သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တရုတ်ကိုယ်စားလှယ်နဲ့တွေ့ဆုံ


တရုတ်နိုင်ငံ ကူမင်းမြို့ မြင်ကွင်း။
တရုတ်နိုင်ငံ ကူမင်းမြို့ မြင်ကွင်း။

တရုတ်နိုင်ငံခြားရေးဌာန အထူးသံတမန်နဲ့ တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ယူနန်ပြည်နယ်မှာ တွေ့ဆုံခဲ့ပြီးလက်ရှိ ငြိမ်းချမ်းရေးအလားအလာတွေကို ဆွေးနွေးခဲ့ပါတယ်။ ဒါအပြင် ပန်ခမ်းအစည်းအဝေးက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ပေးအပ်ခဲ့သလို မြန်မာအစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ၇ဖွဲ့လုံးပါဝင်မှ ဆွေးနွေးမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ဒီလိုတွေ့ဆုံဖို့အတွက် တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန်က ဖိတ်ကြားခဲ့တာဖြစ်ပြီး တရုတ်မြန်မာနယ်စပ်အခြေစိုက်UWSA ဝအဖွဲ့ ၊ KIO ကချင်အဖွဲ့၊ TNLA ပလောင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့နဲ့ AAခေါ်ရခိုင်အဖွဲ့က ခေါင်းဆောင်တွေဟာ တရုတ်နိုင်ငံယူနန်ပြည်နယ် ကူမင်းမြို့မှာ ဒီလ ၁၁ရက်နေ့က သွားရောက်ဆွေးနွေးခဲ့ပါတယ်။

တရုတ်အထူးသံတမန်နဲ့ ဆွေးနွေးတဲ့အခြေအနေကို ဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တဲ့ TNLA ပလောင်အဖွဲ့ ရဲ့ ဒုဥက္ကဋ္ဌ တာ့ဂျုတ်ဂျားက အခုလို ပြောပါတယ်။

"အဓိက တွေ့ဖြစ်တာကတော့ ဆွန်ကော့ရှန်ကိုယ်တိုင်က ကျနော်တို့ ပန်ခမ်းညီလာခံမှာ သဘောတူထားတဲ့စာတမ်းအကြောင်းတွေ သိချင်တယ်။ အဲ့ဒီတော့ ကျနော်တို့ သဘောတူညီထားတဲ့ဟာတွေကို ပေးလိုက်တာပေါ့။"

တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန်ဟာ မြောက်ပိုင်းမဟာမိတ် အဖွဲ့တွေနဲ့ အစိုးရအကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဖြစ်မြောက်စေဖို့ ကြားဝင်ညှိနှိုင်းပေးသူဖြစ်ပြီး အစိုးရနဲ့ တွေ့ဆုံမယ်ဆို ပန်ဆန်းခေါ် ပန်ခမ်းအစည်းအဝေးဆုံးဖြတ်ချက်အရ ၇ ဖွဲ့လုံးပါဝင်မှ တွေ့ဆုံမှာဖြစ်ကြောင်းလည်း တာဂျုတ်ဂျားက ပြောပါတယ်။

" ကျနော်တို့က ၇ဖွဲ့စလုံး တပြိုင်နက်တည်းတွေ့မှ ကျနော်တို့ လက်ခံမယ်လို့ အဲ့တာလည်း ကျနော်တို့ ဆွန်ကော့ရှန်ကို ပြောလိုက်တယ်။ စောစောက ကျနော်တို့ ၃ ဖွဲ့ပဲ ဖိတ်တာရှိသေးတာလေ။ ၃ဖွဲ့အနေနဲ့တော့ မတွေ့ဖြစ်ဘူး။ ဒီပန်ဆမ်းမှာ သဘောတူထားတဲ့ အတိုင်း တွေ့ဖို့ရှိတယ်လေ အဲ့တာကိုတော့ ကျနော်တို့ ပြောလိုက်တယ်။ ကျနော်တို့ ၇ ဖွဲ့နဲ့တွေ့မယ်ဆိုရင်တော့ ဒါအချိန်မရွေးပဲလို့။ "

လာမယ့် ၂၄ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ၇ဖွဲ့လုံးကို ဖိတ်ကြားမယ်ဆို တက်ရောက်ဖို့ အသင့်ရှိကြောင်းနဲ့ လေ့လာသူအဖြစ် ဖိတ်ကြားရင်တော့ တက်ဖြစ်မှာ မဟုတ်ကြောင်းလည်းဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ သင်္ကြန်မတိုင်မီကာလကတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ TNLA ပလောင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့နဲ့ AAခေါ်ရခိုင်အဖွဲ့တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် တို့ ယူနန်ပြည်နယ် ကူမင်းမြို့မှာ တွေ့ဆုံဖို့ စီစဉ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါတယ်။

သင်္ကြန်ကာလအတွင်းမှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အတူ KIO ကချင်အဖွဲ့၊ UWSA ဝအဖွဲ့၊ NDAA ခေါ် မိုင်းလားအဖွဲ့နဲ့ SSPP ခေါ် ရှမ်းမြောက်အဖွဲ့ စုစုပေါင်း ၇ဖွဲ့ဟာ UWSA ဌာနချုပ် ပန်ဆန်းမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဧပြီလ ၁၉ရက်နေ့မှာ တရုတ်မြန်မာနယ်စပ်အခြေစိုက်အဖွဲ့ ၇ဖွဲ့က ငြိမ်းချမ်းရေးဆွေးနွေး တာကို NCA ခေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ပြင်ပကနေ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ပန်ဆန်းအစည်းအဝေးဆုံးဖြတ်ချက်ကို အစိုးရနဲ့ တပ်မတော်ထံကို ပေးပို့ထားပေမဲ့ အခုချိန်ထိတော့ အကြောင်း ပြန်ကြား မရှိသေးဘူးလို့လည်း တာဂျုတ်ဂျားက ပြောပါတယ်။

အစိုးရဲ့ ငြိမ်းချမ်းရေးကော်မရှင်ဖက်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအလာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေဆိုတာ မရှိခဲ့ပါဘူး။

ငြိမ်းချမ်းရေးကော်မရှင်က ဒီလ ၆ရက်နေ့က သတင်းထုတ်ပြန်ရာမှာတော့ NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့အစည်းတွေနဲ ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်း နဲ ဒီလို ဆွေးနွေးရာမှာ NCA လမ်းကြောင်းအတိုင်း ဆွေးနွေးမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၂ရက်နေ့ နေပြည်တော် သိင်္ဂဟ ဟိုတယ်မှာ ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ငြိမ်းချမ်းရေးညီလာခံ အောင်မြင်ဖို့အတွက် အားလုံးမှာ တာဝန်ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးမလိုချင်ရင် နည်းအမျိုးမျိုးနဲ့ ကြန့်ကြာအောင် လုပ်ဆောင်တာ ရှိနိုင်ကြောင်း ဝေဖန်ပြောကြားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG