သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးလုပ်ငန်းကဏ္ဍစုံမှာ အရပ်ဘက်အဖွဲ့တွေ ပါဝင်ခွင့်ရဖို့ တောင်းဆို


ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်
ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်

လက်ရှိ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ကန့်သတ်မှုမရှိပဲ ကဏ္ဍစုံ ပါဝင်ခွင့်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဖက်က တောင်းဆိုလိုက်ကြပါတယ်။ ငြိမ်းချမ်းရေးညီလာခံနဲ့အပြိုင် အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်ကျင်းပနိုင်ဖို့အတွက် တောင်ကြီးမြို့မှာ ဆွေးနွေးနေကြတဲ့ အရပ်ဘက်အဖွဲ့အစည်းများအကြိုဖိုရမ်ကနေ အခုလို တောင်းဆိုခဲ့ကြတာပါ။ စုံစမ်းမေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးပါလိမ့်မယ်။

လက်ရှိအားဖြင့်တော့ အစိုးရရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အကန့်အသတ်နဲ့ပဲ ပါဝင်ခွင့်ရှိပြီး၊ အထူးသဖြင့် နိုင်ငံရေး လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ လုံးလုံး ပါဝင်ဆွေးနွေး ပတ်သက်ခွင့် မရပါဘူး။ ဒါကြောင့်လည်း အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC (Union Peace Dialogue Joint Committee) ဘက်က အခုလို ကန့်သတ်မှုတွေ လုပ်ထားတာကို အရပ်ဖက်လူမှုအဖွဲ့အစည်းတွေဘက်က ကန့်ကွက်ခဲ့ကြတာပါ။ တချိန်တည်းမှာလည်းပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ ကဏ္ဍစုံမှာ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို ပါဝင်ပတ်သက်ခွင့်ပေးဖို့ ဒီကနေ့ တောင်ကြီးမြို့မှာ ကျင်းပပြီးစီးသွားတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းများ အကြိုဖိုရမ်ကနေ တောင်းဆိုလိုက်ကြတာြ့ဖစ်ပါတယ်။

ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာရေး ၂၁ရာစုပင်လုံညီလာခံနဲ့အပြိုင် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဖိုရမ်တွေကျင်းပပြီး ဖက်ဒရယ်ပြည်ထောင်စုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မူဝါဒတွေ ဖြစ်ပေါ်ရေး ပံ့ပိုးကူညီသွားဖို့ ပြင်ဆင်ထားကြတာပါ။ ဒီအတွက်လည်း တိုင်းနဲ့ပြည်နယ်အသီးသီးက အရပ်ဘက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၇၀၀ကျော် တက်ရောက်နေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အကြိုဖိုရမ်ကို တောင်ကြီးမြို့မှာ ဖေဖော်ဝါရီ ၂၁ရက်ကနေ့က ဖေဖော်ဝါရီ ၂၃ရက်နေ့အထိ ကျင်းပခဲ့ပြီးတဲ့နောက်မှာတော့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ တူညီသဘောထားတွေကို ထုတ်ပြန်နိုင်ခဲ့ပါတယ်။

ဒီကနေ့ပြီးဆုံးသွားပြီဖြစ်တဲ့ တောင်ကြီးမြို့က အရပ်ဘက်အဖွဲ့အစည်း အကြိုဖိုရမ်ကနေ ဆုံးဖြတ်ချခဲ့တာတွေနဲ့ပတ်သက်လို့ ပထမအကြိမ် အရပ်ဘက်အဖွဲ့အစည်းများ ဖိုရမ်ဖြစ်မြောက်ရေးကော်မတီက ကိုသွင်လင်းအောင်က အခုလိုပြောပါတယ်။

“UPDJC က အရပ်ဖက်အဖွဲ့အစည်းများဖိုရမ်အတွက် ချမှတ်ထားတဲ့ TOR (Terms of Reference) က ချုပ်ကိုင်မှုတွေ များတယ်၊ အားမလိုအားမရဖြစ်တာတွေရှိတယ်။ ဆိုတော့ အဲဒီအပေါ်မှာ ကျနော်တို့က တဘက်ကလည်း အရပ်ဖက်အဖွဲ့အစည်းတွေရဲ့တာဝန်ဖြစ်တဲ့ ပြည်သူလူထုရဲ့အသံကို အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူဝါဒတို့မှာ ပါဝင်သွားအောင်လုပ်ဖို့ဆိုတဲ့ အဲဒီရည်ရွယ်ချက်ပြီးမြောက်အောင် ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတဲ့နည်းလမ်းတွေ ရှာကြံနိုင်တာပေါ့နော်။ အဲဒါရှာကြံနိုင်ခဲ့တယ်။ နောက်တခုကတော့ Nation Building လို့ခေါ်တဲ့ အမျိုးသားအသွင်လက္ခဏာတည်ဆောက်ရေးဆိုပြီးတော့ ကျနော်တို့ဆီမှာရှိနေတဲ့ ကွဲပြားနေတဲ့ အင်အားစုတွေကြားထဲမှာ ညီညွတ်မှုတည်ဆောက်ပြီးတော့ ၂၁ ပင်လုံနည်းလမ်းနဲ့တင် မဟုတ်ပဲနဲ့ တခြားဖြစ်နိုင်သမျှနည်းလမ်းတွေကနေပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောင်ရေးလမ်းကြောင်းတွေကနေ သွားမယ်ဆိုပြီးတော့ အဲဒီသဘောထားတွေ အဓိက ကျတယ်။”

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလုပ်ငန်းစဉ်တွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍဟာ အရေးကြီးကြောင်းနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုက်ရိုက်ပါဝင်ဆွေးနွေးခွင့်နဲ့ ဆုံးဖြတ်ချက်ချမှတ်ရေးတွေမှာပါ ပါဝင်ခွင့် အသိအမှတ်ပြုပေးဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က လိုလားကြောင်းလည်း ကိုသွင်လင်းအောင်က ပြောပါတယ်။

“ကျနော်တို့က အကြောင်းအရာအားလုံးပေးပြီးတော့ မဆွေးနွေးထားဘူးလေ။ လောလောဆယ်မှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သံယံဇာတ ဆိုတဲ့ ၅ ခုရှိတယ်။ အဲဒီ ၅ ခုမှာ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေက လူမှုရေးရယ်၊ စီးပွားရေးရယ်၊ မြေယာနဲ့ သံယံဇာတ ဆိုတဲ့ ခေါင်းစဉ်ကြီး ကိုဆွေးနွေးခွင့်ရရှိတယ်လို့ပြောတယ်။ ဒါပေမယ့် တကယ်တော့ အဲဒီအောက်ကမှ လူမှုရေးဆိုရင်တော့ ပြန်လည်နေရာချထားရေးပေါ့၊ ဒုက္ခသည်ကိစ္စတို့ ဒါမျိုးပဲ ဆွေးနွေးရတယ်။ စီးပွားရေးကိစ္စဆိုရင်လည်း ဖက်ဒရယ်ငွေကြေးသုံးစွဲမှု ဒီတခုပဲ ဆွေးနွေးရတယ်။ နောက် မြေယာနဲ့ သံယံဇာတဆိုရင်လည်း အဲဒီ မြေယာနဲ့ သံယံဇာတကို ကျနော်တို့ဆွေးနွေးရတာမဟုတ်ပဲနဲ့ သဘာဝပတ်ဝန်းကျင်နဲ့၊သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရေး အဲဒါမျိုးလေးတွေပဲဆွေးနွေးရတာ ဆိုတော့ အဲဒီအပေါ်မှာ ကျနော်တို့က မဖြစ်သင့်ဘူးပေါ့နော်၊ ကျနော်တို့က ပြည်သူလူထုနဲ့ ထိတွေ့ပြီးတော့ အလုပ်လုပ်နေတာဖြစ်တဲ့အတွက် ပြည်သူလူထုက ဒီထက်ပိုတဲ့ ပြဿနာတွေ သူတို့မှာ နေ့စဉ်ဘဝမှာ ရင်ဆိုင်ခံစားနေရာတာ၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီပြဿနာတွေ၊ ဒီဒုက္ခတွေကနေပြီးတော့ အကာအကွယ်ပေးနိုင်တဲ့ မူဝါဒတွေ သူတို့မှာ ရှိဖို့လိုတယ်။ ဒါတွေရှိဖို့ဆိုရင် ဒီဆွေးနွေးမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်ဖို့လိုတယ်ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့က အကြောင်းအရာစုံတွေကို ဆွေးနွေးဖို့ဆိုပြီးတော့ တောင်းဆိုထားတာပေါ့နော်။ ဆိုတော့ အခုလောလောဆယ်အဲဒါက UPDJC ရဲ့ TOR (Terms of Reference) မှာ ရမနေဘူး။”

အကြိုဖိုရမ်ပြီးဆုံးတဲ့နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာပဲ ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးအပါအဝင် အရပ်ဘက်အဖွဲ့အစည်းတွေဘက်ကလည်း သူတို့ရဲ့ သဘောထားကြေညာချက်တွေကို အသီးသီးထုတ်ပြန်ပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ရဲ့လမ်းညွှန်ချက်တွေဟာ ကန့်သတ်မှုတွေ များစွာရှိနေတဲ့အတွက် ကန့်ကွက်ကြောင်းနဲ့ ဒီလုပ်ငန်းလမ်းညွှန်ချက်တွေကို သူတို့အနေနဲ့အပြည့်အဝ မထောက်ခံဘူးလို့ ထုတ်ပြန်ကြတာပါ။ ဒီသဘောထားနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောထားနဲ့ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားလှယ်တွေထဲက တက်ရောက်သူတဦးဖြစ်တဲ့ ကိုကျော်ရဲထက်က အခုလိုပြောပါတယ်။

“UPDJC က ချမှတ်ပေးထားတဲ့ TOR (Terms of Reference) ကို သဘောမကျ ကြဘူး။ ဒါကျနော်တို့ ရန်ကုန်တိုင်းဒေသကြီးကိုယ်စားလှယ်တွေထဲကမှ မဟုတ်ပဲနဲ့ ဒီဖိုရမ်မှာပဲ ကျနော်တို့ မဲခွဲဆုံးဖြတ်ကြတဲ့အခါမှာ အများစုက အားလုံးနီးပါးက ဒီဟာကို ပြင်ဆင်ဖို့အတွက် သဘောတူကြတယ်ပေါ့နော်။ အဲဒါကြောင့် ကျနော်တို့က သဘောထားကြေညာချက်ထုတ်ပြန်တာဖြစ်တယ်။”

လူထုရဲ့ငြိမ်းချမ်းရေးအပေါ် လိုလားချက်၊ သဘောထားဆန္ဒတွေကို ထင်ဟပ်စေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အရပ်ဘက်အဖွဲ့အစည်းတွေဘက်က ကဏ္ဍစုံပါဝင်ဆွေးနွေးဆောင်ရွက်ဖို့နဲ့ မည်သည့်အစုအဖွဲ့ရဲ့လွှမ်းမိုးချုပ်ကိုင်မှုမျိုးကိုမှ မလိုလားပဲ လွတ်လပ်စွာရပ်တည်ကြမှာဖြစ်ကြောင်းနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအနေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကို အပြန်အလှန်လေးစားမှုနဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ အရပ်ဘက်အဖွဲ့အစည်းတွေဘက်က တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG