သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်မှုများကြား ကချင်နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပ


ကချင်နိုင်ငံရေးဆွေးနွေးပွဲ (Photo-Hkun Awng Nlam)
ကချင်နိုင်ငံရေးဆွေးနွေးပွဲ (Photo-Hkun Awng Nlam)

ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ ကျင်းပမယ့် ကချင်အမျိုးသားညီလာခံကို ကျင်းပခွင့်ပိတ်ပင်လိုက်ပြီး ကချင်နိုင်ငံရေးဆွေးနွေးပွဲအဖြစ် ကျင်းပဖို့ အာဏာပိုင်တွေက သတ်မှတ်လိုက်ပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာတော့ ညီလာခံ ကျင်းပမယ့် သူတွေကို ရဲတပ်ဖွဲ့က တားဆီးခဲ့တဲ့နောက်မှာ ပွဲကျင်းပရေးဦးဆောင်သူတွေက နေပြည်တော်ကို တိုက်ရိုက်ဆက်သွယ်ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲအဖြစ် ကျင်းပခွင့် ပြုခဲ့တာဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီလ ၁၆ရက်နေ့မှာ ကချင်အမျိုးသားညီလာခံကို မြစ်ကြီးနားမြို့ မနောကွင်းမှာ ကျင်းပဖို့ အတွက် ကချင် အတိုင်ပင်ခံအဖွဲ့က ဦးဆောင်ခဲ့တာဖြစ်ပြီး မနေ့ညနေပိုင်းမှာတော့ မဂျွယ်ခန်းမကို အသုံးပြုခွင့်မပေးကြောင်း ကချင်ပြည်နယ်အစိုးရက တားမြစ်ခဲ့သလို ဒီမနက်မှာတော့ မနောကွင်းမှာ ကျင်းပခွင့်ကိုပါ တားမြစ်ခဲ့တာဖြစ်ပါတယ်။

ဒီလို တားဆီးခဲ့တဲ့အကြောင်းကို ကချင်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးဂွမ်ဂရာအောင်ခမ်းက အခုလို ပြောပါတယ်။

“အစည်းအဝေးတက်ဖို့လာပါတယ်။ လာတော့ အစည်းအဝေး main တံခါးပေါက်ကို ရဲတွေကနေ တားဆီးပြီးတော့ ပိတ်လိုက်တာပေါ့ ဆိုတော့ ကျနော်တို့ ခွင့်တောင်းပြီးတော့ အထဲကို ဝင်တယ် ။ အထဲမှာဝင်တော့ ဒီမှာ ကျနော်တို့အကုန်လုံးကို ရဲတွေကနေ ဒီမနောကွင်းမှာရှိတဲ့ မဂျွယ် ခန်းမဆောင်ကိုလည်း အကုန်လုံးပိတ်လိုက်ပါတယ် သူတို့ ဝင်ခွင့်မပြုပါဘူး။”

ကချင်အတိုင်ပင်ခံအဖွဲ့က ပြည်နယ်အစိုးရနဲ့ ဆွေးနွေးရာမှာ ခွင့် ပြုချက်မရတာကြောင့် ပြည်ထောင်စုအစိုးရဆီကို ဆက်သွယ် ညှိနှိုင်းခဲ့တဲ့နောက်မှာ ခေါင်းစဉ်ပြောင်းပြီး ကျင်းပခဲ့ရခဲ့ကြောင်း ဆက်ပြောပါတယ်။

“ဒီကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကိုလည်း အကြောင်းကြားတယ်။ နယ်လုံတွေကိုလည်း အကြောင်းကြားပြီးမှ တဆင့်ပြီးတဆင့် ဆွေးနွေးပါတယ်။ ဒါပေမယ့် ဘာမှ ထူးခြားမှုမရှိတော့ ဖြစ်မြောက်ရေးကော်မတီကနေ နေပြည်တော်ကို တိုက်ရိုက်ဆက်သွယ်တယ်။ ဒီနေ့မနက် ခေါင်းစီးကတော့ ကချင် National Conference ပေါ့နော်၊ ကချင်အမျိုးသားညီလာခံဖြစ်ပါတယ်။ ဒါပေမယ့် ဟိုကနေခွင့်ပြုတာကတော့ ကချင်အမျိုးသားနိုင်ငံရေးဆွေးနွေးပွဲ ဒါမျိုးခေါင်းစဉ်နဲ့ လုပ်ခွင့်ပြုတယ်လို့ ကြားနေတယ်။ အဲဒါကြောင့် ယနေ့ည ၃ နာရီမှာ အခန်းအနားကို စပြီးမှ ဖွင့်လစ်ဖို့ပေါ့ ပြင်ဆင်နေကြပါတယ်။”

ကချင်အမျိုးသားညီလာခံကျင်းပခွင့်ရဖို့ကို ဒီလ ၁၁ ရက်နေ့က ပြည်နယ်အစိုးရဆီကို အကြောင်းကြားခဲ့ရာမှာ ၁၅ရက်နေ့မှာ လုပ်ခွင့်မပြုကြောင်း ပြန်ကြားခဲ့သလို ၁၆ရက်နေ့မနက်မှာတော့ မနောကွင်းရဲ့ မည်သည့်နေရာမှာမဆို လုပ်ဆောင်ခွင့်မပြုကြောင်း၊ လုပ်ဆောင်ရင် အရေးယူမှာဖြစ်ကြောင်း ထပ်မံအကြောင်းကြားလာခဲ့တယ်လို့ ဦးဂွမ်ဂရာအောင်ခမ်းက ပြောပါတယ်။

ညနေ ၃နာရီမှာတော့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့အတွက် အခမ်းအနား ဖွင့်လှစ်နိုင်ခဲ့ကြောင်း ပွဲကျင်းပရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကချင်အတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှုး ဦးလဘန်ဂမ်အောင်က ပြောပါတယ်။

“ဒီနေ့ ညနေ ၃ နာရီကတော့ ကျနော်တို့ ဖွင့်ပွဲလုပ်ပါတယ်ခင်ဗျ။ လာတဲ့ဧည့်သည်တွေကို ဆုတောင်းပွဲ နောက်ပြီးတော့ မိတ်ဆက်တဲ့အစီအစဉ်ပေါ့နော် နေရာဒေသအစုံက ကိုယ်စားလှယ်တွေကိုတော့ မိတ်ဆက်ခြင်းအစီအစဉ်တွေ လုပ်ခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေးဆွေးနွေးရေးမူဘောင် နဲ့ ပတ်သက်တဲ့ဟာတွေကျတော့ ဒီလာတဲ့ ကိုယ်စားလှယ်တွေကို ကျနော်တို့ ရှင်းပြတာမျိုးတွေရှိပါတယ်။ ကျနော်တို့က ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံအကြို ကချင်အမျိုးသားတွေ့ဆုံပွဲဆိုပြီးတော့မှ ခေါင်းစဉ်ပြောင်းထားတယ်။”

ကချင်အမျိုးသားတွေ့ဆုံပွဲကို လူ ၈၀၀ လောက် ပါဝင်တက်ရောက်ခဲ့ပြီး မနက်ဖြန် မနက်၉နာရီမှာ ဆွေးနွေးပွဲကို ပြန်လည်စတင်မှာ ဖြစ်သလို တရက်တည်းနဲ့ ဆွေးနွေးပွဲ မပြီးပြတ်ရင် စနေနေ့ထိ ဆက်လက်ကျင်းပမှာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ ပြည်နယ် ရဲတပ်ဖွဲ့ကို ဆက်သွယ်ခဲ့ပေမယ့် မအားလပ်တာကြောင့် ပြန်လည်ဖြေကြားတာမရှိခဲ့ပါဘူး။

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က NCA ခေါ် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးတာမရှိသေးတဲ့အတွက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပနိုင်တာမရှိသေးပါဘူး။ NCA ကို လက်မှတ်ရေးထိုးထားတဲ့ ကရင်လက်နက်ကိုင်အဖွဲ့တွေက ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့သလို ပအိုဝ်းအမျိုးသားတွေကလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို ဟိုပုံးမြို့မှာ ဒီနေ့ စတင်ကျင်းပနေပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ ချင်းအမျိုးသားတပ်ဦး CNF တို့ကတော့ ဒီလအတွင်း ကျင်းပဖို့ ပြင်ဆင်နေပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာတော့ ကျင်းပခွင့် မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG