သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းမြောက်ဒေသ လူ့အခွင့်အရေးကိုယ်စားလှယ်လာဖို့ တောင်းဆို


Lanterns are seen lit during the Wan Ok Phansa festival, marking the end of Buddhist lent, at Wat Xieng Thong temple in Luang Prabang, Laos, Oct. 13, 2019.
Lanterns are seen lit during the Wan Ok Phansa festival, marking the end of Buddhist lent, at Wat Xieng Thong temple in Luang Prabang, Laos, Oct. 13, 2019.

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတိုက်ပွဲအတွင်း အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်လို့ သေဆုံး ထိခိုက် ဒဏ်ရာရတဲ့ဖြစ်စဉ်တွေကို ကုလသမဂ္ဂရဲ့လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee လာရောက်လေ့ လာဖို့ အတွက်ရှမ်းလူ့အခွင့်အရေးအဖွဲ့ကနေ ဒီကနေ့မှာ တောင်းဆိုထားပါတယ်။ လက်ရှိရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေမှာ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့အကြားတိုက်ပွဲဖြစ်ပွါးနေဆဲဖြစ်သလို အစိုးရကနေဖေါ်ဆောင်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တပ်မတော်ကနေထဲထဲဝင်ဝင်ပါဝင်မှုမရှိသေးလို့ ငြိမ်းချမ်းရေးအလှမ်းဝေးနေဦးမယ်လို့လဲ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေကပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ မြန်မာ့တပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွါးနေတဲ့ တိုက်ပွဲအတွင်း အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ဖြစ်စဉ်တွေအပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ကိုယ်တိုင်လာရောက်လေ့လာစေချင်တယ်လို့ ရှမ်းလူ့ အခွင့် အရေးမဏ္ဍိုင်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ နန်းလွန်လှိုင်းကပြောပါတယ်။

“လူ့အခွင့်အရေး စောင့်ကြည့်နေတဲ့ Yanghee Lee ပေါ့နော် မြန်မာနိုင်ငံကို ရောက်ရှိနေတယ်။ အဲဒါကို ဒီလ ၂၀ ရက်နေ့မှ ပြန်မယ်ဆိုတော့ သူ့အစီအစဉ်ထဲမှာဆိုရင် ရှမ်းပြည်နယ်မပါဘူး။ အဲဒါသူ့ ရှမ်းပြည်ဘက်မှာပေါ့နော် အခုဖြစ်ပွားနေတဲ့ ပဋိပက္ခဘက်ကို ဦးတည်စေချင်တယ်၊ သူသွားရောက်ပြီးတော့ လေ့လာစေချင်တယ်။ ဘာလို့လဲဆိုရင် အခုကတော်တော်ဆိုးဝါးလာနေတာက အရပ်သားတွေကို ပစ်မှတ်ထားပြီးတော့မှ စစ်တိုက်နေကြတာပေါ့နော်။ ကလေးသူငယ်၊ ကျွဲနွား အိမ်တွေပါ၊ ထိခိုက်ပျက်စီးကုန်တာပေါ့နော် ပြည်သူကလည်းသေဆိုတော့ လူ့အခွင့်အရေး မဏ္ဍိုင်က ဖြစ်ပျက်နေတဲ့ကိစ္စကို ထပ်ပြီးတော့ ပိုမဖြစ်အောင်ဆိုပြီးတော့မှ တိုက်တွန်းစေချင်တယ်ပေါ့။”

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ(၂၆)ရက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ပန်မတ်မီးရွာကို လေယာဉ်နဲ့ ဗုံးကြဲမှု ဖြစ်စဉ်အတွင်း အရပ်သား(၃)ဦးသေဆုံးပြီး ကလေးငယ် တဦးနဲ့ကိုယ်ဝန်ဆောင် မိခင်တဦးအပါဝင် လူ(၇)ဦးခန့်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ နန်းလွန်လှိုင်းကဆက်ပြောပါတယ်။

“ဒီဇင်ဘာ(၂၆)ရက်နေ့ညကပေါ့နော် ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် အဲဒီမှာ အစိုးရတပ်မတော်က ဂျက်လေယာဉ်နဲ့ ဗုံးကျဲပြီးတော့မှ တိုက်ခိုက်တာပေါ့နော် TNLA နဲ့ ဖြစ်တဲ့ ပဋိပက္ခ ပေါ့နော် TNLA က စစ်တပ်တွေကို အဲဒီ ဗုံးမထိပဲ ပြည်သူတွေကို သွားထိခိုက်တာပေါ့နော်။ ညနေပိုင်း ၄ နာရီရောက်တော့ ဂျက်လေယာဉ် ၂ စီးက လားရှိုးကနေလာတယ်။ ရွာကိုဗုံးကြဲလိုက်တော့ အဲဒီ ခိုလုံနေတဲ့ ရွာသားတွေ အကုန်ထိတာပေါ့နော်။ သေတဲ့လူက ၃ ယောက်ရှိတယ်ပေါ့နော် ထိခိုက်ဒဏ်ရာရတာက ၇ ယောက်ရှိနေတယ်။”

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ရက်နေ့ကနေ ဇန်နဝါရီလ ၁၄ရက်ကာလအတွင်း မြန်မာ့တပ်မတော်နဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် နမ့်ဆန်မြို့အနီး ဟိုချောင်းကျေးရွာပေါ် လက်နက်ကြီးကျည်ကျလို့ အသက်(၇)နှစ် အရွယ် ကျောင်းသားတဦးနဲ့အတူ အရပ်သားတဦးသေဆုံးခဲ့သလို အရပ်သား(၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဖြစ်တဲ့ ကျောက်မဲ နမ့်ဆန်မြို့နယ်တွေမှာ မြန်မာ့တပ်မတော်နဲ့ TNLAတအာင်းပလောင် တပ်ဖွဲ့တို့နဲ့ တိုက်ပွဲတွေရက်ဆက်ဆိုသလိုဖြစ်ပွါးနေဆဲလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းညာဏ်က ပြောပါတယ်။

“တိုက်ပွဲတွေကတော့ ကြိုကြားကြိုကြားပေါ့ ကျနော်တို့ ကျောက်မဲမြို့နယ်ရဲ့ ဒေသအစပ်နဲ့ နမ့်ဆန်မြို့နယ် ဒေသအစပ်မှာတော့ နေ့တိုင်းလိုလိုတိုက်ပွဲတွေက ဖြစ်နေတယ်။ လွန်ခဲ့တဲ့ ၃ ရက်လောက်ကတော့ လေယာဉ်နဲ့ကိုလာပြီးတော့ ပစ်တဲ့အနေအထားရှိတယ်။ မြို့နဲ့တော့ နည်းနည်းဝေးတာပေါ့နော်။ စစ်တပ်က ဒီဘက်မှာ ပိုပြီးတော့ အင်အားဖြည့်ပြီးတော့မှ တိုက်တဲ့အနေအထားရှိတဲ့ အခုလောလောဆယ်နမ့်ဆန် ဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်။ နာမည်မပေါက်တဲ့တိုက်ပွဲတွေပေါ့လေ၊ ဖြစ်လိုက်ရပ်လိုက် အဲဒီအနေအထားရှိတယ်။”

လက်ရှိတက်လာတဲ့NLDအစိုးရအနေနဲ့ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကိုဖွင့်လှစ်ပြီး မြန်မာငြိမ်းချမ်းရေးကော်မရှင်ဖွဲ့ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွ့ဲတွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ကြိုးပမ်းနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိအနေအထားအရ အစိုးရကနေလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တပ်မတော်ကနေ လိုက်ပါလိုဟန်မရှိဘူးလို့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းညာဏ်က အခုလိုသုံးသပ်ထားပါတယ်။

“အစိုးရသွားချင်တိုင်းလည်း တပ်မတော်က လိုက်ချင်မှ လိုက်မယ်။ တပ်မတော်လုပ်တဲ့ဟာကို အစိုးရက မညွန်ကြားနိုင်ဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေးလုပ်နေတဲ့ ကိစ္စက ကျနော်တို့အစိုးရက ကြိုးစားပြီး လုပ်ရှာပါတယ်။ ဒါပေမယ့် မထိရောက်ဘူးခင်ဗျ စစ်တပ်ရဲ့ပါဝင်မှု သဘောထားက ပိုအရေးကြီးတယ်ခင်ဗျ အခုတိုက်နေတာက စစ်တပ်နဲ့ တိုက်တာကို အစိုးရနဲ့ တိုက်တာမှ မဟုတ်တာကို။ အစိုးရက ငြိမ်းချမ်းရေးလုပ်တိုင်းလည်း စစ်တပ်က မလိုက်လာဘူးဆိုရင် ဒီအတိုင်းပဲ ဆက်သွားမယ်။ အစိုးရက တပ်မတော်ရဲ့ အနေအထားကို ထိန်းကျောင်းနိုင်ဖို့ နေနေသာသာ ဝင်မပြောတော့တာ။ ကျနော်ထင်တယ် လုပ်ချင်ရာလုပ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေမလားပေါ့လေ။”

ပြီးခဲ့တဲ့သောကြာနေ့တုန်းက တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်မရေးထိုး နိုင်သေးတဲ့ တိုင်းရင်းသားနိုင်ငံရေး ဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPNနဲ့ မြန်မာငြိမ်းချမ်းရေးကော် မရှင်အဖွဲ့တို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးပွဲတွေပြန်လည်စတင်နိုင်ဖို့အတွက် ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် DPNအဖွဲ့တို့ ငြိမ်းချမ်းရေးဆိုင်ရာဆွေးနွေးမှုတွေလုပ်ဆောင်နေတဲ့တချိန်ထဲမှာဘဲ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တအာင်း ပလောင်တပ်ဖွဲ့တွေအကြားစစ်ရေးတင်းမာနေဆဲဖြစ်ပါတယ်။

ဒီလိုဖြစ်ပွါးတဲ့တိုက်ပွဲအတွင်း အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုတွေရှိခဲ့တာကြောင့် သေဆုံးဒဏ်ရာရမှုတွေ ရှိခဲ့သလို နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့သူတွေလဲရှိခဲ့ပါတယ်။

ရှမ်းလူ့အခွင့် အရေးမဏ္ဍိုင်အဖွဲ့အနေနဲ့ကတော့ အရပ်သားတွေကိုပစ်မှတ်ထားတိုက်ခိုက်မှုကိုကန့်ကွက်ရှံ့ချသလို စစ်မက်ဖြစ်ပွါးရာရှမ်းပြည်နယ်ဒေသအတွင်းကို ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Ms Yanghee Lee ကိုယ်တိုင်လာရောက်လေ့လာဖို့ကိုလဲ အဖွဲ့နေနဲ့ဒီကနေ့မှာတိုက်တွန်းတောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG