သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ စစ်တပ် ဆက်ဆံရေးကာင်းမွန် ဦဝင်းထိန် သုံးသပ်


NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကို ဗွီအိုအေ ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်း။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကို ဗွီအိုအေ ကိုကျော်ကျော်သိန်း တွေ့ဆုံမေးမြန်း။

တပ်မတော်ကို စွပ်စွဲပြောဆိုဖို့ ဆန္ဒမရှိသလို ရည်ရွယ်ချက်လဲမရှိဘူးလို့ ပြီးခဲ့တဲ့သီတင်းပတ်က တပ်မတော်နဲ့ သူနဲ့ ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်က ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ကြားမှာလဲ သိသာထင်ရှားတဲ့ သဘောထား ကွဲလွဲမှု မရှိဘူးလို့ သူက ပြောပါတယ်။ ဒါ့အပြင် NLD အစိုးရအဖွဲ့ လက်ရှိအခြေအနေနဲ့ ပတ်သက်လို့လည်း ရှင်းလင်း ပြောကြားခဲ့ပါတယ်။

ဦးဝင်းထိန်ကို ကိုကျော်ကျော်သိန်းက နေပြည်တော်၊ စည်ပင်ဧည့်ရိပ်သာမှာ တွေ့ဆုံ မေးမြန်းထားပါတယ်။

ကိုကျော်ကျော်သိန်း။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းသမားတွေနဲ့ တွေ့ရင်းနဲ့ ပြောတဲ့ စကားပေါ်မှာ မူတည်ပြီးတော့ တပ်ဘက်က ကြေညာချက် ထုတ်ပါတယ်။ ထုတ်တော့ တပ်ဘက်က သုံးတဲ့ အထဲမှာ ပြင်းပြင်းထန်ထန် ဆိုတဲ့ စကားမျိုးလည်း ပါတာ ကျနော် သတိထားမိပါတယ်။ ဆိုတော့ အဲဒီ ကိစ္စ ဘယ်လို အခြေအနေ ရောက်သွားပါပြီလဲ။

ဦးဝင်းထိန်။ ။ အဲဒီကိစ္စ ပြီးတော့ ပြည်ခိုင်ဖြိုးက ရှုတ်ချတာလည်း ပါတယ်။ တပ်မတော်က ရှုတ်ချတာလည်း ပါတယ်။ ကျနော်တို့ကတော့ ရှုတ်ချခံနေကျ အတိုက်အခံတွေ ဆိုတော့ ရိုးနေတော့ အေးဆေးဘဲ ကျနော်က။ ကျနော်က တပ်မတော် စွပ်စွဲဖို့ လုံး၀ ဆန္ဒ မရှိဘူး။

ရည်ရွယ်ချက်လည်း မရှိဘူး။ ပြည်ခိုင်ဖြိုးကိုလည်း စွပ်စွဲဖို့ လုံး၀ ဆန္ဒ မရှိဘူး။ ရည်ရွယ်ချက်လည်း မရှိဘူး။ သို့သော်လည်းဘဲ စိတ်ထဲမှာ စိတ်ကူးမိတာက ပါးစပ်က ထွက်လာတာ။ သို့သော် အဲဒီတုန်းက ထွက်တာက စဉ်းစားရုံ စဉ်းစားတာဘဲရှိတယ်။ စွပ်စွဲတာ မပါဘူး။ အခုလည်း ထပ်ပြောမယ် တပ်မတော်ကိုရော ပြည်ခိုင်ဖြိုးကိုရော စွပ်စွဲစရာ၊ စော်ကားစရာ ဘာမှ အကြောင်း မရှိဘူး။

ကိုကျော်ကျော်သိန်း။ ။ ဆိုတော့ တပ်နဲ့ လက်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကြား ဒီထက် ဆက်ပြီး ပြောရရင် ပါတီကနေ တာဝန်ပေးထားတဲ့ တာဝန်ရှိသူ အဆင့်ဆင့်၊ နောက်ဆုံး အဆင့် အစိုးရ အဖွဲ့ အဆင့်ပေါ့လေ ဆက်ဆံရေးကရော အဖုအထစ်လေးတွေများ ရှိသလား ခင်ဗျ။

ဦးဝင်းထိန်။ ။ အခု ငြိမ်းချမ်းရေး အဖွဲ့အစည်းမှာ ပါတဲ့ ဒေါက်တာ တင်မျိုးဝင်းတို့ ၊ ဦးအောင်စိုးတို့ နိုင်ငံလင်းတို့ သူတို့ဘက်က ပါတဲ့ အဖွဲ့တွေနဲ့ အခု MPC မှာ ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံနေရတယ်၊ ပြောနေရတယ်၊ ဆက်ဆံနေရတယ်။ မကြာခင်က ဗိုလ်ချုပ်ကြီး မြင့်စိုး တို့နဲ့တွေ့နေရတယ်။ ဘာမှ အပြင်းအထန် ငြင်းခုံ စရာ ဘာမှ မရှိဘူး။ သိသာထင်ရှားတဲ့ အဖုအထစ် မရှိဘူး။အလားတူဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြားမှာလည်း ဘာမှ သိသာ ထင်ရှားတဲ့ သဘောထား ကွဲပြားမှုတို့ အဖုအထစ်တို့ မရှိဘူး။

ကိုကျော်ကျော်သိန်း။ ။ နောက်တခုက အစိုးရ အဖွဲ့နဲ့ပတ်သက်လို့ပါ။ အစိုးရ အဖွဲ့ သက်တမ်း တနှစ်ကျော်ကျော် ရှိလာပါပြီ။ ဒီ တနှစ် ပြည့်ခါနီး အချိန်တုန်းက အစိုးရ အဖွဲ့ တာဝန်ရှိသူ တချို့များ အပြောင်းအလဲလုပ်မလား၊ ပိုပြီးတော့ စွမ်းဆောင်ရည် ကောင်းတဲ့သူတွေ ထည့်မယ်။ စွမ်းဆောင်ရည် ညံ့တဲ့သူတွေ ဖယ်မယ်။ နေရာ အပြောင်းအလဲတွေ လုပ်မလား ဆိုတဲ့ ခန့်မှန်းချက်တွေ ရှိခဲ့ပါတယ်။ ဆိုတော့ အခု တနှစ်ကျော်ကျော် ကာလ နောက်ပိုင်းမှာ အဲဒီ အလားအလာရော အပြောင်းအလဲ သို့မဟုတ် အစားထိုး ခန့်ထားဖို့ အသစ် ခန့်ထားဖို့ အဲဒီအလားအလာတွေ ဘယ်လို ရှိပါလဲ။

ဦးဝင်းထိန်။ ။ ဘယ်နိုင်ငံမှာ မဆို အစိုးရသစ် တနှစ်ပြည့်ပြီ ဆိုရင်တော့ အပြောင်းအလဲတွေ လုပ်လေ့လုပ်ထ ရှိတယ်။ အဲဒါကို မေ ျှာ်မှန်းပြီးတော့ ပြောကြ ဆိုကြ ကောလာဟလတွေ ထွက်တာပေါ့။ ကျနော်တို့ကတော့ အပြောင်းအလဲ မရှိဘူးလို့လည်း မပြောချင်ဘူး။ ရှိမယ်လို့လည်း မပြောချင်ဘူး။ သို့သော် လိုအပ်ရင်တော့ ပြောင်းလဲဖို့ရာ ဝန်မလေးဘူး။ အခုအထိ ကျနော်တို့ ပထမ ဒု ဝန်ကြီးတွေ မခန့်ခဲ့ဘူး။

လိုအပ်လို့ ခန့်ခဲ့တယ်။ အဲဒါ ဒု ဝန်ကြီး တယောက်ကို အကြောင်းကြောင်းကြောင့် အရေးယူ လိုက်ရတယ်။ နောက် ပြည်နယ် ဝန်ကြီးချုပ် တယောက်ကိုလည်း အရေးယူ လိုက်ရတယ်။ ဒါမျိုးတွေက နိုင်ငံရေး အရ လိုအပ်လို့ လုပ်ခဲ့တာ။ နောင်လည်း အဲလိုဘဲ နိုင်ငံရေး အရ လိုအပ်မယ် ဆိုရင်တော့ ပြုပြင် ပြောင်းလဲဖို့ကတော့ ရှိကောင်း ရှိမယ်။ သို့သော် ရှိမယ်လို့တော့ တပ်အပ် ပြောလို့ မရဘူး။

ကိုကျော်ကျော်သိန်း။ ။ နောက်တခု ကတော့ လက်ရှိ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်တဲ့ အသံတွေ ဝေဖန်သံတွေက ဝန်ကြီးချုပ်တွေ အားလုံးထဲမှာ ဆိုရင် အကျယ်လောင်ဆုံးလို့ ပြောလို့ရပါတယ်။ နောက်တခုကတော့ ဒီ ရန်ကုန် Bus System YBS ကိစ္စ၊ အခု YSB – Yangon School Bus ကိစ္စ၊ Water Taxi ကိစ္စ စသည်ဖြင့် အဲဒါတွေ ရှိတဲ့ အခါကျတော့ ကျနော်က မေးရင်း မြန်းရင်း ပြောရင်း ဆိုရင်းနဲ့ ကြားတာတွေ ရှိပါတယ်။

လွှတ်တော် အမတ်တွေ ကိုယ်တိုင်၊ ဒီ လွှတ်တော် အမတ်တွေ ကိုယ်တိုင်ကလည်း အားမလို အားမရ ဖြစ်ပြီးတော့ ပြောကြတာတွေ ရှိပါတယ်။ ဆိုတော့ ပါတီ အနေနဲ့ရော ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးများ သီးသန့်လုပ်ကိုင်တာမျိုး ရှိပါလဲ ခင်ဗျ။

ဦးဝင်းထိန်။ ။ ကျနော်က အခုထိ တိုင်းနဲ့ ပြည်နယ်တွေကို ၂ ပတ် တခါ၊ ၃ ပတ် တခါ သွားတဲ့ အခါမှာ တိုင်းနဲ့ပြည်နယ် ၁၁ ခု ရောက်ခဲ့ပြီ။ ရောက်တိုင်း အဓိက ရည်ရွယ်ချက်က အစိုးရယ်၊ ပါတီရယ်၊ လွှတ်တော်ရယ် Harmonize ဖြစ်ဖို့။ အစိုးရ လုပ်တာကိုလည်း လွှတ်တော်က သိရမယ်။ လွှတ်တော်က လုပ်တာကိုလည်း ပါတီက သိရမယ်။ အစိုးရလုပ်တာကို ပါတီကလည်း သိရမယ်။ အဲတော့ Check and Balance ပေါ့။ အဲဒီ မူနဲ့ လုပ်ဖို့ အမြဲတမ်း တိုက်တွန်းတယ်။

သူတို့ တိုင်းနဲ့ ပြည်နယ် အစိုးရတွေ အောင်မြင်မှ ကျနော်တို့ သွားချင်တဲ့ ဒီမိုကရေစီ အစိုးရ အောင်မြင်မှာ။ အစိုးရ အောင်မြင်မှ ကျနော်တို့ သွားချင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်မှာ။ အလားတူဘဲ ဖြိုးမင်းသိန်းနဲ့ ပတ်သက်လို့ ပြန် အဝှာလုပ် ဖြစ်မယ့် ကိစ္စတွေ ကျနော်တို့ မသိလို့ မဟုတ်၊ သိတယ်။ ကျနော်တင် မဟုတ်ဘူး။

ဒေါ်အောင်ဆန်းစုကြည်လည်း သိတယ်။ ခုနက ပြောသလိုပေါ့ တိုင်းနဲ့ပြည်နယ် အစိုးရတွေ အောင်မြင်မှ ကျနော်တို့အောင်မြင်မယ်။ အလားတူဘဲ ရန်ကုန်တိုင်းက မြန်မာပြည်ကို ကိုယ်စားပြု ရလောက်အောင်ကို ကိစ္စ များမြောင်တယ်။ နိုင်ငံရေး အရလည်း အရေးပါတဲ့ အတွက်ကြောင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ် အောင်မြင်ဖို့ YBS ကိစ္စဘဲ ဖြစ်ဖြစ်၊ ကျောင်းကား ကိစ္စဘဲ ဖြစ်ဖြစ်၊ Water Taxi ဘဲဖြစ်ဖြစ် အောင်မြင်ဖို့ နည်းမျိုးစုံနဲ့ ပံ့ပိုးပြီးတော့ ကြိုစားပြီး လုပ်နေတာ။

ကိုကျော်ကျော်သိန်း။ ။ လက်ရှိ ဒီ အစိုးရ တဖွဲ့တရပ်လုံးနဲ့ ပတ်သက်လို့ရော ပြည်နယ်တိုင်း ဝန်ကြီးချုပ်၊ ပြည်နယ်တိုင်း အစိုးရ အဖွဲ့ ၁၄ ခု၊ ပြည်ထောင်စု အစိုးရ အားလုံးနဲ့ ပတ်သက်ပြီး နောက်ဆုံး အချုပ် ဘာပြောပါသလဲ။

ဦးဝင်းထိန်။ ။ ဒီ ပြည်ထောင်စု အစိုးရနဲ့ ပတ်သက်လို့ ကျနော် တနှစ်ပြည့်တုန်းက ဒေါ်အောင်ဆန်းစုကြည်လည်း ပြောတယ်၊ နာယကကကြီးလည်း ပြောတယ်။ ကျနော်လည်း ပြောခဲ့တယ်။ ၁၉၆၂ ခုနှစ်က စပြီးတော့ ၂၀၁၆ ထိ တပ်မတော်က ပုံစံ အမျိုးမျိုးနဲ့ အုပ်ချုပ်ခဲ့တဲ့ စနစ်ကြီး တခုလုံးကို ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အရပ်သား အစိုးရ ပြောင်းတယ်ဆိုတာ အင်မတန် ကြီးမားတဲ့ အပြောင်းအလဲ။ ဘယ်တုန်းကမှ မရှိဖူးဘူး။

အဲဒါဟာ အခု ဒီတနှစ် တည်တည်ငြိမ်ငြိမ်နဲ့ဖြတ်သန်း လာခဲ့တာဟာ ဒါ ကျနော်တို့ရဲ့ဂုဏ်ယူရမဲ့ ကိစ္စတခု ဖြစ်တယ်။ဟုတ်လား။ အစိုးရတော်တယ် မတော်ဘူး။ကောင်းတယ် မကောင်းဘူး။ Efficient ဖြစ်တယ်၊မဖြစ်ဘူးဆိုတာ ပြောကြပါစေ။သို့သော် အားလုံးရဲ့အစိုးရ တဖွဲ့လုံးရဲ့အဓိက အရည်အချင်းက စေတနာ၊ တိုင်းပြည်နဲ့ လူမျိုး ကောင်းစားစေချင်တဲ့ စေတနာ။ အဲဒီစေတနာကို မူတည်ပြီး လုပ်တဲ့ အတွက်ကြောင့်မို့လို့ တချို့လူတွေက အားမလို အားမရဖြစ် တာတွေ ကျနော်တို့ နားလည်တယ်။

ဒေါ်အောင်ဆန်းစုကြည်က ကျနော်တို့ထက် အများကြီး In Touch ဖြစ်နေတယ်။ ဆိုတော့ ကောင်းတာကော မကောင်းတာကော ကျနော်တို့က ဒေါ်စုကို သတင်းပို့ဖို့က ဝန်မလေးဘူး။ ဒါကြောင့်မို့ သူအကုန်သိတယ်။ အဲတော့ အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီးမှ သူလိုအပ်မယ့် အလုပ်တွေ လုပ်သွားမယ်ဆိုတာ ဒါကတော့ ကျနော်ပြောရဲတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG