သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရလက်ထက် လွတ်လပ်စွာထုတ်ဖေါ်ခွင့် တိုးတက်မှုမရှိဟု စာနယ်ဇင်းအဖွဲ့သုံးသပ်


NLD ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်အခြေအနေဟာ အစိုးရသက်တမ်းတစ်နှစ်တာကာလအတွင်း ဘာတခုမှ ထူးခြားပြောင်းလဲတိုးတက်တာ မရှိဘူးလို့ ပဲန်မြန်မာနဲ့ မိတ်ဖက် သတင်းစာနယ်ဇင်းအဖွဲ့တွေက ဒီကနေ့အစီရင်ခံစာ ထုတ်ပြန်ပြီး ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဒီမိုကရေစီစနစ်ဖော်ဆောင်မယ့် အစိုးရအနေနဲ့ သတင်းလွတ်လပ်ခွင့်ကို တန်ဖိုးထားလေးစားသင့်သလို ပြည်သူနဲ့အတူ ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ ပြည်သူကို သတင်းပေးနိုင်သလို ပြည်သူ့အသံကို တင်ပြပေးနိုင်မယ့် သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကိုလည်း အလေးထားသင့်တယ်လို့ အကြံပြုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲမှာ အစိုးရတရပ်ဖွဲ့နိုင်တဲ့အထိ မဲဆန္ဒရှင်ပြည်သူအများစုရဲ့မဲအများစု အနိုင်ရခဲ့တဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အုပ်ချုပ်ရေးအာဏာကို စတင်တာဝန်ယူခဲ့တဲ့ ၂၀၁၆ခုနှစ် ဧပြီလကနေ ၂၀၁၇ ဧပြီလအထိ အရပ်သားအစိုးရ သက်တမ်းတနှစ်တာ ကာလ အတွင်း မြန်မာနိုင်ငံ၏ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေတွေကို ပဲန်မြန်မာနဲ့မိတ်ဖက်အဖွဲ့အစည်း(၁၄)ဖွဲ့က အကဲဖြတ်သုံးသပ်ချက် အစီရင်ခံစာကို ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ မေလ (၃)ရက်နေ့မတိုင်ခင် ဒီကနေ့ မေလ ၂ရက်နေ့မှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီမိုကရေစီအရပ်သားအစိုးရလက်ထက် သက်တမ်းတနှစ်တာကာလ အတွင်းမှာတော့ မြန်မာနိုင်ငံတွင်းက စာနယ်ဇင်းလွတ်လပ်ခွင့် လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်အခြေအနေဟာ ဘာတခုမှ ထူးခြားပြောင်းလဲတိုးတက်တာမရှိဘူးလို့ ပဲန်မြန်မာဥက္ကဋ္ဌ ဦးမျိုးမြင့်ငြိမ်းက ဗွီအိုအေမြန်မာပိုင်းကိုပြောဆိုလိုက်ပါတယ်။ ပြည်သူ့နဲ့အတူ ပြည်သူကို မျက်နှာမှုမယ့် ဒီမိုကရေစီအစိုးရအနေနဲ့ ပြည်သူ့အသံကို တင်ပြပေးနိုင်မယ့် ပြည်သူကို သတင်းပေးနိုင်မယ့် သတင်းသမားတွေရဲ့ကဏ္ဍကို အလေးထားသင့်တယ်လို့လည်းဦးမျိုးမြင့်ငြိမ်းက အကြံပြုပါတယ်။

“ပြီးခဲ့တဲ့ ၆ လနဲ့ အခု၆ လမှာ ဆိုရင် တိုးတက်မှုမရှိဘူး။ အဲဒီတော့ ၁ နှစ်လုံးတာ ခြုံပြောရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တာဝန်ယူတဲ့ ၁ နှစ်ကာလအတွင်း ဘာမှ ထူးခြားပြောင်းလဲမှုမရှိဘူး။ အမှတ် ၆၀ ပေးတဲ့အချိန်မှာ ၈ မှတ်အထိရတယ်။ နောက်ပြီးတော့ ပြည်သူနဲ့အတူဆိုပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၁ နှစ်ပြည့်တဲ့အချိန်မှာ ကြွေးကြော်သံရှိပါတယ် ဆောင်ပုဒ်ပေါ့နော်။ ပြည်သူနဲ့အတူဆိုရင် ကျနော်တို့ရဲ့ အသံတွေကိုလည်း နားထောင်စေချင်တယ်။ ကျနေ်ာတို့မှာ အကြံပြုချက်ပေးထားတာ ၂၃ ချက်ပေးထားတာရှိတယ်။ အကြံပြုချက်တွေကို ဖတ်ပြီး ပြင်ဆင်နိုင်တာကို ပြင်ဆင်ပါ။ ပြောင်းလဲနိုင်တာကို ပြောင်းလဲပါလို့ပြောချင်ပါတယ်။ ပြည်သူလူထုကို ကိုယ်စားပြုပြီးတော့ တိုင်းပြည်အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်များပြည်သူလူထုကနေပြီးတော့ Mandate ပါဝါလွဲထားတဲ့ ပုဂ္ဂိုလ်များ ကနေပြီးတော့ ကျနေ်ာတို့အသံကိုနားထောင်ပါ။ လိုက်ပါနိုင်သည်များကို လိုက်ပါပါ။ ငြင်းဆိုလိုသည်များကို ငြင်းဆိုပါ။”

အရပ်သားအစိုးရသက်တမ်း တနှစ်တာကာလအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်တွေအပေါ် ဥပဒေပိုင်းဆိုင်ရာ သတင်းဖြန့်ချီခြင်းဆိုင်ရာစတဲ့ NLD အစိုးရရဲ့လုပ်ဆောင်ချက်တွေကို အပိုင်း(၆)ပိုင်းခွဲပြီး စစ်တမ်းကောက်ယူခဲ့ပြီး အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ ကျေနပ်အားရစရာကောင်းအောင် ဆောင်ရွက်နိုင်ခဲ့တာမရှိဘူးဆိုတာ တွေ့ခဲ့တယ်လို့လည်း တိုင်းရင်းသတင်းထောက်တွေရဲ့ တိုင်းရင်းသတင်းတွေကို ဖော်ပြပေးနေတဲ့ BNI ရဲ့ တာဝန်ခံအယ်ဒီတာဦးဇင်လင်းက အခုလိုပြောပါတယ်။

“ခေါင်းစဉ် ၆ ခုကတော့ ၁ က လုပ်ထုံးလုပ်နည်း အမိန့်ညွန်ကြားချက်တွေနဲ့ ပတ်သက်လို့ အစိုးရ က ဘယ်လောက်လုပ်ပေးခဲ့သလဲပေါ့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ။ သတင်းမီဒီယာတွေကို အမှီအခိုကင်းလွတ်လပ်အောင် အစိုးရက ဘယ်လောက်လုပ်ပေးနိုင်ခဲ့သလဲပေါ့။ ဒီဂျစ်တယ်လွတ်လပ်ခွင့် နဲ့ ပတ်သက်လို့ အစိုးရက ဘယ်လောက်ဆောင်ရွက်ပေးနိုင်ခဲ့သလဲပေါ့။ နောက်တခုကတော့ လွတ်လပ်စွာစုဝေးခွင့်၊ ပြောဆိုခွင့်နဲ့ ထင်မြင်ယူဆခွင့်နဲ့ ပတ်သက်လို့ အစိုးရက ဘယ်လောက်ခွင့်ပြု ခဲ့သလဲပေါ့။ နောက်တခု သတင်းအချက်အလက် ရယူပိုင်ခွင့်ပေါ့နော် Access to Information လိုပြောပြော Rights to Information လိုပြောပြော သတင်းအချက်အလက် ရယူပိုင်ခွင့်နဲ့ ပက်သက်လို့ အစိုးရက ဘယ်တွေလုပ်ပေးနိုင်ခဲ့သလဲပေါ့။ နောက်တခုက သတင်းသမားတွေရဲ့လုံခြုံရေး၊ သတင်းသမားတွေကို အကာအကွယ်ပေးမှုမှာရောအစိုးရက ဘယ်တွေလုပ်ပေးခဲ့သလဲပေါ့။အဲဒီ အချက် ၆ ချက်ကို အခြေခံပြီး ဆွေးနွေးခဲ့ကြတယ်။ ရှိနေတဲ့ မြေပြင်ပေါ်မှာဖြစ်နေတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ အဲဒီ ခေါင်းစဉ် တခုတခုကို ၁၀ မှတ်ပေးရင် အစိုးရက ဘယ် နှစ်မှတ်ရသလဲဆိုတော့ စုစုပေါင်းပြောရင်တော့ အမှတ် ၆၀ ပေါ့ ။ အားလုံးသေချာ ခြုံငုံသုံးသပ်လိုက်တဲ့အခါကျတော့ ၈ မှတ်ပဲရတယ်။ ဆိုတော့ သိသိသာသာ မီဒီယာလွတ်လပ်အောင် လုပ်မပေးနိုင်ဘူး။ လက်ရှိအစိုးရက သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ပေးနိုင်မှုအနေအထားဟာ အားနည်းနေတယ်လို့ အဲလိုသဘောမျိုး အဲဒီအဖွဲ့ ၁၄ ဖွဲ့ကနေပြီးတော့ စစ်တမ်းလေးထုတ်တဲ့သဘောပါ”

အခုလို NLD အစိုးရသက်တမ်းတနှစ်တာကာလအတွင်း သတင်းမီဒီယာတွေနဲ့ပတ်သက်တဲ့ အခြေအနေတွေအပေါ် အကဲဖြတ် သုံးသပ်ချက်တွေဟာ ပြည်သူ့အစိုးရအပေါ် အပြုသဘောဆောင်သုံးသပ်တာဖြစ်သလို အစိုးရအကြီးအကဲတွေအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူတွေကိုလည်း အကြံပေးလိုတာသာဖြစ်တယ်လို့လည်း BNI က ဦးဇင်လင်းက ပြောပါတယ်။

ဒါ့အပြင် ၆၆(ဃ)လို မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားတွေ၊ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် အစိုးရကို အတိုက်အခံ ဝေဖန်သူတွေရဲ့ လူမှုကွန်ရက်စာမျက်နှာတွေနဲ့ သတင်းဂျာနယ်တွေမှာ ရေးသားပြောဆိုချက်တွေအပေါ် တရားစွဲဆိုမှုတွေ ဖမ်းဆီးချုပ်နှောင်မှုတွေ ဒီအစိုးရလက်ထက်မှာ ပိုမိုများပြားလာတာဟာလည်း လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ထားသလိုဖြစ်နေတာကိုလည်း ဒီအစီရင်ခံစာထဲ ထည့်သွင်းဖော်ပြထားပါတယ်။ အဓိက ကတော့ NLD အစိုးရလက်ထက်မှာ အစိုးရဌာနပြောခွင့်ရတွေ၊ နောက် သက်ဆိုင်ရာအစိုးရဝန်ကြီးဌာန ဘက်က သတင်းထုတ်ပြန်တာတွေဟာ အားရကျေနပ်စရာမရှိဘူးဆိုတာကိုလည်း ထောက်ပြထားပြီး အစိုးရအနေနဲ့ပြုပြင်ပြောင်းလဲသင့်တာတွေအတွက်လည်း အဲ့ဒီ့အစီရင်ခံစာထဲ အကြံပြုသုံးသပ်ချက်တွေ ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG