သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်နဲ့ ရှမ်းမြောက်တိုက်ပွဲကြောင့် ဒေသခံများ ထိခိုက်သေဆုံးမှုတိုး


စစ်ပွဲကြောင့် ထွက်ပြေးနေရသော ဒုက္ခသည်များ (Citizen Journalist)
စစ်ပွဲကြောင့် ထွက်ပြေးနေရသော ဒုက္ခသည်များ (Citizen Journalist)

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့အကြား ဖြစ်ပွါးနေဆဲ စစ်ရေးအဋိပက္ခ အတွင်းမှာ ဒေသခံအရပ်သားတွေအနေနဲ့ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို နေရပ်က နေစွန့်ခွာနေရမှုတွေလဲရှိနေခဲ့ပါတယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသ နမ့်ဆန်မြို့နယ်မှာ မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့တို့ အကြားဖြစ်ပွါး ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ တထောင်ကျော်ဟာ နီးစပ်ရာမြို့နယ်တွေမှာ စစ်ဘေး တိမ်းရှောင်နေရတယ်လို့ နိုင်ငံ ရေးပါတီတခုဖြစ်တဲ့ တအာင်းပလောင် အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင် တာ့လှဖေကပြောပါတယ်။

“လားရှိုးမှာ အောင်မင်္ဂလာကျောင်း နမ့်ဆန်က ဘုန်းကြီးသတင်းသုံးတဲ့ကျောင်းမှာ လူ ၂၀၀ လောက်ရှိတယ်။ ကျောက်မဲမှာလည်း လူ ၂၀၀ လောက်ရှိတယ်၊ မန္တလေးမှာလည်း ၂၀၀ လောက်ရှိတယ်။ ထွက်ပြေးနေတဲ့ အနေအထားလောက်ရှိတဲ့ မြို့ပေါ်လူတန်းစားတွေပဲ ပြေးနိုင်တာပေါ့လေ။ ရွာကလူတန်းစားတွေကတော့ နီးစပ်ရာပေါ့ သီပေါတို့မှာထွက်ပြေးတဲ့လူတွေလည်းရှိတာပေါ့။ ကျေးရွာတွေဘဝက အင်မတန်မှ ရင်နာစရာကောင်းပါတယ်။ ပြေးဖို့ကလည်း မြို့ပေါ်ကို ပြေးနိုင်ဖို့အတွက် အင်အားလည်းမရှိဘူး။ ပြေးဖို့အနေအထားကလည်း အခြေအနေမပေးတော့ ကျင်းတွေထဲမှာ ဝင်ပုန်းခိုပြီးတော့ ကျောက်ဂူတို့ ဗုံးခိုကျင်းတို့မှာ ဖန်တီးယူပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။”

ကျောက်မဲမြို့ကိုရောက်ရှိနေတဲ့ နမ့်ဆန်စစ်ဘေးရှောင်တွေကတော့ စစ်ဘေးရှောင်စခန်းမှာမနေဘဲ ဆွေမျိုးသားချင်း အိမ်မှာနေထိုင်နေကြတယ်လို့ ကျောက်မဲ ကူညီရေးအဖွဲ့ဝင် ကိုသားဇော်ကပြောပါတယ်။

“ကျောက်မဲတို့ မန္တလေးတို့မှာ ထွက်ပြေးတိမ်းရှောင်တာကတော့ ဟုတ်ပါတယ်။ သူတို့က အမှန်က နမ့်ဆန်ဘက်က ဆွေမျိုုးများတယ်ဆိုတော့ နောက်ပြီး နမ့်ဆန်ဆိုတဲ့ မြို့က လဖက်လည်း ထွန်းကားရာဒေသ ဆိုတော့ ငွေကြေးနည်းနည်းရှိတော့ သူတို့ကစစ်ဘေးရှောင်စခန်းတွေ မှာ တော့မရှိဘူး။ ဒီမှာ ကျနော်တို့လည်း တရားဝင်တော့ စောင့်ပါတယ်။ ဒါပေမယ့် သူတို့က အမျိုးအိမ်တွေမှာ သွားနေတယ်။”

တိုက်ပွဲတွေကြောင့် နမ့်ဆန်ဒေသခံ (၂၀၀၀)ခန့်ဟာ မန္တလေးလားရှိုး၊ကျောက်မဲ၊ သီပေါ၊ နောင်ချို နဲ့ ပြင်ဦးလွင် စတဲ့ မြို့တွေကို တိမ်းရှောင်နေကြရသလို ဒေသတွင်းတောတောင်ထဲမှာ ပုန်းခိုနေရတဲ့ သူတွေလဲရှိနေပါတယ်။

ဒါ့အပြင် နမ့်ဆန်အဝင်အထွက်လမ်းတွေကိုလဲ တပ်မတော်ကနေလုံခြုံရေး အခြေအနေအရ ဗုံးထောင်ထားတာကြောင့် ဒေသခံတွေအနေနဲ့ သွားလာရေးမှာ အခက်တွေ့နေသလို ဗုံးကြောင့်ထိခိုက်ဒဏ်ရာရသူတွေရှိနေတယ်လို့ တာ့လှဖေက ဆက်ပြောပါတယ်။

“ဒီအချိန်မှာ ကားဂိတ်တွေလည်း ပိတ်ပစ်လိုက်ပြီ။ မြို့နဲ့ ကျနော်တို့ ရွာတွေကို ဆက်သွယ်တဲ့လမ်းတွေကိုလည်း အစိုးရတပ်က မိုင်းတွေ ဆင်လိုက်တယ်။ TNLA နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဝင်လာမှာ စိုးရိမ်ပြီးတော့မှ မိုင်းတွေဆင်ထားတယ်။တရုတ်သင်္ချ ိင်းကုန်း တောင်ခြေနားမှာ မိုင်းတွေဆင်ထားလိုက်တယ်။ ရွာပြင်မထွက်နဲ့ မိုင်းတွေဆင်ထားတယ်။ ကိုယ့်ရွာသူရွာသားတွေကို ရွာပြင်မထွက်နဲ့ ပြောပါဆိုပြီးတော့ ပြောတယ်တဲ့။ ၁၄ ရက်နေ့မှာပဲ ဖြစ်ချင်တော့ သူတို့သတိပေးထားတဲ့ဟာကို မသိလိုက်လို့ လဖက်ခြံမှာ ရောက်နေတဲ့ လင်မယား ၂ ယောက်က ဆိုင်ကယ်နဲ့ မိုင်းကို နင်းမိလိုက်တာ ခြေထောက်ကြီးပြတ်ထွက်သွားတယ်။ အဲဒီလူနာ လားရှိုးဆေးရုံမှာ ရှိတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီ(၁၃) (၁၄)ရက်အတွင်း နမ့်ဆန်မြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင်တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွါးခဲ့စဉ်အတွင်း နမ့်ဆန်မြို့အနီး ဟိုချောင်းကျေးရွာပေါ် လက်နက်ကြီးကျည်ကျလို့ အသက်(၇)နှစ် အရွယ် ကျောင်းသားတဦးနဲ့အတူ အရပ်သားတဦးသေဆုံးခဲ့သလို အရပ်သား(၈)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ ပါတယ်။

ဒီလိုပစ်ခတ်မှုမှာ မြန်မာ့တပ်မတော်ဘက်က TNLAလက်ချက်လို့သတင်းထုတ်ပြန်ထားသလို ဒေသခံတွေကတော့ မြန်မာ့တပ်မတော်တပ်ကုန်းကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး လို့ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၂၆)ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မတ်မီးရွာကို လေယာဉ်နဲ့ ဗုံးကြဲမှု ဖြစ်စဉ်အတွင်း အရပ်သား(၃)ဦးသေဆုံးပြီး ကလေးငယ်တဦးနဲ့ကိုယ်ဝန်ဆောင် မိခင်တဦးအပါဝင် လူ(၇)ဦးခန့်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရှမ်းပြည်နယ်နည်းတူ ကချင်ပြည်နယ်ဘက်မှာလဲ မြန်မာ့တပ်မတော်နဲ့KIO ကချင်လွတ်လပ်ရေး တပ်မတော်အကြားဖြစ်ပွါး နေတဲ့တိုက်ပွဲကြောင့် စစ်မက်ဖြစ်ပွါးရာဒေသကပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေရပါတယ်။

ဝိုင်းမော်မြို့နယ် ဇိုင်းအောင်နဲ့မဂါးယန်စစ်ရှောင်စခမ်းမှာရှိတဲ့ဒုက္ခသည်အခြေအနေကိုတော့ ကချင်လူမှုအဖွဲ့အစည်း ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့အတွင်းရေးမှူးဂွမ်ရှာအောင်ကအခုလိုပြောပါတယ်။

“ဒီ မဂါးယန် ကလည်း အများစုတော့ နမ့်ခမ်းပါလို့ခေါ်တဲ့ နဂိုမူလ Camp ကနေ ၃- ၄ မိုင်လောက်ဝေးတဲ့ အနောက်ဘက်မှာပေါ့နော် အဲဒီမှာ ရှိတဲ့ နေရာမှာ သူတို့ ရွှေ့ပြောင်းနေနေကြတဲ့ အနေအထားရှိတယ်။ တချို့တော့ အိမ်ထောင်စု ၅၀ လောက်ကတော့ လိုင်ဇာဘက်ကို ဆင်းတဲ့ အနေအထားရှိပါတယ်။ ဇိုင်းအောင် camp ကျတော့ နဂိုမူလ camp ကနေ ၁၀ မိုင်လောက်ဝေးတဲ့ လုံပန် ဒေသမှာ ခဏစခန်းချပြီးနေနေတဲ့ အနေအထားရှိတယ်။ သူတို့ အဲဒီထက်ပိုပြီးတော့ လုံခြုံမယ့်နေရာရှာနေတဲ့ အနေအထားဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ဇန်နဝါရီ(၁၃)ရက်နေ့မှာ လက်နက်ကြီးကျည်ပေါက်ကွဲခဲ့လို့ ဇိုင်းအောင်စစ်ပြေးဒုက္ခသည် (၄၀၀၀) ခန့်ဟာ တရုတ်နယ်စပ်မှာတိမ်းရှောင်နေရသလို ဝိုင်းမော်မြို့ ကချင်နှစ်ခြင်း ခရစ်ယာန်ဖွံ့ဖြိုးရေးဒုက္ခသည် စခန်းကို အယောက် (၅၀)ခန့်ပြောင်းရွှေ့လာသူရှိတယ်လို့ စခန်းတာဝန်ခံ ဦးခေါင်တောင်ကပြောပါတယ်။

“ဇိုင်းအောင် မူရာဇွတ်ဘက်က ထွက်ပြေးလာတဲ့လူတွေ ကျနော်တို့ ဖွံ့ဖြိုးရေးဒုက္ခသည် စခန်းကို ပြောင်းလာကြတဲ့ မိသားစုတွေရှိတယ်။ မိသားစု ၁၅ စုလောက်ရှိတယ် လူ ၅၀ လောက်ပေါ့နော်။”

လက်ရှိမှာမြန်မာအစိုးရရဲ့ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အကြား ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေဆဲဖြစ်ပေမဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ စစ်ရေးတင်းမာနေ ဆဲဖြစ်ပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲတွေအတွင်းအရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် သေဆုံးထိခိုက်မှုတွေ ဒေသတွင်းကနေ ထွက်ပြေးတိမ်းရှောင်နေရမှုတွေလဲဖြစ်ပွါးလာခဲ့တာပါ။

ကချင်နဲ့ရှမ်းလူမှုအဖွဲ့အစည်းတွေအနေနဲ့ကတော့ လက်ရှိဖြစ်ပွါးနေတဲ့ စစ်ရေးပဋိပက္ခအတွင်း အရပ်သားတွေ ထိခိုက်နေမှုနဲ့ စစ်ပြေးဒုက္ခသည်အရေး ကိစ္စတွေကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ကိုယ်တိုင်လာရောက်လေ့လာဖို့ကိုလဲ တိုက်တွန်းမှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG