သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီ ပြတ်လပ်မယ့် အခြေအနေနဲ့ကြုံ


ထပ်ဆင့် ထွက်ပြေးနေရသော ကချင် ဒုက္ခသည်များ (Citizen Journalist)
ထပ်ဆင့် ထွက်ပြေးနေရသော ကချင် ဒုက္ခသည်များ (Citizen Journalist)

တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေရသူတွေ နေရာသစ်ကို ထပ်ပြီး ထွက်ပြေးနေကြရပြီးအရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စားနပ်ရိက္ခာ ပြတ်လပ်မယ့် အရေး အကူအညီပေးသူတွေ စိုးရိမ်နေကြပါတယ်။ အိုးအိမ်စွန့်ခွာ ထွက်ပြေးသူတွေ အတွက် အစိုးရဘက်ကရော ကချင်လက်နက်ကိုင်တပ် KIA ဘက်ကရော အကူအညီပေးနေပေမယ့် ရေရှည်မှာ အခက်တွေ့မယ့် အခြေအနေ ရှိနေတာပါ။ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေရဲ့ နောက်ဆုံး အခြေအနေကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တွင်းက ဇိုင်းအောင်၊ ခေါင်ရှောင်နဲ့ မဂါးယန် စစ်ဘေးရှောင် စခန်းတွေက ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ ဘေးလွတ်ရာကို ထပ်မံ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ အကူအညီပေးရေး ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။ ဇိုင်းအောင် စခန်းတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီးနောက် လုံခြုံရေး စိုးရိမ်ချက်နဲ့ အခုလို တိမ်းရှောင်ကြတာလို့ ပူးပေါင်းလုပ်ငန်းစဉ် အဖွဲ့ ပြောခွင့်ရ ဂွမ်ရှားအောင် က ပြောပါတယ်။

“ဇိုင်းအောင် ကျတော့ မူလ camp ကနေ အခုသူတို့ရောက်နေတဲ့နေရာကျတော့ ၁၀ မိုင်လောက်ဝေးတယ်။ လွမ့်ပန် လို့ ခေါ်တဲ့နေရာမှာ ရောက်နေတာဖြစ်ပါတယ်။ မဂါးယန် IDP camp ကျတော့ ဒီအနေအထားတွေကြောင့် သူတို့စခန်း ကလည်း လုံခြုံမှုမရှိတဲ့အတွက်ကြောင့် စပြီးမှ တိမ်းရှောင်တာဖြစ်ပါတယ်။ အခုလက်ရှိအနေအထား အရဆိုရင် ဒီ မဂါးယန် IDP camp ကျတော့ နဂိုမူလရှိတဲ့နေရာ ကနေ အနောက်ဘက် ၃ -၄ မိုင် ရှိတဲ့ နမ့်ခမ်းပါ ဆိုတဲ့နေရာမှာ အများစု ခိုလုံနေတယ်။ တချို့ကျတော့ လိုင်ဇာဘက်မှာ ပြောင်းသွားတဲ့ အိမ်ထောင်စု ၅၀ ကျော်ရှိတာဖြစ်ပါတယ်။ ဒီလက်တလော ပဋိပက္ခကြောင့် အစိုးရထိန်းချုပ် ဧရိယာကို ပြောင်းလာတာ အိမ်ထောင်စု ၅၀ ကျော်ရှိတာဖြစ်ပါတယ်။”

အခုနောက်ဆုံး မဂါးယန် စစ်ဘေးရှောင် စခန်းတွေမှာ ခိုလှုံနေသူတွေထဲက အစိုးရ ထိန်းချုပ်ရာ ဒေသဘက်ကို ပြောင်းရွှေ့သွားသူတွေ ရှိသလို ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA အခြေစိုက်ရာ လိုင်ဇာဘက်ကို ခိုလှုံနေကြသူတွေလည်း ရှိနေပါတယ်။ အစိုးရနဲ့ KIA တို့ဘက်က စစ်ဘေးရှောင်တွေ အရေး လက်လှမ်းမီသလောက် ကူညီပေးနေတယ်လို့လည်း ဂွမ်ရှားအောင်က ပြောပါတယ်။

“ထပ်ဆင့် ထွက်ပြေးတိမ်းရှောင်ရတဲ့အနေအထားမှာကျတော့ အများစုက ဒီသက်ကြီးရွယ်အို ကလေးနဲ့ အမျိုးသမီးတွေဖြစ်တော့ သူတို့ဒီလို ထွက်ပြေး တိမ်းရှောင်နေရတဲ့ အနေအထားမှာ ပိုပြီးတော့ ဒုက္ခရောက်တယ် ပြီးရင် စိတ်ဖိစီးမှုတွေလည်းတော်တော်ဖြစ်တယ်။ တချို့ဒီ ဇိုင်းအောင်ကဆိုရင် ထွက်ပြေးရင်း လမ်းတွေပေါ်မှာပဲ တဲဖျင် ထိုးရင်း နေခဲ့ရတော့ အခုအနေအထားမှာဆိုရင် ကျမ်းမာရေးအတွက် လည်း တော်တော်စောင့်ရှောက် ဖို့လိုတဲ့အနေအထား မှာရှိတာဖြစ်ပါတယ်။”

တိုက်ပွဲတွေကြောင့်ဘဲ ပြီးခဲ့တဲ့ ရက်ပိုင်း အတွင်း ဗန်းမော်မြို့နယ် မိုင်းခေါင် စစ်ဘေးရှောင် စခန်းမှာ လာရောက် ခိုလှုံလာသူ ပိုတိုးလာတယ်လို့လည်း ဂွမ်ရှားအောင်က ပြောပါတယ်။KIA အခြေစိုက်ရာ ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေကတော့ နေ့စဉ်ဆိုသလို ရှိနေပြီး တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ မြန်မာ့ တပ်မတော်ဘက်ကရော ကချင် လက်နက်ကိုင် တပ်ဘက်ကရော ထုတ်ဖော် ပြောဆိုမှု မရှိပါဘူး။

ရှမ်းပြည်နယ် မူဆယ် ကုန်သွယ်ရေးဇုံကို ကေအိုင်အေ ကချင်လက်နက်ကိုင်တပ်ဖွဲ့ အပါအဝင် မြောက်ပိုင်း စစ်ရေး မဟာမိတ် အဖွဲ့တွေ ပူးပေါင်းပြီး တိုက်ပွဲ ဆင်ခဲ့ပြီးနောက်ပိုင်း မြန်မာ့ တပ်မတော်နဲ့ ဆက်တိုက်ဆိုသလို ဖြစ်နေတဲ့ တိုက်ပွဲတွေ အတွင်း မုံကိုးမြို့နယ်တွင်းက ကချင် ခရစ်ယာန် သင်းထောက်ဆရာ နှစ်ဦးလည်း သတင်းအစအန မရဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ ကချင် သင်းထောက် ဆရာ နှစ်ဦး ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူ ဆောင်ရွက်ပေးဖို့ ကချင် နှစ်ခြင်း ခရစ်ယာန် အသင်း KBC က မြန်မာ အစိုးရကို စာရေးသား တောင်းဆိုထားသလို လူ့အခွင့်အရေး အဖွဲ့တွေကလည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG