအနီးမှာလာရောက်ချထားတာတွေကိုလည်း တားဆီးမူတွေလုပ်နေကြပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ (Amnesty International) လူ့အခွင့်အရေးအဖွဲ့ရဲ့"ဒုက္ခတောင်တန်း"လို့ အမည်ပေးထားတဲ့ အစီရင်ခံစာမှာတော့ လက်ပံတောင်းကြေးနီ စီမံကိန်း ကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ နဲ့ လူအခွင့်ရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ဖော်ပြထားတာပါ။ဒီအတွက်လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ အတွက် လူ့အခွင့်ရေး အဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG