သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC ခေါင်းဆောင်တွေ တွေ့ကြမည်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ UNFC ခေါင်းဆောင် များ ၂၀၁၆ခုနှစ်က တွေ့ဆုံခဲ့စဉ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ UNFC ခေါင်းဆောင် များ ၂၀၁၆ခုနှစ်က တွေ့ဆုံခဲ့စဉ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖေဖေါ်ဝါရီလ (၂၃ ) ရက်နေ့ တွေ့ဆုံဖို့ UNFC ခေါင်းဆောင်တွေကို အစိုးရဘက်က တရားဝင် ကမ်းလှမ်းလိုက်ပါတယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသားပြည်နယ်တွေမှာ တပ်မတော်ဘက်က ပြင်းထန်တဲ့ ထိုးစစ်တွေနဲ့ ဖိအားပေးတိုက်နေတဲ့အတွက် ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ရေးအခက်အခဲတွေ ပိုပြီးရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ပြောဆိုလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံ တင်ပြမှာပါ။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနီးပါး ပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရံပုံငွေဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ JBC အစည်းအဝေး ကျင်းပမယ့် ဖေဖေါ်ဝါရီလ (၂၃)ရက်နေ့မှာပဲ အဲဒီအစည်းအဝေးကိုတက်ရောက်လာမယ့် UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ ရဲ့ခေါင်းဆောင်တွေ နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဖို့ အစိုးရဘက်က စီစဉ်ထားတာဖြစ်ပါတယ်။

ဒါပေမယ်လို့ အခုလို အစိုးရဖက်က ဖိတ်ကြားစီစဉ်ထားတာနဲ့ပတ်သက်လို့ UNFC ဘက်က တရားဝင်အကြောင်းမပြန်သေးပါဘူး။

NCA အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ သူတို့ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး UNFC ဘက်က အဆိုပြုထားတဲ့ အချက်(၉)ချက်နဲ့ ပတ်သက်ပြီး အစိုးရငြိမ်းချမ်းရေးကော်မရှင်အဖွဲ့နဲ့ ဆက်လက်ဆွေးနွေးမယ့် အစီအစဉ်ကိုလည်း အဲဒီကမ်းလှမ်းချက်ထဲမှာ ထည့်သွင်းထားပါတယ်။

အခုလို အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေး ဖို့ ပြင်ဆင်နေတဲ့ အချိန်မှာပဲ ရှမ်းပြည်မြောက်ပိုင်း တင်မက ရခိုင်ပြည်နယ်မှာပါ ဒီရက်ပိုင်းတွေအတွင်း တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်နေပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကိုးကန့်ဒေသဘက်မှာ မြန်မာစစ်တပ်က လက်နက်ကြီးတွေနဲ့ မနေ့ကထိ ပစ်ခတ်တိုက်ခိုက်နေကြောင်း MNDAA ခေါ် ကိုးကန့် တပ်ဖွဲ့ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။

" အခုအခြေအနေဆို လက်နက်ကြီးပဲ ပစ်နေတယ်။ တနေကုန် အမြဲတမ်း တိုက်ပွဲဖြစ်နေတယ်။ တပ်မ(၇၇)၊ တပ်မ(၅၅).တခခ ၁၀. အများကြီးရှိတယ်။ အများကြီးလာတယ်။"

အလားတူ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်တွေဘက်မှာ TNLA တအာင်းပလောင်တပ်ဖွဲ့ နဲ့ မြန်မာတပ်မတော်တို့ မနေ့ကအထိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်နေဆဲပဲလို့ TNLA ဗိုလ်မှူး တာအိုက်ကျော်က ပြောပါတယ်။

"ပြည်ထောင်စုနေ့ကနေ ဒီနေ့အထိဆို တိုက်ပွဲက ခြောက်ဆယ်ဖြစ်သွားပြီ။"

တခါ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ဘက်မှာ တပ်မတော်နဲ့ AA ရခိုင်တပ်မတော် တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေတာနဲ့ ပတ်သက်လို့ AA ပြန်ကြားရေးအရာရှိ ခိုင်သုခက အခုလိုပြောပါတယ်။

" ကျနော်တို့ ရခိုင့်တပ်မတော်ဘက်ကတော့ စစ်ဗျူဟာ ..နဲ့ဖြစ်တာဗျ။ မြန်မာ့တပ်မတော် ဘက်ကတော့ ..လက်အောက်ခံတပ်ရင်းနဲ့ဖြစ်တာ။ အထိအခိုက်အကျအဆုံးကတော့ ကျနော်တို့ အသေအချာ မပြောနိုင်သေးဘူး။ "

ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ သတင်းကို အရင်လို တပ်မတော်ဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ NCA စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးဖို့ မြန်မာစစ်တပ် ရဲ့ စစ်ရေး အရ ဖိအားပေးတဲ့ နည်းဗျူဟာကြောင့်၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်ရေး အခက်အခဲတွေပိုပြီး ရှိလာနေကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲတွေပြင်းထန်လာတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေ စိုးရိမ်မကင်းဖြစ်နေရတဲ့ အခြေအနေကို ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်းကြမ်း ဒေသခံ တဦးက အခုလိုပြောပါတယ်။

"အရင်ရက်တွေတုန်းက ကုန်းကြမ်းဘက်မှာတော့ လုံခြုံရေးကတော့ သတိအနေအထားနဲ့ နေရတာပေါ့။"

အလားတူမွန်ပြည်သစ်ပါတီနဲ့ မြန်မာတပ်မတော်ကြား စစ်ရေးတင်းမာမှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှာ ဒေသခံ ပြည်သူရာနဲ့ချီပြီး ထိုင်းနိုင်ငံဘက်ခြမ်းမှာ သွားရောက်ခိုလှုံနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG