သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ အပစ်ရပ်အဖွဲ့တွေ ၂၁ ရာစုပင်လုံအရေး ဆွေးနွေးမည်


နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)
နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ။ (မေ ၂၇၊ ၂၀၁၆)

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွ့ဲဟာ မနက်ဖြန်မှာ နေပြည်တော်မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီဆွေးနွေးပွဲမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က၂၁ရာစုပင်လုံပူးပေါင်းကျင်းပနိုင်ဖို့၊ NCA လက်မှတ်မရေးထိုးသေးတဲ့ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ပါဝင်တက်ရောက်နိုင်ဖို့ကို အဓိက ဆွေးနွေးသွားဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မနက်ဖြန်မှာ နေပြည်တော်မှာကျင်းပမယ့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲဟာ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲမှာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အဓိက ထားဆွေးနွေးမယ့်အချက်တွေကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ရဲ့ ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ အဓိကဆွေးနွေးဖို့ကတော့ ၂၁ ရာစုပင်လုံ ကို အတူပူးပေါင်းပြီးတော့ ပူးတွဲပြီးတော့ ကျင်းပနိုင်ရေးကိစ္စရပ်တွေပေါ့လေ၊ ဒါမျိုးလေးတွေကို အဓိကထားပြီးဆွေးနွေးဖို့ရှိပါတယ်။ နောက်တခုကတော့ ကျန်တဲ့ လက်မှတ်မရေးထိုးသေးတဲ့ ကျနော်တို့ရဲ့ ညီနောင်အဖွဲ့အစည်းတွေ ၂၁ ရာစုပင်လုံကို တက်ရောက်နိုင်ဖို့အတွက်ကိုလည်း ဒါကိုလည်း အဓိကထားပြီးဆွေးနွေး သွားဖို့ရှိပါတယ်။ နောက်တခုက လက်ရှိ လက်မှတ်ရေးထိုးပြီးသားအဖွဲ့အစည်းတွေ ရေရှည် ရပ်တည်ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေကို ကျနော်တို့ဆွေးနွေးဖို့ရှိပါတယ်။”

NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ွဖက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အဖွဲ့ကို ဗိုလ်ချုပ်ကြီး ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးနဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွတ်ဆစ်တို့ဦးဆောင်တက်ရှိနေပါတယ်။

အစိုးရကိုယ်စားလှယ်အဖွဲ့ဘက်ကတော့ UPDJC ခေါ် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေးမှု ပူးတွဲကော်မတီဝင်တွေ၊ ပြည်ထောင်စုဝန်ကြီးတွေနဲ့ ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ဖို့ရှိကြောင်း ၁ရာစုပင်လုံအကြိုပြင်ဆင်ရေးကော်မတီအဖွဲ့ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီတွေ့ဆုံပွဲကြောင့် နှစ်ဖက်ယုံကြည်မှုပိုမိုရရှိနိုင်မယ်လို့ မျှော်လင့်ကြောင်း ဦးလှမောင်ရွှေက ပြောပါတယ်။

“အစိုးရအဖွဲ့သစ်မှာတော့ ပထမဦးဆုံး မူဝါဒဆိုင်ရာလည်းဆွေးနွေးမယ့် အနေအထားရှိတယ်။ နောက်ပြီးတော့ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး လိုလူလည်း ဦးဆောင်ပြီး ဆောင်ရွက်တာဖြစ်တဲ့အတွက် ယုံကြည်မှုတွေ ပိုရမယ်လို့တော့ မျှော်လင့်ပါတယ်။”

နောက်လ ဒုတိယပတ်လောက်မှာ NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ က ထိပ်သီးခေါင်းဆောင်တွေဟာ ကချင်ပြည်နယ်က ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်မှာတွေ့ဆုံဖို့ ရှိကြောင်းလည်း ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

“အကြမ်းဖျင်းတော့ ကျနော်တို့ မိုင်ဂျာယိုင်မှာ လုပ်မယ်လို့တော့ အကြမ်းဖျင်းတော့ သိထားပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသား ညီလာခံလုပ်ဖို့ ကိစ္စကိုတော့ ကျနော်တို့ UNFC အစည်းအဝေးမှာလည်း ဒီဟာကို ကျနော်တို့ လက်ခံတယ် သဘောတူတယ်၊ ကျနော်တို့လည်း ကြိုဆိုထောက်ခံတယ် ဆိုတာကိုတော့ ဆုံးဖြတ်ထားပါတယ်။”

တိုင်းရင်းသားထိပ်သီးညီလာခံကျင်းပရေးနဲ့ပတ်သက်ပြီး NCA ကို လက်မှတ်မရေးထိုးသေးတဲ့ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ KIO အဖွဲ့ကို ဆက်သွယ်ရာမှာတော့ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။

အစိုးရက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီကတော့ ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေးကို ဆောင်ရွက်နေသလို NCA လက်မှတ်မရေးထိုးသေးတဲ့အဖွဲ့တွေ ပါဝင်လာရေးအတွက် ဒီလအစောပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့သလို မိုင်းလားမြို့မှာလည်း ဝနဲ့ မိုင်းလားအဖွဲ့ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။ NCA လက်မှတ်မထိုးသေးတဲ့အဖွဲ့တွေထဲက ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေနဲ့တွေ့ဆုံရေးကိုလည်း ပြင်ဆင်နေဆဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG