သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ အပေါ်အမြင်တချို့


Peace and Conflict in Burma ဆွေးနွေးပွဲအတွင်း VOA မေးမြန်းစဉ်
Peace and Conflict in Burma ဆွေးနွေးပွဲအတွင်း VOA မေးမြန်းစဉ်

Peace and Conflict in Burma မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပဋိပက္ခဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန် ဒီစီမှာကြာသပတေးနေ့က ဆွေးနွေးပွဲတရပ် ကျင်းပပါတယ်။ ဒီဆွေးနွေးပွဲကို မြန်မာငြိမ်းချမ်းရေးလုပ်ငန်းနဲ့ပတ်သက်လို့ ကျွမ်းကျင် ပညာရှင်တွေ၊ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူတွေ၊ မြန်မာနိုင်ငံမှာ သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမေရိကန် သံတမန်တွေ နဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ထဲထဲဝင်ဝင်ပါဝင်ပတ်သက်နေသူတွေ တက်ရောက်လာကြပါတယ်။ ဒီဆွေးနွေးပွဲကို VOA မြန်မာပိုင်းဌာန ဝိုင်းတော်သား ဦးကျော်ဇံသာ ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေနဲ့ ဆွေးနွေးပွဲတက်ရောက်လာသူတွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးကျော်ဇံသာကို နန်းလောင်ဝ် က ဆက်သွယ်မေးမြန်းတော့ ခုလိုစပြောပါတယ်။

ဖြေ။ ။ဒီဆွေးနွေးပွဲမှာ ပထမဦးဆုံးအဖွင့်အနေနဲ့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက အစိုးရ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပြည်ပက ဝါဒဖြန့်မှု စတဲ့ ပဋိပက္ခတွေ ပြဿနာတွေ ကို ရှင်းလင်းသွားပါတယ်။ အဲဒီနောက် စတင်တဲ့ ပထမဦးဆုံးဆွေးနွေးပွဲကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ နိုင်ငံတကာအရေးအခြေအနေဖြစ်ပါတယ်။ အဲဒီမှာ ပြောကြတဲ့ ပုဂ္ဂိုလ်တွေကတော့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့တဲ့ Derek Mitchell ရယ် သူ့မတိုင်ခင် သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Priscilla Clapp ရယ် မြန်မာ့အရေး ကျွမ်းကျင်တဲ့ ပါမောက္ခ David Steinberg တို့ဆွေးနွေးကြပါတယ်။

အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့တဲ့ Derek Mitchell ၊ မြန်မာ့အရေး ကျွမ်းကျင်တဲ့ ပါမောက္ခ David Steinberg ၊ Andrew Wilder၊ သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Priscilla Clapp ၊
အမေရိကန် ပြည်ထောင်စုဆိုင်ရာ သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့တဲ့ Derek Mitchell ၊ မြန်မာ့အရေး ကျွမ်းကျင်တဲ့ ပါမောက္ခ David Steinberg ၊ Andrew Wilder၊ သံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Priscilla Clapp ၊

မေး။ ။ဒီဆွေးနွေးပွဲကို ၄ ကြိမ်ခွဲပြီးဆွေးနွေးတယ်လို့ သိရပါတယ် ၊ ပထမ ဆွေးနွေးပွဲရဲ့ အရေးပါပုံကို ပြောပါဦးရှင့်။

ဖြေ။ ။ပထမပိုင်းရဲ့ ဒုတိယဆွေးနွေးပွဲကတော့ မြန်မာနိုင်ငံ နယ်စပ်ဒေသမှာဖြစ်နေတဲ့ ပဋိပက္ခတွေအကြောင်းကို ဆွေးနွေးတာဖြစ်ပါတယ်။ ကချင်အမျိုးသမီး တက်ကြွလှုပ်ရှားသူဖြစ်တဲ့ Ja Nan Lahtaw ရယ် ၊ တရုတ်မူဝါဒကျွမ်းကျင်တဲ့ Yun Sun ရယ် ၊ လွတ်လပ်တဲ့ လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ David Mathieson တို့ဆွေးနွေးကြပါတယ်။ အဲဒါပြီးတော့ နောက်ဆွေးနွေးတဲ့ ပါမောက္ခ David Steinberg ပြောတဲ့ ကိစ္စမှာတော့ မြန်မာနိုင်ငံမှာ လူမျိုးစုတွေနဲ့ ဆက်ဆံရေးပြဿနာကတော့ ဒီမိုကရေစီပြဿနာထက် အရေးကြီးတယ်ဆိုပြီးတော့ သူထောက်ပြသွားတာဖြစ်ပါတယ်။ နောက်ပြီးတော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဟာ သိပ်ခက်ခဲတယ်လို့ ပြောနိုင်ရင်တောင်မှ အတိမ်းအစောင်းမခံနိုင်တဲ့အနေအထားမှာ ရှိတယ်လို့ သူကပြောသွားပါတယ်။

မေး။ ။ဒါဆိုရင် ဒုတိယအပိုင်းမှာရော ဘာတွေကိုဆွေးနွေသွားကြပါသလဲ ဦးကျော်ဇံသာ။

ဖြေ။ ။နယ်စပ်ဒေသပဋိပက္ခတွေ ဖြစ်ပါတယ်။ ကချင်အမျိုးသမီး Ja Nan Lahtaw ကနေ ဦးဆောင်ပြီးတော့ ဒေသမှာ ဘယ်လိုအခြေအနေ ၊ အခက်အခဲတွေရှိနေသလဲဆိုတာကို အဓိကပြောပါတယ်။ သူပြောတဲ့ အရေးကြီးတဲ့ အချက်ကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေမှာ မဟာမိတ်တွေ အဆင့်ဆင့် ဖွဲ့စည်းထားကြတဲ့အတွက် အစိုးရနဲ့ စေ့စပ်ညှိနှိုင်းတဲ့အခါမှာ အင်မတန်မလိုလားအပ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေဖြစ်တယ်ဆိုတာကို အဓိကပြောသွားပါတယ်။ တရုတ်ရေးရာ မူဝါဒရေးရာကျွမ်းကျင်သူဖြစ်တဲ့ Yun Sun ကတော့ အရှေ့မြောက်ဒေသရဲ့ ပဋိပက္ခတွေကို အဓိကပြောပါတယ်။ အဲဒီမှာ တရုတ်ရဲ့ စိတ်ဝင်စားမှုကို အဓိကပြောပါတယ်၊ တရုတ်ရဲ့ စိုးရိမ်မှုကို အဓိကပြောပါတယ်။

Shalom Foundation က Ja Nan Lahtaw ၊ တရုတ်မူဝါဒကျွမ်းကျင်တဲ့ Yun Sun တို့ဆွေးနွေး
Shalom Foundation က Ja Nan Lahtaw ၊ တရုတ်မူဝါဒကျွမ်းကျင်တဲ့ Yun Sun တို့ဆွေးနွေး

မေး။ ။ဟုတ်ကဲ့ ဒီဆွေးနွေးပွဲကို အာရှပစိဖိတ်ဒေသ ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Patrick Murphy လည်း တက်ရောက်လာတယ်လို့ သိရပါတယ်ရှင့်။ သူကရော ဘာတွေပြောပါသလဲ။

ဖြေ။ ။သူအဓိကပြောသွားတဲ့အထဲမှာတော့ မြန်မာနိုင်ငံမှာ ပြဿနာအသစ်တွေပေါ်ထွက်လာတယ်လို့ ဆိုပါတယ်။ ပြဿနာအသစ်ဆိုတာကတော့ ပြင်ပပယောဂ ပါဝင်တဲ့ နယ်စပ်စခန်းတွေကို တိုက်ခိုက်မှု၊ ဒါကို မြန်မာစစ်တပ်ဘက်ကလည်း အကြမ်းဖက်တုံ့ပြန်ခဲ့တယ် ဒါကို ပဋိပက္ခ တရပ်အနေနဲ့ သူထောက်ပြသွားပါတယ်။ နောက်တခါသူက အမေရိကန်နဲ့ မြန်မာရဲ့ ဆက်ဆံရေးဟာ အခုအခါမှာ ပုံမှန်ဆက်ဆံရေးအတိုင်းပြန်ပြီးတော့ သွားရင်ပိုကောင်းမယ် ၊ အမေရိကန်က ဘယ်လိုကူညီမယ်ဆိုတဲ့ဟာကို သူကပြောပြသွားပါတယ်။ အဲဒါကို စစ်တပ်နဲ့ စစ်တပ် ဆက်ဆံရေးကိုလည်း အရိပ်အမွက်ပြောတဲ့အတွက် အဲဒါကို အသေးစိတ်ပြောပြပါ၊ ဘယ်လောက်အထိ အလားအလာကောင်းသလဲ ဆိုတော့ သူက အခုလိုပြောသွားပါတယ်ခင်ဗျ။

“နှစ်နိုင်ငံ စစ်တပ်ချင်းဆက်ဆံရေးနဲ့ ပတ်သက်ပြီး ဒါဟာ အရေးကြီးတဲ့ မေးခွန်းပါ။ သက်ဆိုင်ရာ နိုင်ငံရဲ့ အခြေနေပေါ် မူတည်တာလည်း ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့ ဒေသတွင်း နိုင်ငံတွေနဲ့ စစ်ဘက် ဆက်ဆံရေး ရှိပါတယ်။ နိုင်ငံအများစုမှာ စစ်သင်တန်းပေးတာ၊ ကာကွယ်ရေးပစ္စည်းတွေ ရောင်းချတာ၊ စစ်ရေးလေ့ကျင့်တာ၊ စတဲ့ သာမန်လို့ ယူဆရတဲ့ ကိစ္စရပ် အမျိုးမျိုး ပါဝင်ပါတယ်။ ကျွန်တော် အခုပြောခဲ့တဲ့ စစ်ဘက်ဆက်ဆံရေး ပုံစံမျိုးဟာ မြန်မာ့စစ်တပ်နဲ့ ဆက်ဆံရေးမှာ မရှိသလောက်ဖြစ်ပါတယ်။ ဆိုလိုတာက စစ်ဘက်ဆက်ဆံရေးဟာ အစပျိုးတဲ့ အပိုင်းပဲရှိသေးတဲ့ သဘောပါ။ အရည်သွေး ပြည့်ဝဖို့ လူ့အခွင့်ရေးနဲ့ နိုင်ငံတကာ အဆင့်တန်းမှီဖို့၊ အရွေးကောက်ခံ အစိုးရရဲ့ အမိန့်ကို နာခံဖို့၊ ဒါတွေ အားလုံးဟာ ခေါင်းဆောင်ပိုင်း မှာ နှစ်ပေါင်းများစွာ နေခဲ့ပြီး တနိုင်ငံလုံးရဲ့ အုပ်ချုပ်ရေးနဲ့ စီးပွါးရေးကို ချုပ်ကိုင်ခဲ့တဲ့ မြန်မာစစ်တပ်နဲ့ မရင်းနှီးသေး တဲ့ အချက်ပါ။ ဒီအလေ့ကျင့်တွေကို စွန့်လွှတ်ဖို့က အချိန်ကြာမှာ ဖြစ်ပေမယ့် ကျွန်တော်တို့က အားပေးချင်ပါတယ်။ ဒါ့ကြောင့် မြန်မာစစ်တပ်နဲ့ ဆက်ဆံရေးဟာ အစပျိုးရုံပဲ ရှိသေးတယ်လို့ ပြောတာပါ။ ကျွန်တော်တို့ ကြိုးစားရပါလိမ့်မယ်။ မြန်မာနိုင်ငံသားတွေ အတွက် တိုင်းပြည်ရဲ့ ကာကွယ်ရေးကိုပဲ အလေးပေးလုပ်ဆောင်တဲ့ စစ်တပ်မျိုး ရသင့်ပါပြီ။

မေး။ ။ ဆွေးနွေးပွဲမှာ တတိယအပိုင်းမှာရော ဘာတွေအဓိကထား ဆွေးနွေသွားကြပါသလဲ ။

ဖြေ။ ။တတိယအပိုင်းမှ ပထမဆွေးနွေးတာကတော့ ရခိုင်၊ ရိုဟင်ဂျာနဲ့ ပြည်တွင်းအကြမ်းဖက်မှု တွေဖြစ်ပါတယ်။ နောက်တခုကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ တခြားစိန်ခေါ်မှုတွေ အကြောင်းကိုဆွေးနွေးကြတာ ဖြစ်ပါတယ်။ နောက်တယောက်ကတော့ Oxford ကနေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ လေ့လာနေတဲ့ သူတယောက်ဖြစ်ပါတယ်။ သူပြောတဲ့အထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက ဗုဒ္ဓဘာသာနဲ့ မွတ်စလင်ဖြစ်တဲ့ ပဋိပက္ခကို လူတွေက ဗုဒ္ဓဘာသာတခုလုံးကို အပြစ်တင် ပြောတဲ့သဘော ၊ မွတ်စလင် အသိုင်းအဝိုင်းတခုလုံးကို အပြစ်ဖို့တဲ့သဘောပြောကြတယ်လို့ သူက သုံးသပ်ပါတယ် ။ အဲဒီလိုမဟုတ်ပဲနဲ့ ဦးဝီရသူဆိုတာက ဗုဒ္ဓဘာသာ သာသနာ့အသိုင်းအဝိုင်းတခုလုံးကို ကိုယ်စားပြုသူမဟုတ်ဘူး ၊ အဲဒါကို ခွဲခြားမြင်ဖို့လိုတယ် အဲဒီတော့ ဦးဝီရသူကို အကြောင်းပြုပြီးတော့ လူတွေအမြင်မှာ ဗုဒ္ဓဘာသာ ကို မကောင်းမြင်သွားတဲ့ အဖြစ်မျိုးလည်း မဖြစ်သင့်သလို တဖက်မှာလည်း မွတ်စလင်တွေကိုလည်း အဲဒီလို သဘောထားသင့်တယ်လို့ ဆွေးနွေးသွားပါတယ်။

နောက်ဆွေးနွေးတာကတော့ ဒေါက်တာ ကျော်ရင်လှိုင် ဖြစ်ပါတယ်။ သူက မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ ရခိုင်ပဋိပက္ခကို ထဲထဲဝင်ဝင်နားလည်ထားတဲ့လူဖြစ်ပါတယ်။ သူကအကောင်းမြင်တဲ့ သဘောပြောပါတယ် လူတွေက ရခိုင် ပဋိပက္ခလို့ပြောလိုက်ရင် ဆိုးဆိုးရွားရွားအခြေအနေတွေပဲပြောနေကြတယ် ဒါပေမယ့် သူတွေ့ကြုံရတဲ့ လောလောဆယ် အခြေအနေကို သူပြောပါတယ် အဓိက ပဋိပက္ခဖြစ်တာကို ထိန်းသိမ်းနိုင်တဲ့အခြေအနေဟာ တိုးတက်လာတယ်လို့ ဆိုပါတယ်။ ပဋိပက္ခွဖြစ်မယ့်အရေးကို ရခိုင်တွေဘက်ကရော မွတ်စလင်တွေဘက်ကရော ကြိုပြီးတော့ ညှိညှိနှိုင်းနှိုင်း တားဆီးကြတယ်ဆိုတာကို ၊ နှစ်ဘက်စလုံးက ထိန်းတာဟာ တိုးတက်မှုဖြစ်တယ်ဆိုတာကို သူပြောကြားသွားပါတယ်။

မေး။ ။ဒုတိယပိုင်းရဲ့ နောက်ဆုံးဆွေးနွေးပွဲမှာရော ဘယ်သူတွေက ဘာအကြောင်း အဓိက ဆွေးနွေး ပါသလဲရှင့်။

ဖြေ။ ။ ပထမဆုံးဆွေးနွေးသူကတော့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကောင်စီအကြံပေး ပုဂ္ဂိုလ်ဖြစ်တဲ့ ဦးအောင်ကြည်ကတော့ သူတို့ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကိုရှင်းပြသွားပါတယ်။

မေး။ ။ဒီဆွေးနွေးပွဲကနေ မြန်မာနိုင်ငံအတွက် ဘယ်လောက်အကျိုးဖြစ်မယ်လို့ထင်ပါသလဲ ။

ဖြေ။ ။မြန်မာနိုင်ငံအတွက်အကျိုးရှိမယ်ဆိုတာထက် အမေရိကန်ပြည်ထောင်စုနဲ့ တက်ရောက်လာသူတွေအတွက် အများကြီး အကျိုးရှိမယ်လို့ထင်ပါတယ်။ နိဂုံးချုပ်မိန့်ခွန်းပြောတဲ့ Derek Mitchell ရဲ့စကားနဲ့ ပြောမယ်ဆိုရင်တော့ သူကြုံခဲ့ဖူးတဲ့ မြန်မာနိုင်ငံအကြောင်းဆွေးနွေးပွဲမှာ ဒီကနေ့ဆွေးနွေးပွဲက အကျိုးအရှိဆုံးလို့ သုံးသပ်ပါတယ် တချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာလည်း ကမ္ဘာမှာ အရှုပ်ထွေးဆုံးလို့ သူက သုံးသပ်ပါတယ်။ နောက်တခါ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်ဖို့ လိုအပ်တယ်၊ နောက်ဆုံး သူပြောတဲ့ စကားကိုယူပြီးတော့ နိဂုံးချုပ်ရမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဖော်ဆောင်ရေး၊ ငြိမ်းချမ်းရေးအောင်မြင်ဖို့ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ တာဝန်မဟုတ်ပါဘူးတဲ့ ၊ အမေရိကန်ပြည်ထောင်စုက ကူညီမယ် တကယ်တမ်းအောင်မြင်အောင်လုပ်ဖို့ဆိုတာက မြန်မာပြည်သူလူထုရဲ့တာဝန်ဖြစ်ပါတယ်လို့ပြောသွားပါတယ် နန်းလောင်ဝ်ရေ။

မေး။ ။ကျေးဇူးတင်ပါတယ် ဦးကျော်ဇံသာ။

ဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့အကြောင်းအရာတွေနဲ့ ဆွေးနွေးပွဲတက်ရောက်လာသူတွေကို တွေ့ဆုံမေးမြန်းခဲ့တဲ့ ဦးကျော်ဇံသာကို နန်းလောင်ဝ် က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG