သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တပ်မတော် ကန့်ကွက်ရန်မရှိ


နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမြင်ကွင်း။ စက်တင်ဘာ ၁၇၊ ၂၀၁၆
နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးမြင်ကွင်း။ စက်တင်ဘာ ၁၇၊ ၂၀၁၆

မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့လေးဖွဲ့နဲ့ ညှိုနှိုင်းနေတဲ့ကိစ္စကို တပ်မတော်ဖက်က ကန့်ကွက်စရာမရှိဘူးလို့ မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အဖွဲ့နဲ့တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။ ဒီအဖွဲ့တွေအနေနဲ့ ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်နိုင်ဖို့ဆိုရင် NCA အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးဖို့ တပ်မတော်ဖက်က ဖိအားပေးနေတာပါ။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုတွေက ဒီနေ့အထိ ရှိနေဆဲ ဖြစ်ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုနိုင်ကွမ်းအိမ်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာဆွန်ကော်ရှန် တို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ဝ ရက်နေ့ကနေပြည်တော်အတွင်းတွေ့ဆုံရာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရငြိမ်း ချမ်းရေးကော်မရှင်အဖွဲ့တို့တွေ့ဆုံရေးအတွက် တပ်ချုပ်အနေနဲ့သဘောတူကြောင်းပြောခဲ့တယ်လို့ TNLA တအာင်း ပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှုးကြီးတာဘုန်းကျော်ကပြော ပါတယ်။

“မြန်မာငြိမ်းချမ်းရေးကော်မတီက ကျနော်တို့အဖွဲ့ကို တွေ့မယ်ဆိုရင်လည်း သူ့အနေနဲ့ ကန့်ကွက်စရာမရှိဘူး အဲလိုပဲပြောတာပါ။ ဒေါက်တာ တင်မျိုးဝင်းတို့ ဦးလှမောင်ရွှေတို့နဲ့ ကျနော်တို့ မြောက်ပိုင်းမဟာမိတ်တွေနဲ့ တွေ့ဆုံဆွေးနွေးကြမယ်ဆိုရင်လည်း သူ့အနေနဲ့ ကန့်ကွက်စရာမရှိဘူး လို့ပြောတာပါ၊ ဘယ်လိုအကန့်အသတ်တွေရှိသလဲဆိုတာတွေတော့ ကျနော်တို့မသိသေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့တပ်မတော်ရဲ့ တပ်ချုပ်ကြီးအနေနဲ့ တွေ့ဆုံညှိနှိုင်းဖို့ ကန့်ကွက်စရာ မရှိဘူးဆိုတော့ ဒါကောင်းတဲ့လက္ခဏာလို့ ကျနော့်အနေနဲ့ မြင်ပါတယ်။”

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကို ငြိမ်ချမ်းရေးဖြစ်စဉ်မှာပါဝင်ဖို့ သဘောတူတယ်လို့ ပြောဆိုထားပေမယ့် တပ်မတော် ဘက်က ဘယ်လိုကန့်သတ်ချက်တွေရှိတယ်ဆိုတာ မသိရသေးဘူးလို့ ဗိုလ်မှုးကြီးတာဘုန်းကျော်ကပြောပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မနေ့က တရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန် နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့၄ ဖွဲ့တို့ တရုတ်နိုင်ငံကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေပြန်စဖို့အတွက် အစိုးရ ငြိမ်းချမ်းရေးကော် မရှင်နဲ့ တွေ့ဆုံဖို့ တရုတ်ဖက်ကတိုက်တွန်းခဲ့တယ်လို့ ဗိုလ်မှူးကြီး တာဘုန်းကျော် ကပြောပါတယ်။

လက်ရှိ အစိုးရကနေဦးဆောင်လုပ်ဆောင်နေတဲ့ ၂၁ ရာစုပင်လုံညီလာခံခေါ် ပြည်ထောင်စုညီလာခံမှာ NCA အပစ်ရပ် စာချုပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ နိုင်ငံရေးဆွေးနွေးပွဲမှာပါဝင်ခွင့်ကို တပ်မတော်ကနေ လက်မခံသေးတဲ့အနေအထားမှာရှိနေပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ငြိမ်းချမ်းရေးကော်မရှင်အနေနဲ့ ရခိုင်တပ်မတော်အဖွဲ့ AA ၊ TNLA တအာင်းပလောင် တပ်ဖွဲ့ MNDAAကိုးကန့်တပ်ဖွဲ့တို့ကို တရုတ်အစိုးရကြားဝင်မှုနဲ့ အလွတ်သဘောတွေ့ဖို့ကြိုးစားခဲ့ပေမဲ့ KIOကချင်လွတ် လပ်ရေးတပ်မတော် ပါဝင်ခွင့်မရခဲ့သလို ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)ကိုလဲ သက်သေအဖြစ်ထား ရှိဖို့တောင်းဆိုမှုတွေ သဘောတူညီမှုမရရှိခဲ့တာကြောင့်တွေ့ဆုံမှုအထမမြောက်ခဲ့ပါဘူး။

အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပြန်စဖို့ အတွက်ပြင်ဆင်နေချိန်မှာဘဲ ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်ဒေသတွင်းမှာ မြန်မာ့တပ်မတော်နဲ့တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့တွေအကြားမှာ တိုက်ပွဲတွေဆက်လက်တင်းမာနေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်မှာ TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့မြန်မာ့တပ်မတော်တို့ တိုက် ပွဲ ဖြစ်ပွါးနေတယ်လို့ TNLAပြန်ကြားရေးအရာရှိဗိုလ်မှူးတာ့အိုက်ကျော်ကပြောပါတယ်။

“ ကွက်ခိုင်မြို့နယ်၊ ပန်ကူရွာနဲ့ ပန်လုံရွာ ကြားမှာ ဖြစ်တယ်။ မနက် ၆ နာရီကျော်ကျော်ကတည်းကနေ ၁၀ နာရီခွဲအထိ။ တိုက်ပွဲနားပြီး ၅ မိနစ် ၁၀ မိနစ်အတွင်းမှာ ရဟတ်ယာဉ် ၂ စီးနဲ့ လာပြီး ပစ်တယ်။”

ဒီနေ့ဖြစ်ပွါးတဲ့တိုက်ပွဲမှာမြန်မာ့တပ်မတော်ကနေလေကြောင်းအကူနဲ့ပစ်ခတ်ခဲ့တယ်လို့ ဗိုလ်မှူးတာ့အိုက်ကျော်ကပြော ပါတယ်။

မနေ့ကလဲ မူဆယ်မြို့နယ်အတွင်းမှာTNLA တအာင်းပလောင်တပ်ဖွဲ့နဲ့မြန်မာ့တပ်မတော်တို့ တိုက် ပွဲ ဖြစ်ပွါးခဲ့သလို မူဆယ်မြို့နယ် မော်တောင်းကျေးရွာအရှေ့ဘက် ၄ မိုင်ခန့်အကွာမှာ မြန်မာ့တပ်မတော်နဲ့ KIOကချင်လွတ်လပ်ရေး တပ်မတော်နဲ့တိုက်ပွဲဖြစ်ပွါးခဲ့ပါသေးတယ်။

မနေ့က KIOနဲ့ဖြစ်တဲ့တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့တယ်လို့ တပ်မတော်ဘက်က ထုတ်ပြန်ထားပါတယ်။

လက်ရှိကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ စစ်ရေးတင်းမာနေတဲ့အခြေအနေကနေ ငြိမ်သက်သွားဖို့ (၂၁)ရာစုပင်လုံ ညီလာခံအပေါ်တည်မီနေတယ်လို့ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဉာဏ်က အခုလိုသုံးသပ်ထား ပါတယ်။

“ငြိမ်းချမ်းရေးလမ်းစဉ်ကတော့ တပ်မတော်ရဲ့ အာဘော်မှာ အများကြီးမူတည်နေတယ်။ အခုလောလောဆယ်ဖြစ်ဖို့က ရှမ်းပြည်ထဲမှာ လမ်းစတွေက မီးတောက်တွေက တနေရာနဲ့ တနေရာလျှောက်ပြီးတော့မှ မီးမွှေးနေတဲ့ အနေအထားတွေ တွေ့နေရတယ်။ ငြိမ်းချမ်းရေးကတော့ ဖေဖဝါရီလမှာကျင်းပတဲ့ ဒုတိယ ၂၁ ပင်လုံမှာ ဒီလိုမျိုး ဘယ်ဘက်ပြောင်းနိုင်မလဲပေါ့လေ အစိုးရက အဲဒါပဲ ကျနော်တို့ မျှော်လင့်ချက်ရှိတော့တယ်ခင်ဗျ။”

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၉ ရက်နေ့မှာလဲတနိုင်ငံလုံးအပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည် တပ်မတော် RCSS/SSA ရဲ့လွိုင်လင်ခရိုင် မိုင်းပွန်မြို့ အရှေ့ဘက် ပျဉ်းဇိုင်ကျေးရွာအုပ်စု နောင်လေးရွာအနီး တပ်စခမ်း ကို မြန်မာ့တပ်မတော်ကနေတိုက်ခိုက်ခဲ့လို့ နှစ်ဘက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် မိုင်းရှူးမြို့နယ်ထဲမှာလဲ ဇန်နဝါရီ ၂၁ ရက်နေ့မှာ မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်SSPP/SSAတို့အကြား တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွါးခဲ့ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကြိုးပမ်းနေဆဲကာလအတွင်း တပ်မတော်ကနေထိုးစစ်ဆင်နေမှူဟာ ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်စေနိုင်တယ်လို့ TNLA တအာင်းပလောင်အဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှုးကြီးတာဘုန်းကျော် ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG