သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းသားအားလုံး ပင်လုံမှာပါဝင်ခွင့်ရဖို့ ကချင်အမျိုးသားတွေ့ဆုံပွဲမှ တောင်းဆို


ကချင်အမျိုးသားတွေ့ဆုံပွဲ (Hkun Awng Nlam)
ကချင်အမျိုးသားတွေ့ဆုံပွဲ (Hkun Awng Nlam)

၂၁ရာစုပင်လုံမှာ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်ရေး၊ စစ်တပ်ဘက်က တိုင်းရင်းဒေသတွေမှာ ထိုးစစ်ဆင်နေတာတွေကို လုံးဝရပ်ဆိုင်းရေးနဲ့ စစ်ပြေး ဒုက္ခသည်တွေ ဘေးအန္တရာယ် ကင်းရှင်းစွာ နေရပ်ရင်းပြန်နိုင်ရေး ကချင်ပြည်သူလူထုက ကချင်အမျိုးသားများတွေ့ဆုံပွဲကနေ တောင်းဆိုလိုက်ပါတယ်။ ဆယ်စုနှစ်နဲ့ချီကြာမြင့်နေတဲ့ပြည်တွင်းစစ် မီးငြိမ်းနိုင်ရေးက အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့လည်း ကချင့်အရေးလှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပါမယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ကျင်းပနေတဲ့ ၂၁ရာစုပင်လုံညီလာခံကနေ မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်မယ့် ကချင်တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဂျွယ်ခမ်းမမှာ ကချင်အမျိုးသားတွေ့ဆုံပွဲတရပ်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၈ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမစတင်ခင်မှာ ကချင်ပြည်နယ်အစိုးရနဲ့ ဒေသခံရဲအာဏာပိုင်တွေဘက်က ပိတ်ပင်တားဆီးမှုတွေ ရှိခဲ့ပြီးနောက်မှာတော့ ညီလာခံအဖြစ် ကျင်းပခွင့်မပြုပဲ နိုင်ငံရေးဆွေးနွေးပွဲအဖြစ်နဲ့ပဲ ခွင့်ပြုခဲ့တဲ့ ဒီကချင်အမျိုးသားများ တွေ့ဆုံပွဲကနေ ကချင်လူထုရဲ့ တောင်းဆိုချက်တွေကို သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဓိက တောင်းဆိုချက်တွေကတော့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံဟာ ၁၉၄၇ ပင်လုံစာချုပ် နဲ့ ပင်လုံကတိကဝတ်တွေကို အခြေခံဖော်ဆောင်နိုင်မယ့် ညီလာခံဖြစ်စေချင်သလို ၂၁ရာစုပင်လုံ ညီလာခံမှာ အပစ်ရပ်လက်မှတ် မထိုးထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အားလုံး ပါဝင်ခွင့်ပြုဖို့နဲ့ ကချင်ဒေသအပါအဝင် တိုင်းရင်းဒေသတွေမှာ မြန်မာ့တပ်မတော်ဘက်က ထိုးစစ်ဆင်တာတွေကိုလုံးဝ ရပ်ဆိုင်းပေးဖို့ ကချင်လူထုက တောင်းဆိုပါတယ်။ ဒီလိုကချင်လူထုရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်လို့ ငြိမ်းချမ်းရေးအပေါ် ကချင်လူထုရဲ့ဆန္ဒသဘောထားကို လူ့အခွင့်အရေးနဲ့ငြိမ်းချမ်းရေးလှုပ်ရှားသူ ကချင်အမျိုးသမီး မမေစပယ်ဖြုူကလည်း အခုလိုပြောပါတယ်။

“ကျမတို့ ကချင်အများသားညီလာခံ လုပ်သွားတာတွေရော ၊ နောက်ပြီး ဒီသဘောထားကြေညာချက်ကို ကြည့်မယ်ဆိုရင် ကျမတို့ကချင်လူထုအားလုံးဟာ တကယ်ပဲ အကုန်လုံးပါဝင်ပြီးတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး ၊ စစ်မှန်ပြီးတော့ တရားမျှတတဲ့ ငြိမ်းချမ်းရေး ကို ရချင်တဲ့ ဆန္ဒကျမတို့အားလုံးမှာ ပြင်းပြနေပါတယ်လို့။ အဲဒီတော့ အားလုံးပါဝင်ရေးမူကို လက်ကိုင်ထားပြီးတော့ အကယ်၍မပါဝင်နိုင်သေးတဲ့အဖွဲ့တွေရှိမယ်ဆိုရင် သူတို့ပါဝင်လာနိုင်မယ့်အခြေအနေမျိုး ဖြစ်အောင် ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲဆိုတာ ကို ကျမတို့က အလေးပေးပြီး စဉ်းစားစေလိုပါတယ်။”

ကချင်လူထုဘက်ကတောင်းဆိုချက်တွေထဲ အဓိက စစ်ဘေးကြောင့် နေရပ်ကနေ တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို လူသားခြင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေကို နိုင်ငံတော်အစိုးရက ကူညီပေးဖို့နဲ့ ပြည်တွင်းပြည်ပ ပံ့ပိုးကူညီမှုတွေကို လွတ်လပ်စွာခွင့်ပြုပေးဖို့အပါအဝင် စစ်ဘေးဒုက္ခသည်တွေ နေရပ်ကို ဘေးအန္တရာယ်ကင်းရှင်းစွာ ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ရေး အစိုးရနဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့လည်းပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ စစ်ဘေးဒုက္ခသည်တွေအရေး ထည့်သွင်းစဉ်းစားပေးဖို့ကိုလည်း မမေစပါယ်ဖြူက တိုက်တွန်းပါတယ်။

“လက်ရှိမှာ ကျမတို့အတွက် Urgent ပေါ့ အရေးတကြီးလိုအပ်နေတာက စစ်ပြေးဒုက္ခသည်တွေရဲ့ စားဝတ်နေရေးကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြောတဲ့အခါမှာ ဒီစစ်မက်ပဋိပက္ခကြောင့် အရင်ဆုံးထိခိုက် နစ်နာရတဲ့ ဒေသခံ အပြစ်မဲ့ပြည်သူတွေ စစ်ပြေးဒုက္ခသည်တွေရဲ အရေးကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အရေးကြီးတဲ့ ကိစ္စရပ်တခုအနေနဲ့ မဖြစ်မနေ ထည့်သွင်းစဉ်းစားပေးသင့်တယ်။ ကျမတို့ စစ်ပြီးရင် သူတို့တွေလည်း အချိန်တန်ရင် ပြန်ပြီးတော့ ကိုယ့်ပုံမှန်ဘဝကို ပြန်ရမှာပဲဆိုပြီးတော့ အင်မတန်မှ ရိုးစင်းပြီး သမားရိုးကျ စဉ်းစားတဲ့အတွေမျိုးနဲ့ မစဉ်းစားစေချင်ပါဘူး။ အဲဒီတော့ ကျမအနေနဲ့ ပြောရမယ်ဆိုရင် အဲဒါလေးတွေတော့ ကျမ အဓိကထားပြီးပြောချင်ပါတယ်ရှင့်။”

စစ်ရေးတင်းမာမှုတွေနဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေက စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံပြည်သူတွေကို တိုက်ပွဲတွေကြား ထိခိုက်မှုမရှိရအောင် လူနေတဲ့နေရာတွေမှာ တပ်တွေက တပ်စွဲတာ ပစ်ခတ်တာ မလုပ်ဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမဖြစ်အောင် ကာကွယ်ပေးဖို့ ဖြစ်လာရင်လည်း ထိရောက်စွာအရေးယူဖို့ လည်း ကချင်လူထုက တောင်းဆိုပါတယ်။

တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေရပ်စဲဖို့ဆိုရင် မြန်မာ့တပ်မတော်ဘက်က အရင်ဆုံး အပစ်ခတ်ရပ်စဲရေးကို ဖော်ဆောင်ဖို့လိုတယ်လို့လည်း ရှမ်းမြောက်အခြေစိုက် ကချင်အမျိုးသားလုံးဆိုင်ရာကွန်ယက်က ကိုအိုင်ဇက်အောင်ကလည်း ပြောပါတယ်။

“စစ်တပ်ကနေပြီးတော့ သူ့ရှိသမျှ ပါဝါအားလုံးကို ထိန်းချုပ်ထားတယ်ဆိုတော့ တကယ်လို့ စစ်တပ်၊ သူ့အနေနဲ့ လိုက်လျောမယ်ဆိုရင် ဘာမဆိုဖြစ်သွားနိုင်တယ်ပေါ့ တခါတည်း ချက်ချင်းပေါ့ ။ ဒါပေမယ့် အခုက စစ်တပ်အနေနဲ့လည်း လုံးဝလိုက်လျောဖို့အတွက် အလားအလာမရှိဘူး။ ဒီစစ်တပ်ထိပ်ပိုင်းရယ်၊ အစိုးရ ထိပ်ပိုင်းရယ် ၊ ကျနော်တို့ တိုင်းရင်းသားလက်နက်ကိုင် ထပ်ပိုင်းရယ်တွေ့ပြီးတော့ တခုခုလျှော့ရင်လျှော့ သို့မဟုတ် တိုင်းရင်းသားဘက်ကလျှော့ နောက်ပြီး စစ်တပ်ဘက်ကလျှော့ ၊ အစိုးရဘက်ကလျှော့ အဲလိုမျိုး အလျှော့အတင်းလုပ်မယ်ဆိုရင် ပိုပြီးတော့ ထိရောက်မယ်လို့ ကျနော်ကတော့ မြင်တယ်။ အဲဒါဆိုတော့ ကျနော်တို့က အစည်းအဝေးပဲ တွေ့ဆုံပွဲပဲလုပ်တာမဟုတ်ပဲနဲ့ အဖြေတခုခု ထွက်လာမယ်လို့ ကျနော်မျှော်လင့်တယ်။”

လာမယ့်သီတင်းပတ်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အပစ်ရပ်လက်မှတ်မထိုးထားသေးတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဖို့စီစဉ်ထားပါတယ်။ အခုဆိုရင်တော့ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားကြဖို့ ပြင်ဆင်နေပြီး ဒီလိုအချိန်ယူတာကြောင့် ၂၁ရာစုပင်လုံညီလာခံကျင်းပမယ့်ရက်ကို အရင် ဖေဖော်ဝါရီ ၂၈ရက်နေ့ကို သတ်မှတ်ထားပေမဲ့ နောက်ဆုတ်ရွှေ့ဆိုင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG