သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံ အောင်မြင်ရေး တိုင်းရင်းသားခေါင်းဆောင်တွေအပေါ် မူတည်


ပထမအကြိမ်ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ
ပထမအကြိမ်ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ

ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံကို ဒီလကုန်ကနေ ရှေ့လလယ်အထိ ရက်ရွှေ့ဆိုင်းလိုက်သလို၊ ညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုလည်း ဒေသအသီးသီးမှာ ကျင်းပတာ၊ ကျင်းပဖို့ စီစဉ်နေတာတွေ ရှိပါတယ်။ ၂၁ ရာစုပင်လုံ ကြိုတင်ပြင်ဆင်မှုတွေနဲ့အတူ ဒီညီလာခံမှာ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ပါဝင်နိုင်ချေ အလားအလာတွေနဲ့ပတ်သက်လို့ ဆက်သွယ်မေးမြန်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါမယ်။

ဒီဖေဖော်ဝါရီလကုန်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ဒီလကုန်မှာ ကျင်းပဖို့ စီစဉ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ရှေ့လလယ်အထိ ရက်ရွှေ့ဆိုင်းထားပါတယ်။ ဒီလို ရွှေ့ဆိုင်းလိုက်တာကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဒီညီလာခံမှာ ပါဝင်လာအောင် ကြိုတင်ပြင်ဆင် ဆွေးနွေးတာတွေလုပ်ဖို့ အချိန်ပိုရသွားပါတယ်။ NCA လက်မှတ် မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေးညီလာခံမှာ ပါဝင်လာနိုင်ချေကို ခန့်မှန်းရတာ အင်မတန် ခက်ပြီး အလားအလာကောင်းတွေ ကတော့ ရှိပါတယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) နာယက ဦးခွန်ဥက္ကာက ပြောပါတယ်။

“ကျနော်တော့ ၂၀၁၆ တနှစ်လုံးမှာ ကြိုးပမ်းခဲ့တဲ့ အတွေ့အကြုံအရဆိုရင်တော့ ခန့်မှန်းခြေပေးဖို့ အင်မတန်ခက်ပါတယ်။ ကျနော်တို့ရဲ့ NCA လက်မှတ်ထိုးဖို့ အဆင်သင့်မဖြစ်သေးတဲ့ အဖွဲ့တွေရဲ့ သဘောထားနဲ့ အခြေအနေကတော့ တနေ့ရွှေ၊ တနေ့ငွေဆိုသလိုပေါ့ခင်ဗျ။ နည်းနည်းလေးတော့ အခိုင်အမာပြောဖို့ အင်မတန်ခက်ပါတယ်။ သို့သော် ပြည်ထောင်စုအစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ရဲ့ ကြိုးပမ်းမှုပေါ့ခင်ဗျ ၊ တပ်မတော်ရဲ့ဖြေလျော့မှုတွေအောက်မှာ သဘောပေါက်နားလည်ပြီးတော့ သူတို့ရပ်တည်ချက်တွေကိုပြန်ပြီးတော့ သုံးသပ်မယ်ဆိုရင်တော့ အလားအလာကောင်းနိုင်ပါတယ်။ အဲဒါကတော့ အပြတ်ပြောလို့မရတာတော့ တခြားတော့မဟုတ်ပါဘူး ကျနော်တို့ရဲ့ အဖွဲ့တဖွဲ့ချင်း အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင် တဦးချင်းရဲ့ စိတ်နေသဘောထားတွေအပေါ်မှာ မူတည်နေတဲ့အခါကျတော့ ကျနော်တို့ အခြေအနေကောင်းခြင်းမကောင်းခြင်းကို ခန့်မှန်းဖို့ ခက်ပါတယ်လို့ ကျနော်ပြောချင်ပါတယ်။”

ငြိမ်းချမ်းရေးညီလာခံအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ ကျင်းပပြီးစီးသွားတာတွေရှိသလို၊ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ဒေသတွေလည်း ရှိနေပါတယ်။ ၅ ရက်တာကျင်းပတဲ့ ပအိုဝ်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကတော့ တနင်္လာနေ့မှာ နောက်ဆုံး ကျင်းပခဲ့တာပါ။ ဒီလို အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ တွေမှာ အကျေအလည် ညှိနှိုင်း ဆွေးနွေးပြီး ရလာတဲ့ အချက်တွေကိုတော့ လာမယ့် ပင်လံုံညီလာခံမှာ ဆက်လက် တင်ပြသွားဖို့ ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရတွေရဲ့ ပံ့ပိုးမှုနဲ့ အရင်က မရှိခဲ့ဖူးတဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာတာဟာ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက်တော့ အားရစရာကောင်းတယ်လို့ ဦးခွန်ဥက္ကာက ပြောပါတယ်။

“ဒီ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆိုတာက ကျနော်တို့ မြန်မာပြည်သမိုင်းမှာ မရှိဖူးသေးတဲ့ ကိစ္စတရပ်ဖြစ်ပါတယ်။ လူမျိုးတိုင်းလူမျိုးတိုင်းက အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲဆွေးနွေးခွင့် ရတယ်ဆိုတာက နိုင်ငံတော်ရဲ့ မူဝါဒဖြစ်ပြီးတော့ ပြည်ထောင်စုအစိုးရ ပြည်နယ်အသီးသီးက အစိုးရတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ လုပ်ဆောင်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီလို ပူးပေါင်းဆောင်ရွက်မှုနဲ့ ခွင့်ပြုတာက ကျနော်တို့ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အခြေခံ အုတ်မြစ်ကောင်းတွေဖြစ်ပါတယ်။ မတူကွဲပြားတာတွေ ရှိကောင်းရှိနိုင်တယ်ဆိုပေမယ့်၊ ကျနော်တို့ ဒီလိုလုပ်ဆောင်မှုတွေက မတူကွဲပြားတာတွေကို ကျော်ဖြတ်ပြီးတော့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်တော့ အလားအလာကောင်းတယ်လို့ ကျနော်ပြောချင်ပါတယ်။”

လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံမှာ NCA လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားအဖွဲ့တွေ တက်မယ် မတက်ဘူးကတော့ အခုထိ ရေရေရာရာ မရှိသေးပါဘူး။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို ပါဝင် တက်ရောက်ဖို့ ဒီလထဲ ပင်လုံမြို့မှာ ကျင်းပတဲ့ နှစ် (၇၀) ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် NCA လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့လထဲ တွေ့ဆုံဖို့ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာပါ။

ပင်လုံ ငြိမ်းချမ်းရေးညီလာခံကျင်းပဖို့ အစိုးရဘက်က ပြင်ဆင်နေချိန်မှာ NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကလည်း ဝတပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမှာ ထိပ်သီးအစည်းအဝေးတရပ်ကို လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG