သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ဒုက္ခသည် လေယာဉ်ပေါ်က ပြေးဆင်းခဲ့မှု ကိုယ်တိုင် ပြန်မမှတ်မိဟုပြော


မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Mecklenburg County ရဲ ဌာနက ထုတ်ထားတဲ့ ထွန်းလုံစိန် ပုံ။
မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Mecklenburg County ရဲ ဌာနက ထုတ်ထားတဲ့ ထွန်းလုံစိန် ပုံ။

လေယာဉ်ပေါ် ကနေ ပြေးဆင်းဖို့ ကြိုးစားရင်း လေယာဉ်မယ်ရဲ့ လက်ကိုပါ ကိုက်ခဲ့တဲ့ ကိစ္စနဲ့ ဖမ်းဆီး တရားစွဲခံထားရတဲ့ ကရင်ဒုက္ခသည် အမျိုးသားကို သူ အမေရိကန်ကို လာဖို့ တာဝန်ယူ ခေါ်တဲ့ အဖွဲ့အစည်းက တာဝန်ရှိသူတွေ အင်္ဂါနေ့က သွားရောက် တွေ့ဆုံ ခဲ့ပါတယ်။ တွေ့ဆုံအမှုအတွင်း သူတို့ဘာတွေ ပြောဆိုခဲ့ကြပါသလဲ။

အသေးစိတ်ကို ဆက်သွယ် စုံစမ်းထားတဲ့ ရှားဖောင် က တင်ပြပေးပါမယ်။

အမေရိကန် ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte မြို့ရဲ့ ဗဟို အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်း ခံထားရတဲ့ အသက် ၂၂ အရွယ် ကရင်ဒုက္ခသည် ကိုထွန်းလုံစိန် ဆီကို အင်္ဂါနေ့က သူ အမေရိကန်ကို လာဖို့ တာဝန်ယူ ခေါ်ခဲ့တဲ့ ဘာသာရေး အဖွဲ့အစည်း တခုဖြစ်တဲ့ Episcopal Migration Ministries အဖွဲ့က တာဝန်ရှိသူ တဦးအပြင် ရှေ့နေတဦးနဲ့ ဘာသာပြန် တို့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ သူတို့ သွားတွေ့ခဲ့တဲ့ အကြောင်းနဲ့ ပတ်သက်လို့ အတူလိုက်ပါသွားတဲ့ ဘာသာပြန် ကိုစောခူးထူး က အခုလို ပြောပြပါတယ်။

“ ၉ နာရီ ၁၅ မိနစ် လောက်မှာ သူနဲ့ တွေ့တယ်။ ကျနော် ထင်တာ မိနစ် ၄၀ လောက်တော့ စကားပြောဖြစ်တယ်။ သူ ထောင်ထဲမှာ နေရတာတော့ မပြောချင်ဘူး။ ဒါပေမယ့် သူ ချမ်းတယ်ပေါ့နော်။ အထဲမှာ ရှိတဲ့ ဝတ်စုံက သူဝတ်ရတော့လေ။ အဲဒါလေးပေါ့။ အဲဒါ သူ ဘယ်တော့ ထွက်ရမလဲ၊ လွတ်မလဲပေါ့နော်။ အဲဒါတွေ မေးတယ်။

ဒီက Attorney ကလည်း ခနလေး နေပေးပါဦး။ သူတို့ အကောင်းဆုံး ကြိုးစားပေးပါမယ်ဆိုပြီးတော့ ပြောတယ်လေ။ သူက သူ့ အမေနဲ့ဘဲ ဆက်သွယ်ချင်တယ်။ ဒါဘဲ ပြောနေတာလေ။ နောက်ပြီးတော့ ဘာကြောင့် ဘယ်လို ဖြစ်ခဲ့တယ်ဆိုတာ သူ မပြောနိုင်ဘူး။ သူကိုယ်တိုင်လည်း ပြောတယ်။ သူ ထိုင်းမှာ နေတုန်းကလည်း ဆေးတွေ ဘာတွေ သောက်ရတယ်တဲ့။ တခါတလေကျရင် သူ မမှတ်မိတာတွေ ရှိတယ်တဲ့။ တခါတလေ ဖြစ်တတ်တယ်။ သူ့ကိုယ်သူ ပြောတယ်လေ။ ကျန်တာကတော့ သူ့မှာ ဒီမှာ အမျိုးရှိတယ်။ သူ့ရဲ့ ဝမ်းကွဲတွေ ရှိတယ်လို့ ပြောတယ်။

ဒါပေမယ့် နာမည်တွေ မေးတော့လည်း သူသေချာ မပြောနိုင်ဘူး။ နောက် သူ့ အမေကတော့ ထိုင်းမှာ Camp မှာ ကျန်ရစ်ခဲ့တယ်။ နောက်ပြီးတော့ သူ့ညီမလည်း လာမယ်လို့ ပြောတာဘဲ။ နောက်တလ ကျရင် အဲလိုတော့ ပြောတယ်လေ။ သူက မယ်လက။ အင်္ဂလိပ်လို တလုံး၊ နှစ်လုံး ပြောတဲ့ ပုံစံ အရတော့ သူ ကျောင်းနေခဲ့တယ် ထင်တယ်။”

သူဘာကြောင့် လေယာဉ်ပေါ်ကနေ ပြေးဆင်းခဲ့ရသလဲ ဆိုတာကို သိရဖို့ ပြီးခဲ့တဲ့ သောကြာနေ့က ရုံးထုတ်ခဲ့ပေမယ့် အင်္ဂလိပ်စကား သိပ်မပြောတတ်တဲ့ သူ့အတွက် စကားပြန် မရှိတာကြောင့် သူ့အမှုကို ဇွန်လ ၁ ရက် ကြာဿပတေးနေ့မှာ ရက်ရွှေ့ဆိုင်း ခဲ့ရတာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်ကနေ ပြေးဆင်းဖို့ ကြိုးစားရင်း လေယာဉ်မယ်ရဲ့ လက်ကိုပါ ကိုက်ခဲ့တဲ့ ကိစ္စနဲ့ လေကြောင်း အာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်း ခံရပြီး ဗဟိုအစိုးရရဲ့ အရေးယူခြင်း ခံထားရတဲ့ ကိုထွန်းလုံစိန်ရဲ့ အမှုနဲ့ ပတ်သက်လို့ ကိုစောခူးထူး က အခုလို ပြောပြပါတယ်။

“ ဟုတ်ကဲ့။ အခု အမှုက ဒီမှာ ရှိတဲ့ Attorney ကနေ လိုက်ပေးတယ်။ သူက ဖယ်ဒရယ် ကနေ ကိုင်ထားတဲ့ အတွက် State Depertment ထိ ရောက်သွားတော့ သူတို့ အဲဒီကနေ အဆက်အသွယ်တွေ လုပ်ကြတယ်။ FBI ပါ ဝင်လာတဲ့ အတွက် သူတို့ အခက်အခဲလေးတော့ ရှိတယ်။ ဒါပေမယ့် သူတို့ ရအောင် လုပ်ပေးမယ်လို့ ပြောတယ်။ တကယ်လို့ သူထွက်လာခဲ့သည် ရှိသော် သူ့ အမှုက မပြီးသေးတဲ့ အတွက် ဒီ ရှားလော့မှာဘဲ သူတို့ တခုခု စီစဉ်ပေးရမယ် ပေါ့နော်။

ဒါပေမယ့် ရှေ့နေက သူ့ကို အဲဒီထဲမှာ မထားချင် တော့ဘူးတဲ့။ အပြင်မှာဘဲ မြန်မြန် ထားဖို့ စီစဉ်နေတယ်ပေါ့နော်။ ရှေ့တပတ်မှာ သူရအောင် ထုတ်ပေးမယ်လို့ ပြောတယ်။ ဘာကြောင့်လဲ ဆိုတော့ အထဲမှာ ထားလေ သူပိုဆိုးလာလေ ဖြစ်နိုင်တယ်တဲ့။ Medical Record တွေ ဘာတွေလည်း သူတို့ မကြည့်ရသေးတဲ့ အတွက် သူတို့ အဲဒါ ကြည့်ရဦးမယ်လေ။ သူတို့ အပြင်မှာ ထားချင်တယ်။ တာဝန်ယူမယ့်သူ ရှိရင် ထားချင်တယ်။ တာဝန်ယူမယ့် သူကလည်း သူ့ကို အမြဲတမ်း ကြည့်နေရမယ့် ပုံစံ ဖြစ်နေတယ်။ အခုဟာက ”

ဓာတ်ပုံထဲမှာ မြင်တွေ့ရတဲ့ ကိုထွန်းလုံစိန်ရဲ့ လည်ပင်းပေါ်မှာ ထိုးထားတဲ့ တက်တူးတွေနဲ့ ပတ်သက်လို့လည်း ကိုစောခူးထူးက အခုလို ပြောပြပါတယ်။

“ သူ့လည်ပင်းမှာ သူက သစ်ပင်ပေါ့နော်။ သစ်ပင်ကတော့ ပင်စည်ဘဲ ရှိတယ်။ ပြီးတော့ နောက် ငှက်ကလေး တကောင်က ပျံနေတာပေါ့။ အဲဒါကို သူက ပြောပြတာက ကျနော့် ဘ၀ လွတ်မြောက်သွားပြီ ဆိုတဲ့ အကြောင်း အဲဒါမျိုးလေး ပြောတယ်။ ဒါပေမယ့် လက်မှာတော့ ထိုးထားတာ အများကြီးဘဲ။ Cross တွေလည်း ပါတယ်။ အများကြီးဘဲ။ ”

သူဟာ ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ အနီးမှာရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကနေ လာခဲ့တာ ဖြစ်ပြီး ဒုက္ခသည်များ ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်ကြီးရုံး UNHCR ရဲ့စာရင်းအရ မယ်လ ဒုက္ခသည် စခန်းအတွင်း လူဦးရေ (၃၇၂၇၄) ရှိပြီး အဲဒီထဲက မှတ်ပုံတင်ထားတဲ့ ဒုက္ခသည်ဦးရေ (၁၆၇၇)ရှိပြီး မှတ်ပုံမတင် ထားတဲ့ အရေအတွက်က (၂၀၄၉၇) ရှိပါတယ်။

အမေရိကန်သမ္မတ Donald Trump လက်ထက်မှာ ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သမ္မတ အမိန့်ကြေညာချက်ကြောင့် မြန်မာ ဒုက္ခသည် အပါအဝင် ဒုက္ခသည် ခေါ်ယူလက်ခံမှု တချို့ဆိုင်းငံ့ခဲ့ရပေမယ့် သမ္မတရဲ့ အမိန့် ကြေညာချက်ကို ပြည်ထောင်စု အယူခံ တရားရုံးက ပယ်ချခဲ့ပြီးတဲ့ နောက်မှာတော့ ဒုက္ခသည်တွေ ပြန်လည် ဝင်ရောက်ခွင့် ရရှိပြီး အဲဒီထဲမှာ ကိုထွန်းလုံစိန်လည်း တဦး အပါအဝင် ဖြစ်ပါတယ်။

UNHCR ရဲ့စာရင်းအရ ၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံကနေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိ အခြေချ နေထိုင်တဲ့ ဒုက္ခသည်ဦးရေ ၁၅၇ ဦး ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကိုထွန်းလုံစိန် ဟာ မေလ ၂၅ ရက်နေ့က မြောက်ကယ်ရိုလိုင်းနား ပြည်နယ် Charlotte Douglas နိုင်ငံတကာ လေဆိပ်ကနေ CRJ 200 ဂျက်လေယာဉ် အမျိုးအစားနဲ့ အမေရိကန် လေကြောင်းလိုင်း (AA)၊ ခရီးစဉ် အမှတ် 5242 မှာ လိုက်ပါပြီး သူအခြေချ နေထိုင်မယ့် New Bern မြို့ကို သွားဖို့တွက် လေယာဉ် ပျံတက်ဖို့ ပြင်နေချိန်မှာပဲ ထိုင်နေရာကထ လေယာဉ် တံခါးမကြီးဆီ သွားပြီး ဖွင့်ဖို့ ကြိုးစားချိန်မှာ လေယာဉ်မယ်နဲ့ တခြား ခရီးသည် ၂ ဦးက သူ့ကို တားဖို့ကြိုးစားချိန်မှာ လေယာဉ်မယ်ရဲ့ လက်ကိုပါ ကိုက်ပြီး လေယာဉ် ပြေးလမ်းပေါ်ကို ခုန်ချ ထွက်ပြေး ခဲ့တာကြောင့် လေဆိပ်ဝန်ထမ်း တွေက သူ့ကို ဝိုင်းဖမ်းဆီး ခဲ့ကြရပါတယ်။

ကိုထွန်းလုံစိန်ဟာ ဘန်ကောက်မြို့ကနေ ဟောင်ကောင်ကို တဆင့်၊ နောက် အမေရိကန် ပြည်ထောင်စု New Jersey ပြည်နယ်ကို ရောက်လာခဲ့တာ ဖြစ်ပြီး သူအခြေချ နေထိုင်မယ့် ကမ်းခြေမြို့ ဖြစ်တဲ့ New Bern မြို့ကို သွားမှာဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကနေ စပြီးတော့ မြောက်ကယ်ရိုလိုင်းနား ပြည်နယ်မှာ လာရောက် အခြေချ နေထိုင်ကြတဲ့ ဒုက္ခသည်ဦးရေ ၂ သောင်း ၅ ရာကျော်ရှိပြီး အဲဒီထဲက ၇ ထောင် ၄ ရာကျော်ဟာ မြန်မာဒုက္ခသည်တွေ ဖြစ်ကြပါတယ်။ New Bern မြို့မှတော့ အခြေချ နေထိုင်ကြတဲ့ မြန်မာဒုက္ခသည် ဦးရေ ၁ ထောင် ၉ ရာရှိပြီး အများစုကတော့ ကရင်ဒုက္ခသည်တွေ ဖြစ်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG