သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA လက်မှတ်မထိုးအဖွဲ့များ ပင်လုံမတိုင်မှီ ဝဒေသမှာ စည်းဝေးမည်


၂၀၁၅ မေလတုန်းက တိုင်းရင်းသားခေါင်းဆောင်များ၏ ပန်ဆန်းညီလာခံ
၂၀၁၅ မေလတုန်းက တိုင်းရင်းသားခေါင်းဆောင်များ၏ ပန်ဆန်းညီလာခံ

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာကျင်းပမယ့် အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိပ်သီးဆွေးနွေးပွဲကို ဒီလ၂၂ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပြီး တရုတ်- မြန်မာနယ်စပ်အခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တွေကတော့ ရောက်ရှိနေပြီဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အဖွဲ့တွေကတော့ ဖိတ်ကြားထားပေမယ့် ခရီးသွားလာဖို့ အခက်အခဲရှိနေတာကြောင့် တက်နိုင် မတက်နိုင် ဆိုတာ သေချာမသိရသေးပါဘူး။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံကျင်းပဖို့ အစိုးရဘက်က ပြင်ဆင်နေချိန်မှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို ပါဝင်လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဝတပ်ဖွဲ့ ဌာနချုပ် ပန်ဆန်းမှာ ထိပ်သီးအစည်းအဝေးတရပ် ကျင်းပဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP က ဦးဆောင်ကျင်းပတာလည်း ဖြစ်ပါတယ်။

အစည်းအဝေးကျင်းပမယ့် နေ့ရက်ကိုတော့ UWSP က အကြီးတန်း အရာရှိတဦးက အခုလို ပြောပါတယ်။

“ကျနော်တို့ ၂၂ ရက်နေ့ စမယ်ထင်တယ်ခင်ဗျ၊ ၃ ရက်လောက်ကျင်းပမှာဖြစ်ပါတယ်။ ကျနော်ကြားသလောက်ကတော့ ဒီ ၂၁ ရာစုပင်လုံနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတာတွေရှိမှာပါ အဲလိုကြားပါတယ်။”

ဒီအစည်းအဝေးကို ထိုင်း-မြန်မာနယ်စပ်မှာ အခြေပြုတဲ့UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့၊ တရုတ်-မြန်မာနယ်စပ်ဒေသအခြေစိုက် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ၄ဖွဲ့၊ NDAA ခေါ် မိုင်းလားအဖွဲ့နဲ့ ဝတပ်ဖွဲ့ အပါအဝင် စုစုပေါင်း ၁၂ဖွဲ့လောက် တက်ရောက်မယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့တွေဖိတ်ကြားထားတယ်ဆိုတာတော့ သီးခြားသတင်းထုတ်ပြန်တာမရှိပါဘူး။

အစည်းအဝေးရက်ကို မူလက ၂၁ရက်နေ့မှာ စတင်ဖို့ သတ်မှတ်ထားပေမဲ့ ကိုယ်စားလှယ်တွေ မစုံညီသေးတာကြောင့် တရက် နောက်ဆုတ်ပြီး ကျင်းပဖို့ ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ရဲ့ အထွေထွေ အတွင်းရေးမှုး ဗိုလ်မှုးကြီး တာ့ဘုန်းကျော်ကတော့ ကိုယ်စားလှယ်တချို့ မရောက်လာသေးကြောင်း အခုလို ပြောပါတယ်။

“ဒီမြောက်ပိုင်းကတော့ အကုန်လုံးလာနိုင်တဲ့သဘောရှိတယ်။ ဒီ UNFC အဖွဲ့ဝင်တွေဖြစ်တဲ့ ကရင်နီနဲ့ မွန်နဲ့က သူတို့က ခရီးသွားလာဖို့ အခက်အခဲရှိတယ်ရောက်နိုင်မရောက်နိုင်မသိဘူး၊ ဒါကြောင့်မို့ ကျနော်တို့လည်း ခဏနောက်ဆုတ်ထားတယ် ၁ ရက်။”

လောလောဆည်မှာ UNFC အဖွဲ့ဝင်တွေထဲက ကချင်လွတ်လပ်ရေးအဖွဲ့ KIO နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တို့ ရောက်ရှိနေသလို မြောက်ပိုင်းမဟာမိတ်အဖွဲ့က PSLF ခေါ် တအာင်း-ပလောင်အဖွဲ့၊ MNDAA ခေါ် ကိုးကန့်အဖွဲ့နဲ့ AA ခေါ် ရခိုင်အဖွဲ့တွေ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။

အဓိက ဆွေးနွေးဖြစ်မယ် အကြောင်းအရာကိုတော့ ဗိုလ်မှုးကြီး တာ့ဘုန်းကျော်က အခုလို ဆက်ပြောပါတယ်။

“အဓိကတော့ ကျနော်တို့ဘက်တွေမှာ အခုကတိုက်ပွဲတွေ တအားပြင်းထန်နေတယ်၊ တပြိုင်နက်ထဲမှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ ရပ်တန့်နေတယ်။ အဲဒါလေးတွေကို ကျနော်တို့ စုပေါင်းပြီးတော့ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ။ အဓိက ဒီ ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် မှာ ကျနော်တို့ တိုင်းရင်းသားတွေက စုပေါင်းပြီး ဘယ်လိုကျော်လွှားနိုင်ကြမလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်တို့ မင်းအောင်လှိုင်တို့ ပြောတာတွေမှာလည်း မလိုက်ပါနိုင်ဘူး။ အဲဒါကြောင့်မို့လို့ အခြေအနေတခုမှာ ကျနော်တို့ ဘယ်လိုရပ်တည်ချက်တွေနဲ့ တိုင်ပင်ညှိနှိုင်းကြမလဲ အဓိက ဆွေးနွေးကြမှာပါ။”

လက်ရှိ ဆွေးနွေးပွဲမှာ ပါဝင်မယ့်အဖွဲ့တွေထဲမှာ ဝနဲ့ မိုင်းလားအဖွဲ့က အပစ်အခတ်ရပ်စဲရေးကို ၁၉၈၉ ခုနှစ်ကတည်း လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ အစိုးရနဲ့ ပစ်ခိုက်တိုက်ခိုက်တာမရှိတာကြောင့် NCAကို ပါဝင် လက်မှတ်ရေးထိုးဖို့ မလိုဘူးလို့ ခံယူထားတာဖြစ်ပါတယ်။ ပလောင်၊ ကိုးကန့်နဲ့ AA ခေါ် ရခိုင်တပ်ဖွဲ့တွေကိုတော့ သမ္မတ ဦးသိန်းစိန်လက်ထက်မှာ NCA ကို လက်မှတ်ရေးထိုးဖို့ မဖိတ်ကြားခဲ့တဲ့ အဖွဲ့တွေဖြစ်ပြီး ကျန် UNFC အဖွဲ့တွေကတော့ အားလုံး မပါဝင်တာကြောင့် NCA ကို ပါဝင် လက်မှတ်ရေးထိုးတာ မရှိခဲ့ပါဘူး။

ပင်လုံမြို့မှာ ကျင်းပတဲ့ နှစ်၇၀ပြည့် ပြည်ထောင်စုနေ့ အခမ်းအနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံကို ပါဝင် တက်ရောက်ဖို့ တိုက်တွန်းထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့ ပါဝင်တဲ့UNFC အဖွဲ့ကတော့ သူတို့ တင်ပြထားတဲ့ အချက် ၉ချက်ကို လက်ခံရင် NCA လက်မှတ်ရေးထိုးမှာဖြစ်ကြောင်း တုံြ့ပန်ထားပါတယ်။ လာမယ့် မတ်လ ၁ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ UNFC ခေါင်းဆောင်တွေ တွေ့ဆုံဖို့ သတင်းထွက်ပေါ်နေပေမဲ့ ဝ၊ မိုင်းလားနဲ့ ကျန်မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ အစိုးရနဲ့ ၂၁ပင်လုံမှာ ပါဝင်ရေးအတွက်ဆွေးနွေးမယ့် အလားအလာကတော့ တိတိကျကျ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG