သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းစစ်ရပ်ဖို့ တပ်ချုပ်ကို ငြိမ်းအဖွဲ့တွေ တိုက်တွန်းခဲ့


 ငြိမ်းချမ်းရေးလုပ်ငန်း ဦးဆောင်အဖွဲ့ PPST တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံ
ငြိမ်းချမ်းရေးလုပ်ငန်း ဦးဆောင်အဖွဲ့ PPST တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံ

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေပေါ် ထိုးစစ်ဆင်နေတာတွေ ရပ်ဆိုင်းပေးဖို့ NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း ဦးဆောင်အဖွဲ့ PPST က၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံစဉ် ဇန်နဝါရီ ၂၃ ရက်နေ့က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေအနေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ အကြေအလည် ဆွေးနွေးဖို့လိုပြီး တပ်မတော် ဖက်ကတော့ ငြိမ်းချမ်းရေးတံခါး ဖွင့်ထားဆဲပဲလို့ တုန့်ပြန်ခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ခေါင်းဆောင်တွေဟာ တနင်္လာနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့တာပါ။

တပ်ချုပ်နဲ့ တွေ့ဆုံစဉ်မှာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေပေါ် ထိုးစစ်ဆင်နေတာတွေ ရပ်ပေးဖို့ ငြိမ်းချမ်းရေးလုပ်ငန်း ဦးဆောင်အဖွဲ့ PPST ဥက္ကဌ စောမူတူးစေးဖိုးက တိုက်တွန်းခဲ့ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်တို့ရဲ့ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးရဲ့ အဖွင့်မိန့်ခွန်းမှာတော့ စစ်ဆင်ရေးတွေ လျှော့ချဖို့ ရပ်ဖို့ ၊ နောက်ပြီးတော့ သဘောထားကြီးကြီးနဲ့ တွေ့ဆုံဆွေးနွေး နိုင်အောင်စီစဉ်ဖို့ဆိုပြီးတော့ အဲဒီကိစ္စကိုတော့ ကာကွယ်ရေးဦးစီးချုပ်ကတော့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။ တိုက်ချင်ရင်လည်း ကျနော်တို့ စခန်းတွေကို တိုက်ကြပါဆိုပြီးတော့ ပြောပါတယ်။ ဒီ ၁၀၅ မိုင်တို့ ကုန်သွယ်ရေးလမ်းဆုံတို့တော့ မလုပ်ပါနဲ့ပေါ့လေ။ တပ်မတော်ကတော့ ပြည်သူကိုကာကွယ်မယ်၊ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကာကွယ်မယ်၊ သူတို့ကတော့ တံခါးဖွင့်ထားတယ်၊ ဆက်လက်ပြီးတော့လည်း ဖိတ်ခေါ်တယ်၊ သို့သော် ဆွေးနွေးရမှာက လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်တွေ အဲဒီအဖွဲ့တွေနဲ့ ဆွေးနွေးဖို့ကိုရော ၊ ဆိုလိုတာကတော့ တည်ငြိမ်အေးချမ်းမှုရမှ ဒီ ဆွေးနွေးပွဲတွေရော ၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ရော အာမခံပြီးသားဖြစ်တော့ ဆက်လုပ်နိုင်မယ်လို့တော့ ပွင့်ပွင့်လင်းလင်းပြောပါတယ်။”

ဒီလိုတိုက်တွန်းမှုတွေ ရှိပေမယ့် လောလောဆယ် စစ်ရေးတင်းမာမှုတွေ လျော့ကျလာနိုင်မယ့် အလားအလာ မမြင်ရသေးဘူးလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ ဒါပေမယ့် ဖေဖေါ်ဝါရီလကုန် ဒုတိယအသုတ် ပြန်လည်ကျင်းပမယ့် ၂၁ ရာစုပင်လုံညီလာခံမတိုင်ခင် ဒီညီလာခံကို မြောက်ပိုင်းမဟာမိတ်တွေလည်း တက်ရောက်လာနိုင်အောင် ကြိုးစားနေတဲ့သဘော တွေ့ရတယ်လို့ သူကပြောပါတယ်။

“ကျနော်ထင်တာကတော့ ချက်ချင်းလက်ငင်းကြီးတော့ မရှိဘူး၊ ၂ ဘက် စစ်ရေး ခြေလှမ်းတွေကြည့်မယ်ထင်တယ်။ သို့သော်လည်းပဲ အခုစစ်ပွဲဖြစ်တဲ့ ပဋိပက္ခနယ်မြေတွေမှာ မျှော်လင့်တာကတော့ ဒီ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးကို မခေါ်ခင်မှာတော့ ရနိုင်သလောက်ရအောင် ကြိုးစားနေတဲ့ သဘောတော့ရှိတယ်ခင်ဗျ၊ ဒါကတော့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော ၊ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ရော ခေါင်းဆောင် ၂ ဦးစလုံးမှာတော့ ငြိမ်းချမ်းရေးမရရအောင် လုပ်မယ့် ရည်မှန်းချက်ကို တော့ တွေ့ရတယ်။”

တပ်မတော်ရော အစိုးရဖက်ကပါ ငြိမ်းချမ်းရေးကို လိုလားတဲ့အခြေခံတွေ တူနေပေမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်ကြည့်ရင် အစိုးရနဲ့ တပ်မတော်ကြား အားပြိုင်မှုတွေရှိနေဆဲပဲလို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက သုံးသပ်ပါတယ်။

“ဒီအစိုးရနဲ့ လက်ရှိတပ်မတော်ကတော့ လုပ်ငန်းသဘောအရတော့ ဒွန်တွဲပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စတွေရှိတဲ့အချိန်မှာ ဒွန်တွဲတယ်ခင်ဗျ။ အဲဒီ ဒွန်တွဲလုပ်ဆောင်နေတဲ့အချိန်မှာပဲ တချို့ကိစ္စတွေမှာတော့ လွန်ဆွဲတဲ့ သဘောမျိုးတွေ့ရတယ်။ အစိုးရရဲ့ Initiative က တချို့နေရာ ရှေ့ရောက်တယ်၊ တချို့နေရာမှာတော့ တပ်မတော်ရဲ့ Initiative ကရှေ့ရောက်လာတယ်။ အဲဒီ လွန်ဆွဲတဲ့ အကွက်လေးတွေလည်းရှိတယ်။ ဒါပေမယ့် ဘယ်လိုပဲ လွန်ဆွဲတာဖြစ်ဖြစ်၊ တနိုင်ငံလုံးအရေးတွေမှာတော့ ဒွန်တွဲပြီး လုပ်ရမှာတော့ ရှိနေတာပေါ့ ။ ဒီ ၂ ခုကြားမှာ ချိန်ခွင်ရှာ ညှိပြီးတော့ သွားနေတဲ့ သဘောတော့ရှိတယ်ခင်ဗျ။”

၂၀၁၇ ခုနှစ်အတွင်း NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ရပ်တည်ရေးနဲ့ ရှေ့လုပ်ငန်းစဉ်တွေကို နေပြည်တော်မှာ ဆွေးနွေးနိုင်ခဲ့တယ်လို့ ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

“လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ ခိုင်မာရေး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အဲဒါတွေကို ကျနော်တို့က ဇောင်းပေးပြီးတော့ ဒီနှစ် ဦးမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရော၊တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရော တွေ့ပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ချမှတ်လိုက်နိုင်တာပေါ့ဗျာ။ လက်တလောကတော့ ကျနော်တို့ ၈ ဖွဲ့ရဲ့ တေ့ွဆုံခြင်းပေါ့ဗျာ။ ဥပမာ ရန်ကုန်မှာ EAO တွေအတွက် သူတို့ပေးထားတဲ့နေရာတွေကို ကျနော်တို့ အသုံးပြုဖို့ ပြင်ဆင်မယ်။ နောက်ပြီးတော့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျနော်တို့ အဆင်သင့်ဖြစ်တဲ့နေရာတွေမှာ အမြန်ဆုံး ဆက်တိုက်လုပ်သွားမယ်။ နောက်ဆုံးတချက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနေတဲ့ ကာလမှာ ကျနော်တို့ တပ်ဖွဲ့တွေရပ်တည်ရေးနဲ့ ဒေသဖွံ့ဖြိုးရေး အစွမ်းကုန်လုပ်ပါ၊ အမြန်ဆုံးလုပ်ပါ လုပ်ချင်တဲ့ Project တွေကို အမြန်ဆုံးလုပ်ပါဆိုပြီးတော့ ဖိတ်ခေါ်ထားတယ်။ ဒါကြောင့်ကျနော်တို့ အဲဒါကိုလည်း NCA စာချုပ်ပါ ပြဌာန်းချက်အတိုင်း တိုက်တွန်းလုပ်သွားဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။”

နေပြည်တော်က တွေ့ဆုံပွဲမှာ တပ်မတော်အနေနဲ့ ဒို့တာဝန်အရေးသုံးပါးကို လုံးဝအထိအပွန်း မခံနိုင်တဲ့အကြောင်းနဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖက်ကပြောကြားခဲ့ပြီး၊ လက်နက်ကိုင် ပဋိပက္ခတွေဟာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မှာ မဟုတ်တာကြောင့် နိုင်ငံရေးအရသာ ညှိနှိုင်းဖြေရှင်းဖို့ လိုတယ်လို့ PPST အဖွဲ့ဥက္ကဋ္ဌ စောမူတူးဆေးဖိုးကပြောကြောင်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG