သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သီးခြား အပစ်ရပ်ရေးစာချုပ် မြောက်ပိုင်းအဖွဲ့ အဆိုပြုထား


ရှမ်းပြည်မြောက်ပိုင်း Mar Wong ရွာကို ချီတက်လာခဲ့တဲ့ တအာင်းပလောင်တပ်ဖွ့ဲ။ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၅။
ရှမ်းပြည်မြောက်ပိုင်း Mar Wong ရွာကို ချီတက်လာခဲ့တဲ့ တအာင်းပလောင်တပ်ဖွ့ဲ။ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၅။

လက်ရှိကျင်းပနေတဲ့ ၂၁ရာစုပင်လုံ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တရုတ်နိုင်ငံရဲ့ ညှိုနှိုင်းပေးမှုနဲ့ မြောက်ပိုင်း စစ်ရေးမဟာမိတ် အဖွဲ့ဟာ လေ့လာသူသဘော တတ်ရောက်လာခဲ့ပြီး သူတို့ရဲ့သီးခြား အပစ်အခတ် ရပ်စဲရေးစာချုပ် အဆိုပြုချက် တရပ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ကော်မရှင်ကို ပေးအပ်ခဲ့ပါတယ်။

ဒီ အဆိုပြုချက်နဲ့ ပတ်သက်လို့ရော တက်ရောက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ရော မြောက်ပိုင်းအဖွဲ့ဝင် ဖြစ်တဲ့ TNLA တအောင်းပလောင် လွတ်မြောက်ရေး အဖွဲ့ အထွေထွေ အတွင်းရေးမှုး ဗိုလ်မှုးတာပန်လကို ဗွီအိုအေ သတင်းထောက် မမေခက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အပြည့်အစုံကို နားဆင်ကြရအောင်ပါရှင်။

ဗိုလ်မှူး တာပန်လှ။ ။ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍကို ပြန်ကြည့်မယ် ဆိုရင်တော့ ဒါ နှစ်ဦး နှစ်ဖက်လို့ ပြောရမယ်။ နှစ်ဦးနှစ်ဖက်က ပထမတဖက်က ကျနော်တို့ ရဲ့ နိုင်ငံပါ။ မြန်မာအစိုးရ ဘက်က မေတ္တာရပ်ခံတယ်။ အကူညီပေးဖို့ ပေါ့လေ။ အထူးသဖြင့် တိုက်ပွဲဖြစ်ပွား နေတာက တရုတ် မြန်မာ နယ်စပ်မှာ တိုက်ပွဲ ဖြစ်ပွားတာကိုး။တရုတ်အစိုးရဘက်က ကျတော့ နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်လောက် ရှိပါပြီ။ သူ မြန်မာ့နိုင်ငံရေးမှာ ဝင်မပါဘူး။ သူ့လုပ်ငန်း၊ သူ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကိုဘဲ သူဇောက်ချပြီး သူလုပ်ခဲ့တယ်။

သို့သော် ဒီ ၂၀၁၀ နောက်ပိုင်း တရုတ်မြန်မာ နယ်စပ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ပွားတဲ့ အခါ သူ့ရဲ့နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို အနှောက်ယှက်ဖြစ်တယ်လို့ သူတို့ယူဆတယ်။ နယ်စပ်တည်ငြိမ်မှုကို ထိခိုက်တယ်ပေါ့လေ။ အခုက One Belt One Road ပေါ့လေ ပိုးလမ်းမ ကိစ္စပေါ့လေ။ ပိုးလမ်းမက သူတို့ဘက်က တော်တော်လေးကို အဆင်သင့်ဖြစ်နေပြီ။ သို့သော် ကျနော်တို့ နိုင်ငံဘက်က မငြိမ်းချမ်းတဲ့ အတွက် အမြဲတမ်း တိုက်ပွဲဖြစ်ပွား နေတဲ့အတွက် သူတို့ဘက်က အဲဒီစီမံကိန်းက စတင်လို့မရဘူး။

မြန်မာအစိုးရဘက် ကလည်း ပြီးခဲ့တဲ့ Forum မှာ လက်မှတ်ရေးထိုး ခဲ့တယ်။ ဒါကို သူတို့ဘက်က One Belt One Rode မှာ ပူးပေါင်းဆောင်ရွက်ဖို့ လက်မှတ်ရေးထိုးခဲ့တယ်။ လက်မှတ်ရေးထိုး ထားပေမယ့် နှစ်ဦးနှစ်ဖက် လက်မှတ်ရေးထိုး ထားပေမယ့် တကယ့် မြေပြင် အခြေအနေမှာက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ အဆင့်ပေါ့။အဲဒီစီမံချက်၊ အဲဒီ Projects တွေက အကောင်ထည်ဖော်ဖို့ ခက်ခဲပါတယ်။ အဲဒါကြောင့်မို့လို့ သူတို့ရဲ့တတ်နိုင်သမျှ အနေအထားမျိုး သူတို့ရဲ့ မူဝါဒနဲ့သူ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ ကူညီချင်တယ်။

မမေခ။ ။ အခု ပြောလာနေတာက တရုတ်က ကြားဝင်စေ့စပ်တယ်။ တရုတ်က ကြားဝင် စေ့စပ်တယ်ဆိုတော့ ဒီ အခု လက်ရှိ အကိုတို့ ရေးဆွဲထားတဲ့ မူတွေပေါ့နော် အပစ်အခတ် ရပ်စဲရေး စာချုပ်တို့ ၊ အထွေထွေ မူဝါဒနဲ့ ရပ်တည်ချက်တို့ ၊ ဒါတွေက ထွက်ပေါ်လာပြီပေါ့နော်။ အဲဒီတော့ တရုတ်ရဲ့ညှိနှိုင်းမှု နောက်ကွယ်မှာ ပေါ့နော်။ ဒီစာချုပ်တွေ ပေါ်မှာကော တရုတ်ရဲ့အကျိုးသက်ရောက်မှု၊ သြဇာသက်ရောက်မှု ရှိလားဆိုတဲ့ မေးခွန်းလေးတွေလည်း ထွက်ပေါ်လာနေတယ်။ အဲဒီ အပေါ်မှာကော အကိုရဲ့သဘောထားလေး ဘယ်လိုရှိသလဲ။

ဗိုလ်မှူး တာပန်လှ။ ။ အထူးသဖြင့် ဒီစာချုပ်စာတမ်းတွေက စောစောတုန်း ကလည်း ကျနော်ဖြေကြားခဲ့ပါပြီ။ ကျနော်တို့က အစောဆုံး NCA လမ်းကြောင်းနဲ့ ချဉ်းကပ်ခဲ့ပါတယ်။ နှစ်ပေါင်း သုံး လေး ငါးနှစ် ချဉ်းကပ်တယ်။ အဲဒါက မအောင်မြင်ဘူး။ အလုပ်မဖြစ်ခဲ့ပါဘူး။ အလုပ်ဖြစ်မယ့် လမ်းကြောင်းကို ကျနော်တို့ ချဉ်းကပ်တယ်။ ချဉ်းကပ်တဲ့ အခါမှာလည်း ကျနော်တို့ ကော်မတီ စုဖွဲ့ထားတယ်။ ရပ်တည်ထားတဲ့ ရပ်တည် ချက်တွေရှိတယ်။ အဲဒီ ရပ်တည်ချက်နဲ့ အတူ စုစည်းနိုင်မှုနဲ့ အတူ ဒီစာချုပ်စာတမ်းလည်း အကုန်လုံး ပူးပေါင်းပြီးတော့ အတူတကွ ရေးဆွဲထားတဲ့ စာချုပ်စာတမ်းတွေ ဖြစ်ပါတယ်။

မမေခ။ ။ အဲဒီတော့ ကျမ ဒီစာချုပ်ကို ဖတ်ကြည့်တဲ့ အခါကျ တော်တော်များများက ဒီစာချုပ်နဲ့ တော်တော်များများ တူတာတွေ ကျမ တွေ့ပါတယ်။ အဲတော့ တချို့ဟာတွေ အပိုင်းတွေကတော့ မတူဘူးပေါ့နော်။ တပ်နဲ့ တပ်ရဲ့ နေရချထားရေး ဒီအပိုင်းမှာ တော်တော်လေး ကန့်သတ်ထားတာမျိုး ရှိတယ်။ နောက်တခုက တချို့ အပိုင်းတွေ တော်တော်များများကတော့ စကားလုံး အသုံးအနှုန်းလေးတွေ ကွဲပြာနေတာ ရှိတယ်။ အစိုးရဘက်က ဒီအပိုင်းကို လုံး၀ လက်မခံဘူးဆိုတဲ့ အပိုင်းမျိုး သဘောမျိုးမှာ ရှိတယ်။ အဲတော့ လက်မခံဘူးဆိုရင် ဘယ်လို ဆက်သွားမလဲ။ ဘယ်လိုပုံစံမျိုးနဲ့ လုပ်သွားမလဲ။

ဗိုလ်မှူး တာပန်လှ။ ။ အခုအချိန်ထိတော့ ကျနော်တို့ဘက်က ဆက်လက်ညှိနှိုင်းဖို့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကျနော်တို့ ကော်မတီ အနေနဲ့ ဒီမှာ ရောက်ရှိလာတာ ဖြစ်တယ်ပေါ့လေ။ ဒါ တခု။ နောက်တခုက ဘာလဲ ဆိုတော့ ကျနော်တို့ ပြင်ဆင်ထားတဲ့ စာချုပ်စာတမ်းက NCA မှာ ပါတဲ့ အချက်အလက် တော်တော်များများကို ကျနော် ယူထားတာ ဖြစ်ပါတယ်။ NCA နဲ့ ကျနော်တို့ စာချုပ်နဲ့ ဘာဘဲ ခြားနားသလဲ ဆိုတော့ NCA မှာတော့ သူက နိုင်ငံရေး၊ စစ်ရေး နှစ်ခုစလုံး ပူးပေါင်းထားတဲ့ စာချုပ်တခု ဖြစ်တယ်။ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ကိစ္စကိုဘဲ ဦးတည်ထားတဲ့ စစ်ရေး စာချုပ်ဘဲ ဖြစ်တယ်။

မမေခ။ ။ ဒီလမ်းကြောင်းနဲ့ တူတယ်။ NCA နဲ့ တော်တော်များများတူရဲ့သားနဲ့ ဘာကြောင့်များ လမ်းကြောင်း အသစ်တခု အနေနဲ့ ဖောက်ပြီးတော့ အစိုးရနဲ့ ဆွေးနွေးတာလဲ။ ဒါကရော ဘယ်လောက် အောင်မြင်မှုရလာမယ်လို့ ထင်ထားလဲ။

ဗိုလ်မှူး တာပန်လှ။ ။ NCA လမ်းကြောင်းက ချဉ်းကပ်ခဲ့တယ်။ ၄ - ၅ နှစ် အ ချိန်ယူပြီး ချဉ်းကပ်ခဲ့တယ်။ NCA လမ်းကြောင်းက အလုပ်မဖြစ်တော့လို့ မအောင်မြင်တော့လို့ ကျနော်တို့ ဒီ လမ်းကြောင်းကို ချဉ်းကပ်ရတာ ဖြစ်တယ်။ NCA မှာ ကျနော်တို့ လက်ခံနိုင်တဲ့ ကောင်းမွန်တဲ့ အချက်အလက်တွေ အကုန်လုံး ပြန်ယူထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG