သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးချယ်ခံသမ္မတအပေါ် မြန်မာနိုင်ငံရေးပါတီတွေရဲ့ အမြင်


ကန်ရွေးချယ်ခံသမ္မတ Donald Trump
ကန်ရွေးချယ်ခံသမ္မတ Donald Trump

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်လ်ထရမ့်အနိုင်ရသွားတာကြောင့်၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ အမေရိကန်ပြည်ထောင်စုရဲ့ အကူအညီပေးရပ်တည်မှုတွေမှာ တစုံတရာ အပြောင်းအလဲဖြစ်သွားမှာကို နိုင်ငံရေးပါတီတွေဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။ တချို့အတိုက်အခံ နိုင်ငံရေးပါတီတွေ နဲ့ တိုင်းရင်းသားပါတီတချို့ကတော့ ဒေါ်နယ်လ်ထရမ့်သမ္မတဖြစ်လာတဲ့ အပေါ်မှာထောက်ခံတယ်လို့ ပြောပါတယ်။ အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်လ်ထရမ့်အပေါ်မှာ မြန်မာနိုင်ငံက နိုင်ငံရေးပါတီတွေရဲ့ အမြင့်တွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီက ဒေါ်နယ်လ်ထရမ့်က အနိုင်ရပြီး ၊ အမေရိကန်နိုင်ငံရဲ့ ၄၅ ယောက်မြောက်သမ္မတအဖြစ်နဲ့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒေါ်နယ်လ်ထရမ့်က ရွေးကောက်ပွဲမတိုင်ခင်က အနိုင်ရမယ်လို့ အများက ထင်ကြေးပေးနေတဲ့ ဒီမိုကရက်တစ်ပါတီက ဟီလရီကလင်တန်ကို ကိုယ်စားလှယ်မဲ ၂၉၀ မဲ ၂၃၂ မဲ နဲ့ အနိုင်ရခဲ့တာကြောင့် ရှေ့နှစ်မှာတော့ ရီပတ်ဘလစ်ကန်သမ္မတဦးဆောင်တဲ့ အစိုးရသစ် နဲ့ အတူ၊ ပြည်တွင်းပြည်ပ မူဝါဒတွေလည်း အပြောင်းအလဲတွေ ဖြစ်လာဖို့ရှိနေပါတယ်။

လက်ရှိသမ္မတအိုဘားမားအစိုးရလက်ထက်မှာတော့ - မြန်မာ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကူအညီပေးပြီး၊ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးတွေ ပြန်လည်တိုးမြှင့်ခဲ့တာကြောင့် ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရသစ် လက်ထက်မှာ ၂ နိုင်ငံဆက်ဆံရေး တစုံတရာအပြောင်းအလဲဖြစ်လာမှာကို လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့ စိုးရိမ်မိတယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကပြောပါတယ်။

“ကျနော်တို့တခြားတော့ ပြောစရာမရှိဘူး တခုပဲ သူက တချိန်တုန်းက အာရုကိုစိတ်မဝင်စားဘူးလို့ပြောထားတဲ့သဘောရှိတယ်။ အဲဒါကြောင့် ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ ဆိုရင် အနောက်နိုင်ငံတွေနဲ့ရော ရင်းနှီးတဲ့ ဆက်ဆံမှုလိုချင်တယ်။ အခု သူသမ္မတရွေးကောက် သွားတဲ့အခါကျတော့ အဲဒါမျိုးရနိုင်ပါ့မလားလို့ ကျနော်တို့ဘက်ကစိတ်ပူတယ်။ အဲလိုမျိုးအပြောင်းအလဲတွေ အဲဒီလိုမျိုးအခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်လို့ ကျနော်တို့ စိုးရိမ်ပါတယ်။”

ဒေါ်နယ်လ်ထရမ့် အနိုင်ရသွားတဲ့အပေါ်မှာ အတိုက်အခံ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခင်ရီက အခုလို ပြောပါတယ်။

“သူနိုင်တော့ သမ္မတဖြစ်လာတဲ့ အခါမှာ နိုင်ငံခြားရေးပေါ်လစီက ဘယ်လိုရှိမလဲဆိုတာတော့ ကျနော်တို့ မသိသေးဘူးပေါ့နော်၊ ပြောစရာမရှိဘူး။ လောလောဆယ်တော့ ကျနော်တို့က သူ့မဲဆွယ်ပွဲကာလတွေမှာ ကြားရတာတွေကတော့ နိုင်ငံတော်လုံခြုံရေး နဲ့ အမျိုးသားရေးကိစ္စတွေကို ပိုပြီးတော့ ဦးစားပေးတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်လို့ကြားရတော့ အဲဒါအပေါ်မှာတော့ ကျနော်တို့ ထောက်ခံတယ်ဗျာ။”

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလတွေအတွင်းမှာတော့ ဒေါ်နယ်လ်ထရမ့်က မက္ကဆီကို နယ်စပ်ကို အုတ်တံတိုင်းကာဖို့ကိစ္စလို နိုင်ငံတော်လုံခြုံရေး နဲ့ အမျိုးသားရေးကိစ္စတွေလို ကိစ္စရပ်တွေကို အဓိကအလေးပေးပြီး မဲဆွယ်စည်းရုံးခဲ့တာပါ။ ရခိုင်အမျိုးသားပါတီ (ANP) ပါတီကတော့ ဒေါ်နယ်လ်ထရမ့်ရဲ့ အမျိုးသားရေးဝါဒီ နဲ့ နိုင်ငံတော်လုံခြုံရေးနဲ့ ဆိုင်တဲ့ မူဝါဒတွေကြောင့် အခုလို ရွေးကောက်ပွဲမှာ အနိုင်ရတာကို ထောက်ခံတယ်လို့ ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောပါတယ်။

“သူ့တို့ကို ဂုဏ်ပြုကြောင်း ကျနော်တို့ဘက်က သဝဏ်လွှာပေးပို့ထားပါတယ်။ သံရုံးကတဆင့်ပို့ထားပါတယ်။ဒေါ်နယ်လ်ထရမ့်လို အမျိုးသားရေး ဝါဒီတွေဟာ ဒီအကြမ်းဖက် အန္တရာယ်၊ နောက် အမျိုးသားလုံခြုံမှုကို သူမတူအောင် တည်ဆောက်မယ်ဆိုတဲ့သဘောထားကို အားရဝမ်းသာပါတယ်။ အမျိုးသားလုံခြုံမှုတည်ဆောက်ရေးဟာလည်း ရခိုင် အမျိုးသားပါတီရပ်တည်ချက်နဲ့ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရတဲ့ ဒေါ်နယ်လ်ထရမ့်နဲ့ ထပ်တူကျတဲ့ သဘောဖြစ်တာမို့လို့ ကျနော်တို့ ထောက်ခံပါတယ်။ အမေရိကန်ပြည်သူများ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန်ပြည်ကြီးပြန်ပြီးတော့ လုံခြုံတဲ့ နိုင်ငံကြီးဖြစ်အောင်ကြိုးစားဖို့ဆိုတဲ့ ရည်မှန်းချက်ကို ထောက်ခံကြတာကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ လေးလည်းလေးစားပါတယ်၊ အားလည်းပေးပါတယ်။"

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီရဲ့အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်ကတော့ - ဒေါ်နယ်လ်ထရမ့်အနိုင်ရသွားတဲ့အပေါ်မှာ အံ့သြမိပေမယ့်၊ မြန်မာနိုင်ငံအပေါ်မှာတော့ အမေရိကန်အစိုးရသစ်အနေနဲ့ လစ်လျူရှုထားလို့မရနိုင်ဘူးလို့ သုံးသပ်ပါတယ်။

“ပထမဆုံးပြောရရင်တော့ အံ့သြတယ်ပေါ့ဗျာ၊ နောက်အမရိကန်ပြည်သူလူထု မဲဆန္ဒရှင်တွေရဲ့ ဆုံးဖြတ်ချက်က ပိုပြီးတော့ အံသြစရာကောင်းတယ်။ မဲဆွယ်ပွဲတွေမှာ မဖြစ်နိုင်တဲ့ဟာတွေကို သူပြောတယ်။ ဒါကို လက်ခံကြတယ်ဆိုတာက ကျနော်အံ့သြပါတယ်။ ဥပမာခင်ဗျ- Mexico ကို တံတိုင်းကြီးခတ်မယ်တို့ အမျိုးမျိုးပေါ့နော် အဲလိုမျိုးမဖြစ်နိုင်တာတွေပြောတဲ့လူကို သွားထောက်ခံကြတယ်ဆိုတာ တော်တော်လေးအံသြပါတယ်။ ကျနော့်အမြင်ကတော့ သူတို့ မြန်မာပြည်ကို လစ်လျူရှု့လို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ပြည်ရဲ့ နောက်ဘက်ထွက်တဲ့ တံခါးဖြစ်နေတာကို။ ဒါပေမယ့် သူ့ပြောတဲ့အထဲမှာက အာရုကိုတောင် ဂရုမစိုက်ပါဘူး။ မြန်မာ ဆိုတာကသူသိပုံလည်းမရဘူး သိပ်တော့ သူစိတ်ဝင်စားပုံမရဘူး။ သို့သော် တာဝန်ယူလာရပြီဆိုရင်တော့ ဒါ သူမစဉ်းစားလို့ မရဘူးလို့ ထင်ပါတယ်။”

မြန်မာသမ္မတဦးထင်ကျော် နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း အမေရိကန်ပြည်ထောင်စုရဲ့ ၄၅ ယောက်မြောက် သမ္မတသစ်အဖြစ် ဒေါ်နယ်လ်ထရမ့် ရွေးချယ်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး ဂုဏ်ယူဝမ်းမြောက်ကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးကနေတဆင့် သဝဏ်လွှာတွေ သီးခြားစီပေးပိုခဲ့ပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG