သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတရဲ့ လွတ်လပ်ရေးသဝဏ်လွှာနဲ့ တိုင်းရင်းသားတို့တုံ့ပြန်ချက်


သမ္မတ ဦးထင်ကျော်
သမ္မတ ဦးထင်ကျော်

၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း ပြည်တွင်း စစ်ကြောင့် တိုင်းရင်းသားဒေသတွေမှာ လွတ်လပ်ရေးရဲ့ အနှစ်သာရကို မခံစားကြရတာမို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ၂၁ရာစု ပင်လုံ ညီလာခံ ကို တိုင်းရင်းသားတွေအနေနဲ့ မျက်မှောက်ပြုကြဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ကျရောက်တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါ တယ်။ တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်ရေးရဲ့ အရသာကို အမှန်တကယ်ခံစားနိုင်ဖို့အတွက် စစ်ပွဲ တွေ ရပ်တန့်ဖို့နဲ့ အဓိပ္ပာယ် ပြည့်ဝတဲ့ ငြိမ်းချမ်းရေးညီလာခံမျိုးဖြစ်ဖို့ အရေးကြီးတယ်လို့ တိုင်းရင်းသားတွေ ဘက်က ပြောပါတယ်။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးပါမယ်။

တိုင်းရင်းသားဒေသက ပြည်သူတွေအနေနဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရကို အမှန်တကယ် ခံစားနိုင်ဖို့ အမျိုး သား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် လက်ရှိ အစိုးရက ပုံဖော်နေတဲ့ ၂၁ရာစု ပင်လုံညီလာခံကို တိုင်ရင်းသားတွေအားလုံး မျက်မှောက်ပြုကြဖို့ လိုတယ်လို့ နိုင်ငံတော် သမ္မတ ဦးထင်ကျော်က ဒီကနေ့ ကျရောက်တဲ့ လွတ်လပ်ရေးနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ပြောသလို ၂၁ ရာစု ပင်လုံညီလာခံကနေ တဆင့် ငြိမ်းချမ်းရေး တည်ဆောက်သွားဖို့ ဆိုတာထက် မြေပြင်အခြေအနေမှာ တိုက်ပွဲတွေ တကယ်ရပ်တန့်ဖို့က ပိုပြီး အရေးကြီးတယ်လို့ KIA ခေါင်းဆောင်ဟောင်း ဒေါက်တာတူးဂျာက အခုလို ထောက်ပြပါတယ်။

“အခုအချိန်အခါထိကတော့ တိုက်ပွဲတွေက ရှိနေသေးတယ်လေ၊ အထူးသဖြင့်တော့ UNFC အဖွဲ့ဝင်တွေ ကျနော်တို့ ကချင်ပြည်နယ်ကဆိုရင် KIA/ KIO နဲ့ NCA လက်မှတ်မရေးထိုးနိုင်သေးဘူး။ တကယ့်ငြိမ်းချမ်းရေးကို ပင်လုံညီလာခံကနေ တဆင့်သွားတာ ကောင်းပါတယ်၊ ကျနော်တို့လည်းထောက်ခံပါတယ်။ ဒါပေမယ့် အဲဒီပင်လုံညီလာခံ ကို တကယ့်အဓိပ္ပါယ် ရှိရှိနဲ့ ကျင်းပသွားနိုင်ဖို့က လိုအပ်နေတယ်။ အဲဒီမှာလုပ်နိုင်ဖို့ဆိုရင် ဘာကအရေးကြီးသလဲဆိုရင် ဒေသတည်ငြိမ်ရေးက အရေးကြီးတယ်၊ နောက်အပစ်အခတ်ရပ်စဲရမယ်၊ ပါဝင်သင့်ပါဝင်ထိုက်တဲ့ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေ အလားလုံးစုံစုံညီညီနဲ့ လုပ်နိုင်ဖို့က အရေးကြီးနေတာ။ အဲဒီအဆင့်ကို ကျနော်တို့ မတည်ဆောက်နိုင်ဘူးဆိုရင် ဒီလိုညီလာခံသာကျင်းပတယ်၊ ဒါပေမယ့် ပြည့်ဝတဲ့ အနှစ်သာရကတော့ ခံစားနိုင်မယ်ကို။”

မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရတာ ၆၉ နှစ်ရှိပြီဖြစ်ပေမယ့်လည်း တိုင်းရင်းသားဒေသတွေမှာ ပြည်တွင်းစစ် ကြောင့် လွတ်လပ်ရေးရဲ့ အနှစ်သာရကို မခံစားနိုင်ကြသေးပါဘူး။ တိုင်းရင်းသားတွေအတွက် လက်ရှိကာလဟာ လွတ်လပ်ရေးမရခင် ကာလထက် အခြေအနေပိုဆိုးနေတာဖြစ်ပြီး ငြိမ်းချမ်းရေးမရှိရင် လွတ်လပ်ရေးဆိုတာမရှိဘူးလို့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အထောက်အကူပြု အဖွဲ့အစည်း Pyidaungsu Institute ရဲ့ ဒါရိုက်တာ ဦးခွန်ဆိုင်းက ပြောပါတယ်။

“ကျနော်တို့အခု လွတ်လပ်တဲ့လူမျိုးဘဝမှာက ကျနော်တို့ မလွတ်လပ်တဲ့ လူမျိုးဘဝတုန်းက အခြေအနေထက်ပိုပြီးဆိုးနေတယ်ဆိုတာ ကျနော်တို့ တွေ့ရတယ်။ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် လွတ်လပ်ခွင့်ပေးထားလည်း ဘာထူးလို့တုန်း၊ ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ဖွံ့ဖြိုးမှုတွေလာလုပ်ရင်လည်း ဘာရမှာတုန်း အဲဒါကြောင့်မို့လို့ ဒီလိုငြိမ်းချမ်းရေးကတော့ အရေးကြီးပါတယ်။ အခုလောလောဆယ်အရေးကြီးတာကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးက တပြည်လုံးအနှံ့မှာရှိဖို့လိုအပ်တယ်။”

သမ္မတ ဦးထင်ကျော်ပြောသလို ၂၁ရာစုပင်လုံညီလာခံကို တိုင်းရင်းသားတွေအနေနဲ့ မျက်မှောက်ပြုဖို့ဆိုတာ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် NCA ကိုလက်မှတ်ရေးထိုးခြင်း၊ မထိုးခြင်းအပေါ်မှာပဲ အခြေမခံဘဲ အစိုးရနဲ့ တပ်မတော် အနေနဲ့ အားလုံးပါဝင်ရေးကို လက်ခံဖို့လိုတယ်လို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ် ကောင်စီ (UNFC) ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဦးထွန်းဇော်က ပြောပါတယ်။

“ကျနော်တို့မြင်တာကတော့ သမ္မတ ဦးထင်ကျော် အခုပြောတဲ့အပေါ်မှာ ကျနော်တို့လွတ်လပ်ရေးရခဲ့တာ၊ ဒီနှစ်ဆိုရင် ၆၉ နှစ်ရှိပြီပေါ့နော်။ ဒီနေ့ ကျနော်တို့တိုင်းပြည်လွတ်လပ်ရေးရတာကို တိုင်းရင်းသားလူမျိုးပေါင်းစုံက မခံစားရသေးဘူးပေါ့နော်။ အခုက တိုင်းရင်းသားတွေ က မငြိမ်းချမ်းတဲ့ ဘဝမှာရောက်နေတယ်။ အဲဒီတော့ ငြိမ်းချမ်းဖို့ ၊ အမျိုးသားပြန်လည်သင့်မြတ်ဖို့ဆိုရင် ၂၁ရာစုပင်လုံကို ကျနော်တို့ ပူးပေါင်းဆောင်ရွက်ရမယ် ဆိုတဲ့ သဘောလို့မြင်ပါတယ်။ ကျနော်တို့ဘက်က သဘောထားကတော့ ၂၁ရာစုပင်လုံညီလာခံ ကို ပါဝင်ဖို့အတွက် သဘောထားရှိပြီးဖြစ်တယ်။ ဒါပေမယ့်အစိုးရဘက်က အားလုံးပါဝင်မှုကို လက်မခံတဲ့အပေါ်မှာ ကျနော်တို့ ၂၁ရာစုပင်လုံညီလာခံ နောက်လာမယ့် ဒုတိယအကြိမ်ပင်လုံညီလာခံကတော့ အားလုံးပါဝင်မှုအပေါ်မှာ မူတည်ပါလိမ့်မယ်။ အခု ၂၁ရာစုပင်လုံညီလာခံကို တက်ရောက်ပြီးမှ တိုင်းပြည်ရဲ့ နှစ်ပေါင်း ၇၀ နီးပါးဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲနဲ့ အမျိုးသားပြည်လည်သင့်မြတ်ရေးကို အဖြေရှာတဲ့ နည်းနာက NCA အပေါ်မှာ အခြေခံပြီးတော့ ဒီ နည်းလမ်းတခုနဲ့ လုပ်နေမယ်ဆိုရင်တော့ ကျနော်တို့ အလားအလာနည်းပါတယ်။”

လာမယ့် ဖေဖော်ဝါရီလမှာ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ရာစုပင်လုံကို ကျင်းပဖို့ရှိနေတာဖြစ်ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ ပါဝင်လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့တော့ ညီလာခံ တက်ရောက်ဖို့ မသေချာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG