သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်အရေးဆွေးနွေးမည်


ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံဘက်က မူဆလင်ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ရဲ လုံခြုံရေးယူထားစဉ်။ (နိုဝင်ဘာ ၂၁၊ ၂၀၁၆)
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံဘက်က မူဆလင်ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်ရဲ လုံခြုံရေးယူထားစဉ်။ (နိုဝင်ဘာ ၂၁၊ ၂၀၁၆)

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ပြဿနာတွေအပါအဝင် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးဖို့အတွက် မြန်မာအစိုးရရဲ့ အထူးသံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရှေ့သီတင်းပတ်မှာသွားရောက်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တချိန်တည်းမှာပဲ၊ မြန်မာအစိုးရရဲ့ ရခိုင်ပြည်နယ်စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မောင်တောမြို့ကို ဒီကနေ့သွားရောက်ပြီးတော့ ဒေသခံတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် ဦးဆောင်တဲ့ မြန်မာအစိုးရ အထူးသံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့်ရှ်နိုင်ငံကို ရှေ့လာမယ့် သီတင်းပတ် အတွင်းမှာ သွားရောက်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခအပါအဝင် ၂ နိုင်ငံကိစ္စရပ်တွေ ကို ဆွေးနွေးသွားဖို့ ရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ဗွီအိုအေကို ပြောပါတယ်။

" အဓိက ကတော့ ကျနော်တို့ နှစ်နိုင်ငံကြားမှာပေါ့နော် နားလည်မှု ပိုမို တည်ဆောက်တဲ့ အနေအထား ရည်ရွယ်ချက်လေးလည်း ပါပါတယ်။ ကျနော်တို့ လုပ်ဆောင်တာနဲ့ပတ်သက်ပြီး ပိုမိုပြီးတော့မှ ထိတွေ့မှုလေး မြှင်တင်ချင်တဲ့ သဘောလည်း ပါပါတယ်။ နှစ်နိုင်ငံကြားမှာ ( FOC) Foreign Office Consultations ဆိုတဲ့ ယန္တယားလေးရှိပါတယ်။ အဲ့တာ့ Foreign Office Consultations ပေ့ါလေ။ ကျနော်တို့ဆီက နှစ်ဘက်ပေါ့ တွေ့ဆုံကြမယ် ဆွေးနွေးကြတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာထဲမှာလည်း ကျနော်တို့ဘက်က အလှည့်ကျလို့ ဆွေးနွေးဖို့ရှိတယ်။ အဲ့တာ အကြောင်းကြောင်းကြောင့် မသွားဖြစ်ဘူးပေါ့လေ။ မသွားဖြစ်တော့ နောက်တပိုင်းက သူတို့နဲ့ထိတွေ့မှု မြှင့်တင်ချင်တဲ့သဘောလေး ကျနော်တို့ ဒါ စဉ်းစားပေးတဲ့သဘောပါခင်ဗျ။ ကျနော်တို့ဆီကတော့ ဝန်ကြီးချုပ်နဲ့ ဒုဝန်ရှိမယ် နောက်တခါ နိုင်ငံခြားရေးဝန်ကြီးပေါ့လေ အဲ့ဒီ့အနေအထားမျိုးလေးပါ။ "

မေး ။ ။ ရခိုြင်ပည်နယ်မြောက်ပိုင်းမှာ ဖြစ်တဲ့ ပြသနာနဲ့ပတ်သက်ပြီး ဒီဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ကူးသွားတယ်ဆိုပြီးတော့ ပြောတာတွေ ရှိပါတယ်။ မြန်မာနိုင်ငံ ဘက်ကနေ ဘင်္ဂလားဘက်ကို ကူးသွားတယ် ဆိုတဲ့ သူတွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်ပို့ဖို့ ပြောနေတာတွေလည်း ကြားနေရပါတယ်။ အဲ့တာနဲ့ပတ်သက်ပြီးတော့ရော ဘယ်လို အစီအစဉ်များရှိသလဲ။

ဖြေ။ ။ ဒီအခု ပြောတဲ့ဟာကတော့ သိပ်ပြီးတော့ လွယ်လွယ်ကူကူ လုပ်ငန်းစဉ်တော့ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တစ်အချက်က ကျနော်တို့တွေ ကြားမှာ ဒါမျိုးတွေ အရင်တုန်းကတော့ ဖြစ်ခဲ့ဖူးတယ်။ ထွက်ပြေးသွားတယ် ဆိုတဲ့ အနေအထားမျိုးလေးတွေ နောက်ပြီးတော့ အဲ့ဒီ့မှာ ကျနော်တို့က နှစ်ဘက် ညှိနှိုင်းပြီးတော့ ပြန်လည်လက်ခံတဲ့ အနေအထားမျိုူးလေးတွေ ဒါက နောက်ထပ် လုပ်ငန်းစဉ်တွေ အများကြီးပါတော့ တော်တော် ကာလကြာရှည်သွားမယ့် အနေအထားမျိုးတွေ ရှိပါတယ်။ နောက်ပြီးတော့ ဒါတွေက သူ့သက်ဆိုင်ရာ သက်ဆိုင်ရာဝန်ကြီးဌာနတွေရဲ့ ပါဝင်ပတ်သက်မှုလည်း လိုမယ်လေ အဲ့ဒီ့တော့ အဲ့လောက်အသေးစိတ်ကိစ္စတော့ မပါလောက်ဖို့ များပါတယ်။ တဖက်က အဲ့ဒီ့ကိစ္စကို ထည့်သွင်းလာမယ်ဆိုရင်တော့ ကျနော်တို့က ဒါကိုတုန့်ပြန်မှာပါ ကျနော်တို့ဘက် ကတော့ ဒါတွေနဲ့ပတ်သက်လို့ ဆွေးနွေးသွားဖို့တော့ ကိုယ့်ဘက်က စတင်ဆွေးနွေးသွားဖို့တော့ မရှိပါဘူးခင်ဗျ။"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲကင်းစခန်းကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ ရတာကြောင့် မြန်မာ အစိုးရတပ်တွေဘက်က အဲဒီဒေသတွင်းမှာ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်ခဲ့ပြီး၊ ဒေသတွင်းမှာ အခြေအနေတွေက တင်းမာခဲ့သလို၊ အဲဒီဒေသမှာ ရှိတဲ့ မွတ်ဆလင်တွေ အတော်များများလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်ကို ထွက်ပြေးခဲ့ကြတာဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဒီပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဟာ မောင်တောမြို့က ပြဿနာဖြစ်ခဲ့တဲ့ ကျေးရွာတွေကို ဒီကနေ့ သွားရောက်ပြီး ဒေသခံရွာသားတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဇော်မြင့်ဖေက ဗွီအိုအေကို အခုလို ပြောပါတယ်။

" မောင်တောက အခင်းဖြစ်တဲ့နေရာတွေဆီကိုကျနော်တို့ ဒီနေ့သွားပါတယ်။ ရွာက ရွာလူကြီးတွေနဲ့လည်း တွေ့တယ် အဲ့ဒီ့မှာ ၉ရက်နေ့၊ ၁၀ ရက်နေ့က ဖြစ်တဲ့ ကိစ္စတွေထဲမှာ ပါဝင်နေတဲ့ ရွာတွေထဲကို ရောက်တယ်။ အဲ့မှာ ရှိတဲ့ ရွာသူရွာသားတွေကို ခေါ်မေးတယ်။ သူတို့စားဝတ်နေရေး ဘယ်လိုနေသလဲ၊ ဘယ်လိုအခက်အခဲတွေရှိသလဲ။ ဘာတွေတင်ပြချင်သလဲ။ ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ကျနော်တို့ရဲ့ အဖွဲ့ဥက္ကဋ္ဌ ဒုသမ္မတကြီးကိုယ်တိုင် ပွင့်ပွင့်လင်းလင်းနဲ့ မေးတာမြန်းတာတွေ တော်တော်လုပ်ပါတယ်။"

ဒီကနေ့တွေ့ဆုံမှုအတွင်း ဒေသခံမွတ်စလင်အသိုင်းအဝိုင်းဘက်ကလည်း သူတို့ရဲ့ရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့စိုးရိမ်ချက်တွေ နဲ့ ပြောပြခဲ့တယ်လို့လည်း ဦးဇော်မြင့်ဖေက ပြောပါတယ်။ မောင်တောတိုက်ခိုက်မှုနောက်ပိုင်းအခြေအနေတွေကို စုံစမ်းစစ်ဆေးတဲ့ အစိုးရကော်မရှင်ရဲ့ ကနဦးအစီရင်ခံစာပါ ထုတ်ပြန်ချက်တွေဟာ အဖြစ်မှန်ကို ဖုံးကွယ်တဲ့ အစိုးရရဲ့ လုပ်ရပ်ဖြစ်တယ်ဆိုပြီး နယူးယောက် အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဝေဖန်လိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးဇော်မြင့်ဖေက အခုလို တုံ့ပြန်လိုက်ပါတယ်။

" ဥပဒေနဲ့မညီတဲ့ ပြသနာတွေ ပေါ်လာနိုင်သလို အခြေအမြစ်မရှိတဲ့ သတင်းတွေလည်း ထွက်လာနိုင်တာပဲ။ အဲ့ဟာနှစ်ခုကိုတော့ တပြိုင်နက်တည်း စဉ်းစားဖို့လိုတယ်လေ။ အားလုံးက ကောလဟာလလို့ မပြောပါဘူး။ ကျနော်တို့ပြောတာက သက်သေ အထောက်အထားဟာ အခုအထိ ခိုင်ခိုင်မာမာ ဖော်ထုတ်လို့မရသေးဘူးလို့ပြောနေတဲ့ကြားထဲက ပြောတော့ ပြောနေကြတယ်။ တိုင်တာလည်း မရှိသေးဘူးဆိုတာလောက်ပဲ ကျနော်တို့က ပြောတယ်။"

မောင်တောဒေသမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေဟာ အစိုးရရဲ့ ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်အပြင် ဘာသာရေးအဖွဲ့တွေ၊ နိုင်ငံတကာ NGO အဖွဲ့တွေနဲ့လည်း ဒီကနေ့ တွေ့ဆုံတာခဲ့တယ်လို့ ဦးဇော်မြင့်ဖေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်




XS
SM
MD
LG