သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA စာချုပ် အကောင်အထည်ဖေါ်မှုအပေါ် တိုင်းရင်းသားအချို့ သံသယနဲ့ ရှုမြင်


NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးကို UWSP/UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ခမ်းမြို့၌ ကျင်းပနေစဉ်- မေလ ၂၀၁၅ ခုနှစ်
NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးကို UWSP/UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပန်ခမ်းမြို့၌ ကျင်းပနေစဉ်- မေလ ၂၀၁၅ ခုနှစ်

NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် အတိုင်း မြန်မာအစိုးရရော တပ်မတော်ကပါ လိုက်နာဆောင်ရွက်ပါ့မလားဆိုတဲ့အချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က သံသယဖြစ်နေကြောင်းKIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောပါတယ်။

UWSA နယ်မြေမှာ ပန်ခမ်းထိပ်သီး အစည်းအဝေး မကျင်းပခင် NCA မှာ လက်မှတ်ရေးထိုးရေး သဘောထားနဲ့ပတ်သက်ပြီး ဗွီအိုအေက ဆက်သွယ်မေးမြန်းခဲ့စဉ်မှာ ဗိုလ်ချုပ် ဂွမ်မော်က အဲဒီလို ပြောခဲ့တာဖြစ်ပါတယ်။

ဒီအတောအတွင်း UNFC တိုင်းရင်းသားခေါင်းဆောင်တွေဟာ ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့ အစား လာမယ့် မတ်လ (၁) ရက်နေ့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ ဆွေးနွေးကြမှာဖြစ်ပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

တတိယအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးအစည်း အဝေးကို ဖေဖေါ်ဝါရီလ (၂၂)ရက်ကနေ (၂၄) ရက်နေ့အထိ UWSA ၀ ပြည်သွေး စည်းညီညွတ်ရေးတပ်ဖွဲ့ရဲ့ ပန်ခမ်း နယ်မြေမှာ ကျင်းပနေတာပါ။ မနေ့ ဗုဒ္ဓဟူးနေ့ ကတော့NCA စာချုပ်ကိစ္စ အပါအဝင် နောက်လအတွင်း ကျင်းပမယ့် ဒုတိယ အကြိမ်မြောက် (၂၁)ရာစု ပင်လုံညီလာခံအပေါ် သဘောထားတွေ ကို ဆွေးနွေးခဲ့ ကြပါတယ်။

NCA တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်မှာ လက်မှတ်ရေးထိုးမထားရသေးတဲ့ တိုင်းရင်းသားအဖွဲ့တွေဘက်က အဓိက စိုးရိမ်နေတဲ့ အချက်နဲ့ပတ်သက်ပြီး UNFC ရဲ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ DPN ဒုတိယခေါင်းဆောင် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က မကြာသေးမီက ဗွီအိုအေနဲ့ ဆက်သွယ်မေးမြန်းခန်းမှာ အခုလိုပြောခဲ့ပါတယ်။

“ကျနော်တို့ဘက်ကတော့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် ချုပ်ပြီးလို့ရှိရင် process အတိုင်းသွားဖို့ လိုအပ်ပါတယ်။ ကျနော်တို့က လက်မှတ်ရေးထိုးပြီးလို့ရှိရင် သက်ဆိုင်ရာ အစိုးရဘက်က တိုက်ရိုက်ညွန်ကြားချုပ်ကိုင်ပြီးတော့ အကောင်အထည်ဖေါ်တာမျိုး မဖြစ်စေချင်ပါဘူး။ စုပေါင်းလုပ်ကိုင်သွား မှသာလျှင် အားလုံးရဲ့ ပါဝင်မှုရှိမယ်။ ပြီးရင် ပြည်သူလူထုတရပ်လုံးကလည်း ပါဝင်လို့ရမယ်။ အဲတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အောင်မြင်တဲ့အထိ သွားဖို့လိုအပ်တယ်လို့ မြင်ပါတယ်။”

ဒါအပြင် NCA စာချုပ်မှာပါတဲ့အတိုင်း နှစ်ဘက်တပ်တွေ ပြန်လည်နေရာချထားရေးကိစ္စကို အကောင်အထည်ဖေါ်ဖို့ လက်မှတ်ရေးထိုးပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈)ဖွဲ့နဲ့ မြန်မာတပ်တော်ကြား ညှိုနှိုင်းလို့ မရနိုင်သေးတဲ့ အခြေအနေကိုကြည့်ပြီး သူတို့ဘက်က စိုးရိမ်မကင်းဖြစ်မိကြောင်း ဗိုလ်ချုပ်ဂွမ်မော်က ဆိုပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေဖြစ်ပွား နေတဲ့အခြေအနေနဲ့ပတ်သက်ပြီး သဘောထားကိုတော့ ဗိုလ်ချုပ်ဂွမ်မော်က အခုလိုပြောပါတယ်။

“အဓိက တပ်မတော်ရဲ့ ဆန္ဒက အရေးကြီးပါတယ်။ ဒုတိယကတော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အရေးကြီးပါတယ်။ လွန်ခဲ့တဲ့လက ချင်းမိုင်မှာလုပ်တဲ့ DPN ဆွေးနွေးပွဲမှာ ကျနော်ပြောတာကတော့ ကျနော်တို့ဘက်ကနေတော့ မတိုက်ပါနဲ့လို့ ကျနော်တို့ မေတ္တာရပ်ခံချက်မရှိပါဘူး။ တိုက်ချင်တယ်ဆိုရင် တပ်မတော်က ကျေနပ်တဲ့အထိတိုက်ပါ။ ဒါပေမဲ့ တိုက်ပြီးလို့ရှိရင် ပြန်ပြီးဆွေးနွေးကြရမှာဖြစ်ပါတယ်။ အဲဒီလို တိုက်ပြီး ပြန်ဆွေးနွေးရင် အခု ရောက်ရှိနေတဲ့ ဆွေးနွေးမှုအဆင့်ကနေမဟုတ်ပဲ အစကနေပြန်စရတဲ့ အခြေအနေမျိုး မဖြစ်စေချင်ဘူးလို့ ကျနော်တို့ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောထားပြီးသာဖြစ်ပါတယ်။”

တဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးအတွက် အဓိကအရေးပါနေ တဲ့ မြန်မာတပ်မတော်ဘက်က တိုင်းပြည်ရဲ့ ရေရှည်အကျိုးစီးပွားအတွက် အပြုသဘောဆောင်တဲ့ ရပ်တည်ချက်ကို ပြသဖို့ လိုနေကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက သုံးသပ်ပါတယ်။

“တပ်မတော်မှာ အထင်လွဲခံရကောင်းရှိချင်ရှိမယ်။ သို့သော်လည်းပဲ တပ်မတော်ဘက်က ဘာစိုးရိမ်မှုရှိသလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိတဲ့အတွက် ချဉ်းကပ်တဲ့အခါမှာ အခက်အခဲရှိနေတယ်။ ဒီအပေါ်မှာ ဒေါ်အောင်ဆန်းကြည်က နားလည်မှုရသလောက် ယူထားပြီးတော့ ကြိုးစားနေတော့ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အပစ်ပြောကြတာပေါ့။ ဒါကလည်း သဘာဝတော့ ကျပါတယ်။ သို့သော် တပ်မတော်က ဒီထက်ထိ ပွင့်လင်းမှုနဲ့ တနည်းအားဖြင့် ရေရှည် ပြည်ထောင်စု အကျိုးစီးပွားကိုကြည့်ပြီးတော့က ချဉ်းကပ်မှုကို အပြုသဘော လုပ်လို့ရှိရင် တိုင်းရင်းသားတွေဘက်ကလည်း ပိုပြီးတော့ နားလည်မှု ပေးကောင်းပေးလာလိမ့်မယ်လို့ ယူဆတဲ့အတွက် တပ်မတော်ကဏ္ဍဟာ အတော်ကို အရေးကြီးနေတဲ့အချိန်ရောက်တယ်လို့ ပြောရင်မမှားပါဘူး။”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ NCA စာချုပ်မှာ အားလုံးပါဝင်လက်မှတ်ရေးထိုးပြီး ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်ကြဖို့ NCA မှာ လက်မှတ်ရေးထိုးမထားရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မေတ္တာရပ်ခံထားပါတယ်။

၂၁ ရာစုပင်လုံညီလာခံကြီး အောင်မြင်အောင် ဆက်လက်အကောင်အထည်ဖေါ် ရာမှာ ပြည်နယ်နဲ့ တိုင်းအလိုက် ကျင်းပနေတဲ့ အမျိုးသားအဆင့် ဆွေးနွေးပွဲ ညီလာခံတွေနဲ့ ပတ်သက်လို့ အဓိက လိုအပ်ချက်တွေကို ဗိုလ်ချုပ် ဂွမ်မော်က အခုလိုပြောပါတယ်။

“ကျနော် သုံးချက်အနေနဲ့ ပြောချင်ပါတယ်။ ပထမအချက်ကတော့ ညီလာခံကို တက်လို့ရှိရင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိူးစုများက မိမိတို့ကိုယ်တိုင်ရွေးချယ်တဲ့ ကိုယ်စားလှယ်များကို စေလွှတ်နိုင်တယ်ဆိုရင် အကောင်းဆုံးပါပဲ။ ဒုတိယအချက်ကတော့ ဒီလိုညီလာခံတွေ တက်မယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုင်းရင်းသားလူမျိုးစုအချင်းချင်း သေသေချာချာဆွေးနွေးပြီးမှ အချက်အလက်တွေကို တင်ပြနိုင်ဖို့လိုပါတယ်။ တတိယအချက်ကတော့ အမျိုးသားအဆင့်လို့ပြောတဲ့ ဒီအခြေအနေမှာ သက်ဆိုင်ရာ တိုင်းရင်းသားများဟာ အစိုးရကို အင်မတန်ခက်ခက်ခဲခဲနဲ့အခွင်တောင်းပြီးလုပ်တာမျိုးမဟုတ်ပဲနဲ့ တကယ်စစ်မှန်တဲ့ စေတနာနဲ့ အခုလိုပဲ မိမိတို့ရဲ့ ဆန္ဒအလျောက်ပါဝင်တယ်ဆိုတဲ့ သဘောထားများကို ထုတ်ဖေါ်ပြတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်တယ်လို့ မြင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖေါ်ဝါရီလ (၂၃ ) ရက်နေ့မှာ UNFC ညီညွတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့အစီအစဉ်ကို လာမယ့် မတ်လ (၁)ရက်နေ့ကို ပြောင်းရွှေ့ထားပါတယ်။

ဝ,နဲ့ မိုင်းလားအဖွဲ့ ပူးတွဲကျင်းပတဲ့ တတိယအကြိမ်မြောက် ပန်ခမ်း ထိပ်သီးဆွေးနွေးပွဲကို KIO ကချင်လွတ်လပ်ရေး အဖွဲ့၊ TNLA တအာန်းပလောင်အဖွဲ့၊ MNDAA ကိုးကန့်အဖွဲ့၊ SSPP ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရခိုင်တပ်မတော် AA စတဲ့အဖွဲ့တွေ တက်ရောက်နေကြပါတယ်။ အစည်းအဝေး မတက်နိုင်တဲ့ KNPP ကရင်နီတိုးတက်ရေးပါတီနဲ့ NMSP မွန်ပြည်သစ်ပါတီတို့ကတော့ သူတို့ရဲ့ နိုင်ငံရေးစာတမ်းတွေကို ညီလာခံကို အသီးသီးပေးပို့ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG