သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်ဘက်က နေရာကန့်သတ်မှုကြောင့် ရှမ်းနိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့မသေချာ


RCSS-SSA တပ်ဖွဲ့ဝင်များ
RCSS-SSA တပ်ဖွဲ့ဝင်များ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်ဆောင်မယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ နိုင်ငံရေးဆိုင်ရာအချက် အလက်တွေ တင်ပြနိုင်ရေးအတွက် တိုင်းနဲ့ ပြည်နယ်တွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့ ပြင်ဆင်နေ ချိန်မှာဘဲ ဖေဖေါ်ဝါရီ လကုန်ပိုင်းမှာ ကျင်းပဖို့လျာထားတဲ့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA ဒေသမှာ ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ မသေချာသေးဘူးလို့ RCSS တာဝန်ရှိသူတွေက ပြောပါတယ်။ ရှမ်းအဖွဲ့အစည်းတွေက တောင်ကြီးနဲ့ပင်လုံမြို့မှာ ရှမ်းလူမျိုးအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်ပြုဖို့တောင်းဆိုချက်အပေါ် တပ်မတော်က ခွင့်မပြုခဲ့ဘူးလို့လည်း ဆိုပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရေးမှာ တပ်မတော်ရဲ့သဘောထားတခုထဲ တောင်းခံနေရတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ရှမ်းနိုင်ငံရေး ပါတီခေါင်းဆောင် တွေက ပြောဆိုမှုတွေလည်း ရှိနေပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ ထားပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် တပ်မတော်က ခွင့်ပြုတဲ့နေရာမှာ ကျင်းပဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲ ကော်မီတီ UPDJC ကနေ အကြောင်းပြန် လာတာကြောင့် ရှမ်းပြည်နယ်အတွင်း နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ မသေချာသေးဘူးလို့ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

“ ဒီတပ်မတော် အစုအဖွဲ့ကနေ အတည်ပြုပေးထားတဲ့ အတိုင်းသာ စဉ်းစားကြပါ ဆိုပြီးတော့ အဲလို ပြောလာပါတယ်။ အဲဒီနေရာတွေမှာတော့ ကျင်းပလို့ မဖြစ်နိုင်တဲ့ဒေ သတွေ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တောင်ကြီးမြို့နဲ့ ပင်လုံ ရှားသီးမြို့တွေမှာ ကျနော်တို့ကို ကျင်းပခွင့် ပြုပါဆိုပြီး ထပ်မံတောင်းဆို ထားဆဲဖြစ်ပါတယ်။ အကယ်၍ ခွင့်ပြုချက် မရဘူး ဆိုရင်တော့ ကျနော်တို့က ဘယ်နည်း ဘယ်ပုံနဲ့မှ ကျင်းပနိုင်မှာ မဟုတ်တော့ဘူး ဆိုတာကတော့ ထင်ရှားပါတယ်ခင်ဗျ ”

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပရေးအတွက် ရှမ်းအဖွဲ့အစည်းတွေ ကနေ တောင်ကြီး ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့ တောင်းဆို ခဲ့ပေမဲ့ တပ်မတော် အစုအဖွဲ့ ကနေ ရှမ်းပြည်အရှေ့တောင်ပိုင်းဒေသရှိ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့တွေမှာသာ ကျင်းပဖို့ခွင့် ပြုကြောင်း UPDJC ကိုယ်စား နိုင်ငံတော်သမ္မတရုံးကနေ ဖေဖေါ်ဝါရီ ၂၃ ရက်စွဲနဲ့ အကြောင်းကြားလာခဲ့တာပါ။ အဲဒီစာထဲမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲကို တပ်မတော် ခွင့်ပြုတဲ့နေရာ မှာသာကျင်းပဖို့နဲ့ တပ်မတော်နဲ့ဘဲ ညှိနှိုင်းဖို့ သဘောထား မှတ်ချက်ပေးထားပါတယ်။

လက်ရှိ တပ်မတော်ကနေ ခွင့်ပြုထားတဲ့ မိုင်းပန်၊ မိုင်းတော့၊ မိုင်းထား မြို့တွေမှာ သွား လာနေထိုင်ရေး အခက်ခဲရှိနေတဲ့ အတွက် တောင်ကြီးနဲ့ ပင်လုံမြို့တွေမှာ ကျင်းပ ခွင့်ပြုဖို့ ထပ်မံတောင်းဆို ထားတယ်လို့ RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလ က ပြောပါတယ်။

“ ကျနော်တို့မှာ ကျင်းပလို့ မရနိုင်တဲ့ အနေအထားတွေ အများကြီးရှိပါတယ်။ ဥပမာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပတဲ့နေရာမှာ ကျနော်တို့ လူဦးရေ သောင်း လေးရာ ငါးရာလောက် ဖိတ်ကြားပြီးတော့ ဆွေးနွေးကြမယ်ဆိုရင် ခရီးသွားလာရေး နေရေး စားရေးသောက်ရေး ကအစပေါ့နော်၊ မဆောင်ရွက်နိုင်တဲ့ အနေအထား ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီဒေသကို လာကြည့်ကြပါ .. သူတို့ ကိုယ်တိုင်တော့ ရောက်ဖူးသလားတော့ မသိဘူး၊ အဲဒီနေရာတွေက တောတောင်တွေ ပါပဲ။ ဥပမာ မိုင်းတော့၊ မိုင်းထားဆို အိမ်ခြေ ၁၀ အိမ်တောင် မရှိတဲ့နေရာ မျိုးမှာ ဖြစ်ပါ တယ်ခင်ဗျား။ ဆိုတော့ ထပ်မံပြီးတော့ ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံလည်းဖြစ် ကျနော်တို့ UPDJC ရဲ့ဥက္ကဌလည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို ဒီတောင်ကြီးမြို့နဲ့ ပင်လုံမြို့မှာ ကျနော်တို့ကို အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့် ပြုစေ လိုကြောင်း ထပ်မံပြီး တောင်းဆိုထားဆဲ ဖြစ်ပါတယ် ”

RCSS/SSA အနေနဲ့ တောင်ကြီး ပင်လုံမြို့မှာ ကျင်းပခွင့်ပြုဖို့ ထပ်မံတောင်းဆို ထားတာဖြစ်ပြီး တကယ်လို့ ခွင့်ပြုချက် မရဘူးဆိုရင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ မသေချာတော့ဘူးလို့ ဗိုလ်မှူးကြီးစိုင်းလက ဆိုပါတယ်။

ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မီတီ UPDJC ကနေ ဦးစီးကျင်းပ သွားရမှာ ဖြစ်ပြီး တပ်မတော်ရဲ့ သဘောထား တခုထဲတောင်းခံနေ ရတဲ့အပေါ် မဖြစ်သင့်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် တွဲဘက် အတွင်းရေးမှူး စိုင်းကျော်ညွန်က ပြောပါတယ်။

“ သတ်မှတ်ပေးတဲ့ နေရာမှာပဲ လုပ်ရမှာလားပေါ့ဗျာ၊ ဒီလုပ်ငန်းစဉ်တွေပေါ်မှာ ကျနော် တို့လဲ ပါဝင်ပတ်သက်နေတာပဲ။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံက အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို စီမံကျင်းပ ကွပ်ကဲပိုင်ခွင့်ရှိတာ UPDJC ပါ။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့အတွက် ဟိုအဖွဲ့အစည်းရဲ့ သဘောထား ဒီအဖွဲ့ အစည်းရဲ့ သဘောထား လိုက်တောင်းသလို ဖြစ်နေရတယ် ဆိုတာက သိပ်တော့ ပုံသဏ္ဍန် သိပ်မမှန်သလိုဖြစ်နေပါတယ် ”

ရှမ်းအဖွဲ့အစည်းတွေရဲ့ တင်ပြချက်အပေါ် နောက်အပတ်မှာ ကျင်းပမယ့် UPDJC အစည်းအဝေးမှာ ဆက်လက်ဆွေးနွေး သွားမယ်လို့ UPDJC ရဲ့ ဒုတိယဥက္ကဌ ဦးသုဝေက ပြောပါတယ်။

“ မပြောတတ်သေးဘူး.. သူတို့ ထပ်ပြီးတော့ တင်ထားတယ် ဆိုတာတော့ ကျနော်တို့ ဆုံးဖြတ်တာ မရှိသေးဘူးခင်ဗျ။ ချင်းပြည်နယ်ဆိုရင် ပထမတုန်းက သူတို့ ခွင့်တောင်း တာကလည်းပဲ ဟားခါးမှာ လုပ်ဖို့လေ၊ အဲဒီမှာ သူတို့ သဘောတူပြီးတော့ လုပ်မယ် လို့တော့ ပြောတာပဲ။ အခု ဘယ်လို .. ဘယ်လိုတွေ ပြောင်းတယ် အဲဒါတော့ သူတို့ သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ အခြေအနေကြောင့်လို့ ထင်တာပဲလေ။ သူတို့ လုပ်မယ့် ဒေသတွေရဲ့ လုံခြုံရေးကိစ္စတွေ ဘာတွေကြောင့်မို့လို့ တပ်မတော်ကို ပြော တာလည်း ဖြစ်လိမ့်မယ် ထင်တယ်။ ရှေ့အပတ်လောက်ဆိုရင် ကျနော်တို့ UPDJC အစည်းအဝေးခေါ်မယ်လေ၊ အဲဒီမှာမှ ကျနော်တို့ သေချာသိမယ်ထင်တယ် .. နောက်ပိုင်း အပြောင်းအလဲကိုလေ ..”

လာမယ့် မတ်လမှာ ၂၁ ရာစု ပင်လုံညီလာခံခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပ သွားမှာဖြစ်ပါတယ်။ ဒီညီလာခံ မတိုင်ခင် တိုင်းနဲ့ ပြည်နယ်အလိုက် အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပနိုင်ဖို့လျာထားပေမဲ့ လက်တွေ့မှာ (၇)နေရာလောက် ဘဲ ကျင်းပနိုင်ဦး မယ်လို့ UPDJC ရဲ့ဒုတိယ ဥက္ကဌ ဦးသုဝေက ပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်မှာ ရှမ်းအမျိုးသားများ နိုင်ငံရေး ဘုံသဘော တူညီချက် တခုထဲ တင်ပြဆွေးနွေး နိုင်ရေးအတွက် CSSU ရှမ်းပြည် ညီညွတ်ရေး ကော် မတီက ကိုယ်စားလှယ် ၃၀၀ ကျော်ကနေ အုပ်စု ၁၅ စုခွဲပြီး ရှမ်းပြည်နယ်မြို့နယ် ၄၅ မြို့မှာ လူထု သဘောထား ကောက်ယူရေး ကွင်းဆင်းတွေ့ဆုံ မှတ်တမ်း ပြုစုခဲ့ကြပါတယ်။

အမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကနေ ထွက်ရှိလာမယ့် ရှမ်းလူမျိုးတွေရဲ့ သဘောထား စုစည်းမှုတွေကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ တို့ကနေတဆင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ပြန်လည် တင်သွင်းသွားမှာ ဖြစ်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး ပအိုဝ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ကျင်းပပြီးစီးခဲ့ပြီး ပဲခူးတိုင်း၊ နေပြည်တော်၊ တောင်ပိုင်း ရှမ်းပြည်တပ်မတော် RCSS ဒေသနဲ့ ချင်းပြည်နယ်မှာ ကျင်းပဖို့ ပြင်ဆင်နေဆဲ အခြေအနေမှာ ရှိနေပါတယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပဖို့ ရှမ်းပြည်နယ်နည်းတူ ချင်းပြည်နယ်မှာလည်း သွားလာရေးခက်ခဲတဲ့ ထန်တလန်မြို့နယ်မှာ အစိုးရက ကျင်းပခွင့်ပေး တဲ့အပေါ် ချင်းအမျိုးသား အဖွဲ့အစည်းတွေကြား ဘဝင်မကျ ဖြစ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG