သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ပင်လုံ ကျင်းပရက် ရွှေ့ဆိုင်း


၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သြဂုတ်လ ၂၀၁၆ (Htet Aung Khant)
၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သြဂုတ်လ ၂၀၁၆ (Htet Aung Khant)

NLD အစိုးရ ဦးဆောင်ကျင်းပနေတဲ့ ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ဒီ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ ရှေ့လထဲအထိ ရက်ရွှေ့နိုင်ဖွယ် ရှိနေပါတယ်။ ပင်လုံညီလာခံမတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်သွားဖို့နဲ့ ဒီအတွက် အချိန်ယူပြင်ဆင်ရတာတွေကြောင့် ပင်လုံညီလာခံကျင်းပမယ့်ရက်ကို ရွှေ့ဆိုင်းရဖွယ် ရှိနေတဲ့အကြောင်း ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကျင်းပရေး ဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အစိုးရဦးဆောင်တဲ့၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံ ညီလာခံကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် နောက်လထဲကို ရက်ရွှေ့ဆိုင်းရဖွယ် ရှိနေပါတယ်။ တရားဝင် ဆုံးဖြတ်ချက် ထွက်မလာသေးပေမဲ့လို့ ရွှေ့ဖို့ကတော့ သေချာသလောက်အခြေအနေ ဖြစ်နေတယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာပါတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဦးခွန်ဥက္ကာက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်သိသလောက်တော့ မူလက Target date က ၂၈ ရက်နေ့ထားပါတယ်၊ ဒါပေမယ့် ဒီဖေဖော်ဝါရီ ၂၈ မှာတော့ အကြောင်းကြောင်းကြောင့် အချိန်နည်းနည်းကပ်သွားတဲ့အတွက် ဒီမတ်လ ပထမအပတ်ပေါ့လေ ၊ အများဆုံး ဒုတိယအပတ်ပေါ့လေ အဲဒီအထိကို နောက်ကိုရွှေ့ဖို့ စီစဉ်နေတယ်လို့တော့ ကျနော်သတင်းရပါတယ်။ တရားဝင်ရွှေ့ရေးမရွှေ့ရေးဆိုရင်တော့ ထုံးစံအတိုင်းကတော့ UPDJC ကနေ ဆုံးဖြတ်တာပေါ့ သို့သော်လည်း UPDJC အစည်းအဝေးမခေါ်နိုင်ခင် စပ်ကြားမှာ UPDJC ဥက္ကဌတွေ ညှိနှိုင်းပြီးတော့ အကြောင်းကြားတာပေါ့ အဲဒါကြောင့် ကျနော်တို့ သိရတာပါ။ ရွှေ့ဖို့တော့ သေချာသလောက်ပါပဲခင်ဗျ။”

၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် ညီလာခံအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သက်ဆိုင်ရာ ဒေသ လူမျိုးအလိုက် အရင် ကျင်းပပြီးတော့ ဒီဆွေးနွေးပွဲတွေမှာ ညှိနှိုင်း သဘောတူပြီးရလာတဲ့ အချက်အလက်တွေကို ငြိမ်းချမ်းရေး ပင်လုံညီလာခံမှာ တင်ပြရမှာပါ။ NCA လို့ခေါ်တဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် နိုင်ငံရေးလမ်းပြမြေပုံထဲမှာ ဒါကို သဘောတူထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေကို ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာသာ ကျင်းပပြီးစီး ထားတာရှိပြီး မကျင်းပရသေးတဲ့ နေရာတွေလည်း ရှိနေတာပါ။ ဒါကြောင့် ပင်လုံညီလာခံမတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ လုပ်ဖို့ အချိန်လိုအပ်နေတာတော့ ရှိတယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးနိုင်ငံလင်းက ပြောပါတယ်။

“အကြမ်းဖျဉ်းသိတယ်ဆိုတာက ကျနော်တို့ အမျိုးသားအဆင့်ဆွေးနွေးပွဲတွေက လုပ်ဖို့လိုသေးတယ်လေ။ RCSS တို့ ပအိုဝ်းတို့လုပ်မှာက ရှိသေးတယ် ၊ နောက်ပြီးတော့ Civil Society Forum တို့လုပ်မှာက ရှိသေးတယ်။ ရှိပြီးတော့ သူတို့တွေထွက်လာတဲ့ စာတမ်းကိုမှ ကျနော်တို့ ယူပြီးတော့ UPDJC ကအသေးစိတ်ပြန်ဖတ်ရမှာရှိသေးတာကို အဲဒီအချိန်အတွက် ကျနော်တို့ အချိန်ပေးတာပါ။”

NCA စာချုပ် လက်မှတ်ထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ဆိုရင် ချင်းပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေပေမဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပမယ့် ၂၈ ရက်နေ့မတိုင်ခင် အပြီးကျင်းပနိုင်ဖို့မှာတော့ အချိန် အခက်အခဲ ရှိနေတယ်လို့ ဦးခွန်ဥက္ကာ က ပြောပါတယ်။ တချိန်တည်းမှာပဲ ဒီပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံကို ရက်ရွှေ့ဆိုင်းမယ်တယ်ဆိုရင် NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်လည်း ကြိုတင်ပြင်ဆင် ဆွေးနွေးမှုတွေလုပ်ဖို့ အချိန်ပိုရသွား နိုင်တယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

“အခုကတော့ ချင်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတို့ကိုလည်း ခွင့်ပြုလိုက်တယ်ဆိုတော့၊ ချင်းတွေအတွက်လည်း ပြင်ဆင်ချိန်ရတာပေါ့လေ။ ဒီ ၂၈ ရက်နေ့လုပ်ရင်တော့ သူတို့မမှီမကမ်းဖြစ်မှာ ကြောက်လို့ ဒါလည်းပါပါတယ်။ နောက်ပြီးတော့ ဒီမြောက်ပိုင်းနဲ့ထိုင်းနိုင်ငံ အခြေဆိုက်ပေါ့ ၊ NCA မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်လည်း ဆွေးနွေးညှိနှိုင်းဖို့အချိန်ပိုရတာပေါ့လေ ကျနော်ထင်တယ်၊ အဲဒီအဘက်ဘက်က အခြေအနေတွေကို ကြည့်ပြီးတော့ ရွှေ့ဖို့ နည်းနည်းစည်းစားတာနဲ့ တူပါတယ် ကျနော်ကြည့်တာကတော့။”

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်လက်နက်ကိုင်အဖွဲ့တွေက ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ကျင်းပထားပြီး ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ပအိုဝ်းအဖွဲ့တွေက ရှမ်းပြည်နယ်မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။

၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ပင်လုံညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့မှာ ပထမအကြိမ် ကျင်းပခဲ့ပြီး အခုလာမယ့်အကြိမ်ကတော့ NLD အစိုးရလက်ထက် ဒုတိယအကြိမ် ကျင်းပမှာဖြစ်ပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ အမည်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုတော့ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီလထဲမှာ စတင် ကျင်းပခဲ့တာဖြစ်ပါတယ်။

၂၁ ပင်လုံ ကျင်းပရက် ရွှေ့ဆိုင်း
please wait

No media source currently available

0:00 0:04:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG