သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးကော်မရှင် အကြံပေးခေါင်းဆောင် ဦးအောင်ကြည်နဲ့တွေ့ဆုံမေးမြန်းခြင်း


ငြိမ်းချမ်းရေးကော်မရှင် အကြံပေးခေါင်းဆောင် ဦးအောင်ကြည် နဲ့ တွေ့ဆုံမေးမြန်း
ငြိမ်းချမ်းရေးကော်မရှင် အကြံပေးခေါင်းဆောင် ဦးအောင်ကြည် နဲ့ တွေ့ဆုံမေးမြန်း

ပြည်တွင်းငြိမ်းချမ်းရေးအတွက် အကျပ်အတည်းတချို့ ရင်ဆိုင်ရတယ် ဆိုပေမယ့် လည်း မြန်မာအစိုးရရဲ့ ၂၁ ရာစု ပင်လုံညီလာခံဟာ မျှော်လင့်နိုင်မယ့် အခွင့် အလမ်းကောင်းတွေ ရှိနေဆဲဖြစ်တဲ့ အကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး အဖွဲ့ ခေါင်းဆောင် ဦးအောင်ကြည်က ပြောဆိုပါတယ်။ ဦးအောင်ကြည်ကို ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်က ဒေါ်ခင်စိုးဝင်း တွေ့ဆုံမေးမြန်းထားပါတယ်။

“ ဒေါ်ခင်စိုးဝင်း။ ။ အခုဆိုရင် ရှမ်းမြောက်ပိုင်းမှာဖြစ်နေတဲ့ ဒီ Northern Alliance လို့ခေါ်တဲ့ ဒီမြောက်ပိုင်းက လက်နက်ကိုင်၄ ဖွဲ့ပေါ့နော်။ အဲဒီလက်နက်ကိုင် ၄ ဖွဲ့ရဲ့ တိုက်ပွဲတွေကလည်း အရှိန်မသေသေးဘူး။ ဒါ့အပြင် ကချင်ပြည်နယ်မှာလည်း တိုက်ပွဲတွေ ထပ်ပြီးတော့ ဖြစ်နေပါတယ်။ အဲဒီတော့ တပ်မတော်ရဲ့ သဘောထားပေါ့လေ၊ ဘယ်လိုများဆန်းစစ်လို့ရပါသလဲရှင့်။ ဒီတိုင်းရင်းသားတွေဘက်ကပဲ တရားလွန်နေသလား။ ဒါမှမဟုတ်လို့ရှိရင် တပ်မတော်ကပဲ စစ်မတိုက်ရရင် မနေနိုင်လို့ တိုက်နေတာလားဆိုပြီးတော့ မေးခွန်းတွေထုတ်နေကြတာပေါ့နော်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အကြံပေး ပုဂ္ဂိုလ် တယောက်အနေနဲ့ ဒီအခြေအနေလေးကိုများ ဘယ်လိုသုံးသပ်လို့ ရပါသလဲရှင့်။

ဦးအောင်ကြည်။ ။ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာက မဟာဗျူဟာစဉ်းစားတာ ဖြစ်တယ်။ မဟာဗျူဟာစဉ်းစားတာဖြစ်တဲ့အတွက် ရေရှည်အကျိုးကို ကြည့်တယ်။ အားလုံးနဲ့ သက်ဆိုင်တဲ့ အကျိုးကျေးဇူးကိုကြည့်တာပေါ့နော်၊ နေရာလေးတခုကို ကြည့်တာမဟုတ်ဘူး။ အဲဒီတော့ အဲလိုအနေအထားမှာတော့ တဖက်နဲ့တဖက် ကတော့ အယူအဆလေးတွေ နည်းနည်း ကွဲပြားခြားနားတာပါပဲ။ ဒါကလွဲလို့ ငြိမ်းချမ်းရေးကို မလိုတဲ့သဘော ၊ ငြိမ်းချမ်းရေးကို အနှောက်အယှက်ပေးတဲ့သဘောလို့တော့ ကျနော်မထင်ပါဘူး။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ကဲ့ပါ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့က တပ်မတော်ပိုင်းကို ပေါ့နော်ဒီကာကွယ်ရေး ဦးစီးချုပ် တို့အပိုင်းကို ဒီလိုမျိုးစစ်ပွဲတွေရပ်သွားအောင် တိုင်းရင်းသားတွေဘက်ကိုရောပေါ့ သူ့အနေနဲ့ ကြားဝင်ပြီးတော့ ညှိနှိုင်းစေ့စပ်ဖို့ အလားအလာရှိပါသလားခင်ဗျ။

ဦးအောင်ကြည်။ ။တကယ့်တကယ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာက အစိုးရကြီးပဲ လုပ်ရတာမဟုတ်ပါဘူး။ အစိုးရအဆက်ဆက်လုပ်သွားရမှာပဲလေ၊ ယခင် ဦးသိန်းစိန်အစိုးရကာလတုန်းကလည်း သူအများကြီးလုပ်ခဲ့တာပဲလေ။ အခု ဒေါ်အောင်ဆန်းစုကြည်အစိုးရက ဆက်လုပ်တယ်။ နောက်အစိုးရတွေတက်လာတယ်။ ဒါဆက်လုပ်ရမှာပဲ၊ အလားတူ တပ်မတော်မှာလည်း ဒီအတိုင်းပဲ ဆက်လုပ်ရမှာပဲ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ဒါကို ဆက်လုပ် ကြရမှာပဲလေ၊ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာက Ownership က ပြည်သူတွေပဲလေ၊ ပြည်သူတွေပိုင်ဆိုင်တာ ၊ ဒီငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာကတော့ ပြည်သူတွေက တည်ဆောက်တာဖြစ်ပါတယ်။ အဲဒီတော့ ပြည်သူတွေအားပေါ်မှာတည်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်ပေါ်မှာ တည်ပါတယ်။ပြည်သူတွေရဲ့ လိုလားချက်ရှိတယ်၊ ပြည်သူတွေကတောင်းဆိုတယ်၊ ဆိုရင်တော့ အဲဒီတောင်းဆိုချက်အတိုင်း ဆက်လုပ်သွားမယ်လို့ ကျနော် ထင်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဟုတ်ကဲ့ပါ။ ဒီ ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပတော့မယ်ပေါ့နော် အဲဒီတော့ ၂၁ ရာစု ပင်လုံညီလာခံ ရဲ့ Outcome ပေ့ါ ဖြစ်လာမယ့် Result ပေါ့ အဖြေရလဒ်က ဘယ်လိုများ ခန့်မှန်းလို့ရပါသလဲ။

ဦးအောင်ကြည်။ ။ မျှော်လင့်နိုင်ပါတယ်၊ ကျနော်တို့က အကျပ်အတည်းဆိုတဲ့ဟာကတော့ Nixon လည်းပြောသွားတာပဲလေ၊ ကျနော်တို့ အားလုံးလည်းသိပြီးသွားပါပြီ။ အကျပ်အတည်းဆိုတာက တဖက်က ချိန်းခြောက်မှုဖြစ်သလို တဖက်ကလည်း အခွင့်လမ်းဖြစ်ပါတယ်။ အဲဒီတော့ အခုအချိန်မှာ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အကျပ်အတည်း တစုံတခုနဲ့ တွေ့နေရတယ်လို့ ပြောသော်လည်း ကျနော်တို့ ရရှိနိုင်တဲ့ အခွင့်အရေး မဆုံးရှုံးသေးပါဘူး။ ကျနော်တို့ အများကြီးမျှော်လင့်နိုင်ပါတယ်။ အနည်းဆုံးတော့၊ ပြီးခဲ့တဲ့ ညီလာခံတုန်းက တိုင်းရင်းသားခေါင်းဆောင်ကြီးတွေ ပြောသွားကြတဲ့ ဟာတွေရှိတယ်လေ၊ အဲဒီမှာ ကျနော်တို့ အားလုံးပေါင်း စာပေါင်း ၇၂ စောင်ရှိတာပေါ့နော်။ အဲဒါတွေကို ပြန်ပြီးတော့ စဉ်းစားသုံးသပ်လိုက်မယ်ဆိုရင် သဘောထားတူညီတဲ့အချက် ၊ အလွန်အရေးကြီးတဲ့အချက်ကို သူတို့က သဘောထား တူထားကြတာ၊ အဲဒီမိန့်ခွန်းတွေထဲမှာ သတိထားမိပါလိမ့်မယ် ရှိပါတယ်။ အဲဒါ တချက်ပေါ့ ၊ နောက်တချက်ကတော့ အမျိုးသားအဆင့် အစည်းအဝေးတွေ လုပ်နေကြပြီလေ၊ အမျိုးသားအဆင့် အစည်းအဝေးတွေရဲ့ Outcome ကတော့ တော်တော်လေးကောင်းပါတယ်။ သူတို့ဆွေးနွေးကြတာတွေပြောတာတွေက အပြုသဘောတော်တော်လေးဆန်ပါတယ်။ နောက် အမျိုးသားအဆင့် အစည်းအဝေးဆိုတာ တကယ်ကျတော့ အောက်ခြေကတက်လာတဲ့ သတင်းအချက်အလက်တွေပေါ့နော်၊ ကနဦး ကျနော်ဖတ်ကြည့်တော့ NCA မှာ ဒီအမျိုးသားအဆင့်ဆွေးနွေးပွဲတွေနဲ့ ဒီထိပ်ပိုင်း ဆွေးနွေးပွဲတွေနဲ့က ချိတ်ထားတာ တွေ့တော့ ကျနော့်စိတ်ထဲမှာ နည်းနည်း စိတ်ပူမိတယ်၊ ဒါက Track 2 နဲ့ Track 1 နဲ့ များ သွားပြီးတော့ လိုင်းပူးနေပြီလား ဒါဆိုရင် သိပ်ခက်တော့မှာပဲ ဆိုပြီးတော့ ကျနေ်ာထင်ခဲ့တယ်။ ဒါပေမယ့် တကယ့် တကယ် ကျတော့ မဟုတ်ဘူး အခုအောက်ခြေက တက်လာတဲ့ဟာတွေကလည်း တော်တော်လေးကို အပြုသဘောဆောင်ပြီးတော့မှ ဒီ Track 1 မှာ အလုပ်လုပ်လို့ လွယ်ကူအောင် လုပ်ပေးထားတယ်။ ပိုပြီးတော့ အားကောင်းတယ် ခိုင်မာတယ်လို့ ကျနော်ပြောချင်ပါတယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG