သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလနဲ့တရုတ် မြန်မာ့ငြိမ်းချမ်းရေးမှာ ပါဝင်လာမှု


မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကုလသမဂ္ဂ ပါဝင်ကူညီမယ့် အစီအစဉ်ကို မတ်လအတွင်း စတင်နိုင်ဖို့ မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးက ပြောပါတယ်။

ဒီအတောအတွင်း NCA စာချုပ်ကို ထောက်ခံထားတဲ့ အိမ်နီးချင်း တရုတ်အစိုးရလည်း ငြိမ်းချမ်းရေးအတွက် ပါဝင်ကူညီပေးနေပေမဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးရေး၊ မထိုးရေးဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာပဲ မူတည်တယ်လို့ တရုတ်သုတေသီ တဦးက ပြောကြားလိုက်ပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကူညီနေတဲ့ ကုလသမဂ္ဂနဲ့ တရုတ်တို့ရဲ့ အခန်းကဏ္ဍတွေ ဘယ်အတိုင်းအတာထိရှိနေလဲ။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ (၂၃) ရက်နေ့က နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ ငြိမ်းချမ်းရေး ရန်ပုံငွေဆိုင်ရာ အစည်းအဝေးမှာ ကုလသမဂ္ဂရဲ့ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က အဆိုပြုထားတဲ့ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကူညီမယ့် အစီစဉ်ကို မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား သဘောတူညီခဲ့ကြပါတယ်။ အကျိုးဆက်အဖြစ် ကုလသမဂ္ဂဘက်က အကူအညီတွေကို မတ်လအတွင်း စတင်ပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ အမျိုးသမီးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကုလသမဂ္ဂက ပါဝင်ကူညီမယ့် အစီအစဉ်ကို နောက်လအတွင်း စတင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲဒီအစဉ်ကနေ အခြားလိုအပ်တဲ့ အကူညီတွေ အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အထောက်အကူပြုတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပေးမှာပါ။ အဲဒီထဲမှာ JMC အပစ်အခတ်ရပ်စဲရေး ပူးတွဲ စောင့်ကြည့်ရေးကော်မတီကို အလှူရှင်နိုင်ငံတွေက ငွေကြေးနဲ့ ကျွမ်းကျင်မှု အထောက်အပံ့တွေပေးမယ့် အစီအစဉ်၊ စီမံခန့်ခွဲမှုနဲ့ JMC ရဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ လုပ်ငန်းစဉ်တွေ အားကောင်းလာအောင် အကူအညီပေးဖို့ စတာတွေပါဝင်ပါတယ်။”

ဒီအတောအတွင်း မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လေ့လာသူအနေနဲ့ ပါဝင်ကူညီနေတဲ့ တရုတ်အစိုးရဘက်ကတော့ သူရဲ့ နယ်စပ်တလျောက်မှာရှိနေတဲ့ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို မြန်မာအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်ဟာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအပေါ်မှာပဲ မူတည်တယ်ဆိုတဲ့ သဘောထားရှိနေကြောင်း တရုတ်-မြန်မာအရေး ကျွမ်းကျင်သူ အမေရိကန်အခြေစိုက် Stimson Center သုတေသနဌာနက တရုတ်သုတေသီ Yun Sun က အခုလို ပြောပါတယ်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေက မြန်မာအစိုးရအနေနဲ့ လူနည်းစု တိုင်းရင်းသားအဖွဲ့တွေနဲ့ ဘယ်လောက် ညှိနှိုင်းနိုင်စွမ်းရှိသလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။ ဒါက ပြည်တွင်းရေးကိစ္စပါ။ တရုတ်အစိုးရဘက်ကတော့ သူတို့လုပ်နိုင်သလောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေကို ညီလာခံကိုတက်ဖို့၊ ဗဟိုအစိုးရနဲ့ ညှိနှိုင်းဆွေးနွေးဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားတွေဘက်က သူတို့လက်မခံနိုင်တဲ့ အချက်တွေကြောင့် တရုတ်တို့တိုက်တွန်းနေသလို မလုပ်နိုင်ဘူးဆိုရင်လည်း တရုတ်အနေနဲ့က မလုပ်မနေ လုပ်ရမယ်လို့ ပြောမှာ မဟုတ်ပါဘူး။”

ဒေါ်အောင်ဆန်းစုကြည် နဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြဖို့ ရှိနေပါတယ်။ မတ်လအတွင်း ကျင်းပဖို့ လျာထားတဲ့ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်ရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ အစိုးရဘက်ကရော၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ ကြိုးစား ညှိနှိုင်းနေကြပါတယ်။ အခုလို အားလုံးပါဝင်ရေး ညှိနှိုင်းရာမှာ မြန်မာ့တပ်မတော်ဘက်က သဘောထား ကန့်သတ်ချက်တွေဟာ ရှေ့တိုးဆောင်ရွက်မယ့် အခြေအနေကို အဟန့်အတား ဖြစ်နေပြန်တယ်လို့ အကဲခတ်တချို့ကလည်း သုံးသပ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG