သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းရွာသားတွေအပါအဝင် SNLD အဖွဲ့ဝင်တချို့ ဖမ်းဆီးမှု TNLA ငြင်းဆို


TNLA ရှေ့တန်းတပ်များ
TNLA ရှေ့တန်းတပ်များ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တချို့နဲ့ ကျောက်မဲနဲ့ နမ္မတူမြို့နယ်အတွင်း ကျေးရွာတချို့က ရွာသားတွေကို တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဆိုပြီး တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရရှိဖို့ ကြိုးစားနေတဲ့အချိန် အခုလို လုပ်ရပ်မျိုးကို လက်မခံနိုင်တဲ့အကြောင်း SNLD ပါတီက ပြောပါတယ်။ TNLA ဘက်ကတော့ သူတို့အနေနဲ့ အရပ်သားတွေကို ဖမ်းဆီးတာမျိုးမရှိဘူးလို့ တုံ့ပြန်ထားပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပေးပါမယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တချို့ အပါအဝင် ကျောက်မဲမြို့နယ်၊ ပန်ကွမ်ကျေးရွာအုပ်စု၊ ပန်ကွမ်ရွာမက ကျေးရွာသား ၂၄ ယောက်ကို TNLA တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဒီလ ၁၀ ရက်နေ့က အတင်းအကျပ် ဖမ်းဆီး ခေါ်သွားခဲ့သလို၊ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေကလည်း နမ္မတူမြို့နယ်တွင်း ကျေးရွာတချို့က ရွာသား ၁၂ ယောက်ကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ SNLD ပါတီက ပြောပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အထူး အလေးပေး ဆောင်ရွက်နေချိန်မှာ အခုလို အရပ်သားတွေကို အလိုမတူဘဲ ဖမ်းဆီးခေါ်ဆောင်တာတွေဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူးလို့ SNLD ပါတီ ပြောခွင့်ရ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

“ဘာကြောင့်ဖြစ်သလဲဆိုတာ ကျနော်လည်းမပြောပြတတ်ဘူး။ သို့သော်လည်း ဒါက မဖြစ်သင့်ဘူးလို့ ကျနော်ရှင်းရှင်းလင်းလင်းပြောချင်တယ်၊ အထူးသဖြင့် ကျနော်တို့ ဒီအဖွဲ့အစည်းတွေအားလုံးပေါ့နော် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုဆောင်ရွက်နေတဲ့အချိန်မှာ အားလုံး ၁ ယောက်နဲ့ ၁ ယောက် နားလည်မှုရှိဖို့လိုတယ်။ ကျနော်တို့ ကာကွယ်ပေးနေတဲ့လူက ကျနော်တို့ လူတွေကို ဒီလိုမျိုးဖမ်းဆီးတယ်ဆိုတဲ့အခါကျတော့ ကျနော်တို့ ဘယ်လိုရှင်းရမလဲ ရေရှည်မှာ ၊ ဒါက မသင့်တော်ဘူးလို့ ထင်ပါတယ် သဘောဆန္ဒမပါပဲနဲ့ စစ်မှုထမ်းဖို့အတွက်ကို အတင်းဖိပြီးတော့ ဖမ်းဆီးတယ်၊ စည်းရုံးခေါ်ဆောင်သွားတယ် ဆိုတာတော့ လုံးဝမဖြစ်သင့်ပါဘူး။ တဖက်ကလည်း ကျနော်တို့ အစိုးရကိုပြောနေတယ် ဒါမျိုးငြိမ်းချမ်းရေးအတွက်ကိုပေါ့လေ စကားပြောဆွေးနွေးဖို့ကို ပြောနေပါတယ်။ တဖက်က ကျနော်တို့ ပြောပေးနေတဲ့လူတွေက အဲဒီလိုမျိုးလုပ်နေတယ်ဆိုတော့ ကျနော်တို့မှာပြောအားဆိုအား မရှိဘူးဖြစ်တာပေါ့။”

TNLA အဖွဲ့ကတော့ သူတို့အနေနဲ့ ရှမ်းပြည်နယ်တွင်းက RCSS တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်တဲ့ အချိန်မျိုးမှာ ဖမ်းဆီးမိတဲ့ ရှမ်း စစ်သားတချို့ ရှိပေမဲ့၊ အရပ်သားတွေကို အဓမ္မဖမ်းဆီးတာမျိုးတော့ မရှိဘူးလို့ ပြောပါတယ်။

“သူတို့ ထုတ်ပြန်ကြေညာချက်တော့ တွေ့တယ် ၊ အခုမှ သူတို့လူလိုက်မေးလို့ အဲဒါတော့ ကျနော်တို့ မသိရသေးဘူးခင်ဗျ၊ သေချာတာကတော့ အရပ်သားတွေကိုဖမ်းဆီးတာတော့မရှိဘူးခင်ဗျ။ ဒီလိုမျိုးတော့ ရှိတာပေါ့နော် အရင်တုန်းက နိုဝင်ဘာတုန်းက RCSS နဲ့ ကျနော်တို့တိုက်ပွဲတွေတော့ဖြစ်တယ် အဲဒီတုန်းက RCSS စစ်သားတွေ ဖမ်းမိတာတော့ရှိတယ်၊ ရှမ်းလူမျိုးပေါ့နော်။ ဒီစစ်သားမဟုတ်တဲ့ အရပ်သားတွေကိုတော့ ဖမ်းဆီးထားတာတော့ မရှိဘူး။”

တအောင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြောခွင့်ရ မိုင်အိုက်ကျော် ပြောသွားတာပါ။ SNLD ပါတီကတော့ ဖမ်းဆီးခံရသူတွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ် စစ်ဆေး အတည်ပြုပြီးမှ အခုလို ထုတ်ပြန်ပြောဆိုတာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရသူတွေနဲ့ပတ်သက်ပြီး အရေးပေါ် ကြေညာချက် ထုတ်ပြန်ပြီးတဲ့နောက် လွတ်မြောက်လာသူ တချို့ ရှိတယ်လို့လည်း ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

“ကျနော်တို့လူတွေကို ကျနော်တို့ အကြိမ်ကြိမ် confirmation လုပ်ပါတယ်။ ဒါမျိုးဖြစ်မှာ စိုးလို့ပေါ့နော်။ အားလုံးက အတည်ပြုပါတယ် ဒီကိစ္စကို။ အခု နမ္မတူ မှာ ဖမ်းသွားတဲ့ ရှမ်း ၁၁ ယောက်ထဲက ၁၀ ယောက်ကို ခုနက လွန်ခဲ့တဲ့ ၁ နာရီတုန်းက လွှတ်တာရှိပါတယ်၊ အဲဒါ နမ္မတူ ဘက်မှာပါ။ ကျောက်မဲကလူတွေဘက်ကတော့ ဒီနေ့အထိ ဘာသတင်းမှမကြားရပါဘူး။ ဒီလူတွေပြန်လွှတ်ဖို့အတွက်ကို ကျနော်တို့ တာဝန်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကျေးရွာအုပ်စုရဲ့ အလုပ်အမှုဆောင်အဖွဲ့တွေဖြစ်ပါတယ်။”

လက်နက်ကိုင်ပဋိပက္ခတွေ ရှိနေတဲ့ ရှမ်းပြည်နယ်တွင်း TNLA အပါအဝင် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေရဲ့ လုပ်ရပ်တွေဟာ အကြမ်းဖက် လုပ်ရပ်တွေဖြစ်တယ်လို့ဆိုပြီး ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး အဆိုတင်သွင်းခဲ့သလို လွှတ်တော်တွင်း ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ SNLD ပါတီကတော့ ဒီအဖွဲ့တွေကို အကြမ်းဖက်အဖွဲ့တွေ အဖြစ် သတ်မှတ်ဖို့ ပြောဆိုတာတွေဟာ ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုတွေကို ထိခိုက်စေနိုင်တဲ့အတွက် ထောက်ခံခဲ့ခြင်းမရှိပေမဲ့လို့၊ အခုလို TNLA အဖွဲ့က အရပ်သားပြည်သူတွေကို အတင်းအဓမ္မ ဖမ်းဆီးမှုတွေကိုလည်း ရှုတ်ချတယ်လို့ ဦးစိုင်းညွှန့်လွင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG