သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်ရောက် မြန်မာတွေနဲ့ တွေ့ဆုံမည်


ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၃၊ ၂၀၁၃)
ဒေါ်အောင်ဆန်းစုကြည် ဂျပန် တိုကျိုခရီးစဉ်။ (ဧပြီ ၁၃၊ ၂၀၁၃)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅ ရက်ကြာ ဂျပန်နိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှာဖြစ်သလို၊ ရာနဲ့ချီတဲ့ ဂျပန်ရောက်မြန်မာနိုင်သားတွေနဲ့လည်း သီးသန့်တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အပြီး နောက်ပိုင်းမှာ မြန်မာ့ စီးပွားရေးလုပ်ငန်းရှင်တွေက ဂျပန်-မြန်မာ စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ သီးသန့်သွားရောက်ကြမှာ ဖြစ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့ရဲ့ ဖိတ်ကြားချက်အရ နိုဝင်ဘာ ၁ ရက်နေ့ မနက်မှာ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိူင်ငံ ချစ်ကြည်ရေးခရီးစဉ်ကို စတင်မှာဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲ တယောက်အနေနဲ့ တရားဝင် သွားရောက်မယ့် ဂျပန် ချစ်ကြည်ရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ ဒုဝန်ကြီးတွေနဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၉ ဦးလိုက်ပါသွားမှာဖြစ်ပြီး စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းလဲ လိုက်ပါသွားမှာဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံ ဂျပန်ခရီးစဉ်မှာ သူ့ရဲ့ကိုယ်စားလှယ်ပေါ့နော် Delegation မှာ အစိုးရ ဝန်ကြီး တွေ ၊ ဒုဝန်ကြီးတွေနဲ့ တာဝန်ရှိသူတွေ အားလုံးပေါင်း ၁၉ ယောက်ပါတယ်။ ပြန်ကြားရေးကော၊ လုံခြုံရေးကော အကုန်လုံးပေါင်း ၁၉ ယောက်ပါပါတယ်။ စီးပွားရေး လုပ်ငန်းနဲ့ Business forum က ၈ ရက်နေ့မှာလုပ်မှာ အဲဒီမှာ နိုင်ငံတော်အတိုင်ပင်ခံ ခရီးစဉ်မှာ ပါဝင်သွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အဲဒီမှာနေခဲ့မယ်။ နေခဲ့ပြီးတော့ ဂျပန်ဘက်က စီးပွားရေးနဲ့ မြန်မာဘက်က စီးပွားရေး ဆွေးနွေးတာတွေကို ဆက်လုပ်မှာ။ သူတို့က Delegation သတ်သတ်တခုဖြစ်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့ရဲ့ ၅ ရက်ကြာ ဂျပန်ခရီးစဉ်အတွင်းဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲ့နဲ့ရော အခြား ဂျပန်အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံဖို့ ရှိသလို၊ နိူဝင်ဘာလ ၂ ရက်နေ့မှာတော့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ အခြား မြန်မာ နိုင်ငံသားတွေ နဲ့ပါတွေ့ဆုံနိုင်ဖို့ တိုကျိုမြန်မာသံရုံးက စီစဉ်ထားတယ်လို့ ပြည်ထောင်စု မြန်မာနိုင်ငံသားများအသင်း(ဂျပန်)ရဲ့ တာဝန်ခံတဦး ဖြစ်တဲ့ ဦးသန်းဆွေက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံလာမယ်ဆိုတဲ့သတင်းသိရတဲ့ ကျနော်တို့ နိုင်ငံတော်အစိုးရကော ဒေါ်အောင်ဆန်းစုကြည် ကိုရော ကျနော်တို့ စာတစောင်ပေးပို့ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရရင်တွေ့ချင်ပါတယ်ပေါ့နော်။ ဒီစာကို သံရုံးကိုလည်း ကျနော်တို့ အကြောင်းကြား စာပေးပို့ခဲ့ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ကိုလာတဲ့အခါမှာ မြန်မာ community နဲ့တွေ့ဖို့အတွက် သဘောတူလိုက်တယ်လို့ ကျနော်တို့ သတင်းတွေထပ်ကြားရပါတယ်။ အဲဒီအချိန်မှာပဲ သံရုံးကနေပြီးတော့ ကျနော်တို့ဆီကိုဆက်သွယ်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့အတွက်ကို မြန်မာ communityအသိုင်းအဝိုင်းကို တာဝန်ယူပြီးတော့ ဖိတ်ကြားပေးဖို့ဆိုပြီးတော့ ကျနော်တို့ကို လူခွဲတန်းတွေချပေးပါတယ်။

တိုကျိုမြို့ RIHGA ROYAL ဟိုတယ်မှာ မြန်မာနိုင်ငံသား ၇၀၀ ထက်မနည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံကြမှာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံချိန်မှာ သူတို့ဘက်က တင်ပြမယ့် အကြောင်းအရာနဲ့ ပတ်သက်ပြီးလဲ ဦးသန်းဆွေက ရှင်းပြပါတယ်။

“ဟိုးအရင် စစ်အစိုးရလက်ထက်မှာ ကတည်းကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပြီးတော့ မြန်မာနိုင်ငံ ဒီမိုကရေစီပြောင်းလဲ ဖို့အတွက်ကို ဝန်းရံခဲ့ကြတဲ့ မြန်မာ community အသိုင်းအဝိုင်းက ဂျပန် မှာ တော်တော်လေးကို ကြီးပါတယ်။ ဒီလူတွေက အခုအစိုးရသစ် ဖြစ်လာပြီးတဲ့အချိန်မှာ အခုအချိန်အထိ Passport တွေပြန်ထုတ်တဲ့အချိန်မှာလည်း စစ်အစိုးရလက်ထက်ကနေပြီးတော့ သတ်မှတ်ထားတဲ့ အခွန်ကို မဖြစ်မနေပေးတဲ့အခါမှပဲ Passport စာအုပ်ကို ထုတ်ပေးမယ်ဆိုတဲ့ဟာမျိုးလေးတွေလည်း သူတို့ စည်းကမ်းသတ်မှတ်ထားတာ ဖြစ်တဲ့အခါကျတော့ ဒီမှာကလည်း ကျနော်တို့က ဂျပန်အစိုးရကို အခွန်က ပေးနေရတဲ့အခါမှာ အခွန် ၂ ထပ်ပေးတဲ့ ကိစ္စက အင်မတန်မှ ဝန်ထုတ်ဝန်ပိုးဖြစ်တယ်ပေါ့လေ။ နောက်တခါ ကျနော်တို့ ဒီစစ်အစိုးရကို အခွန်မပေးဆိုတဲ့ စစ်အစိုးရကို အထောက်အပံ့ဖြစ်စေမယ့် လုပ်ငန်းတွေအားလုံးကို ကျနော်တို့က ဆန့်ကျင်ခဲ့ကြတဲ့အခါကျတော့ အများစုက မြန်မာနိုင်ငံကို ပြန်လို့မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် ဒါတွေကို ကျနော်တို့အားလုံးတောင်းဆိုမယ်လို့ စိတ်ကူးထားပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း ဂျပန်ဧကရာဇ်နဲ့ တွေ့ဆုံမှာဖြစ်ပြီး ၂ နိုင်ငံကြား ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သွားဖို့ ဂျပန်အစိုးရတာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG