သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ပြတ်သားတဲ့အဖြေမထွက်သေး


သမ္မတဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံခရီးစဉ်မှာ ထုတ်ပြန်လိုက်တဲ့ တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးတွဲ ကြေညာချက်မှာ အငြင်းပွားဖွယ် ဖြစ်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းနဲ့ပတ်သက်ပြီးပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေ ထည့်သွင်းဖော်ပြမထားတာဟာ မြစ်ဆုံအရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ဆွေးနွေးမှုမရှိတာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်တာမျိုးရှိပါတယ်။ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းကြောင်း မထုတ်ပြန်သေးပေမဲ့ အစိုးရအနေနဲ့ ပြည်သူတွေဆန္ဒကို အကောင်အထည်ဖော်ဆောင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကလဲ ရှိနေဆဲပါ။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

သမ္မတ ဦးထင်ကျော်ရဲ့ ခရီးစဉ်မှာ သဘောတူစာချုပ် ၃ခု ၊ နားလည်မှုစာချွန်လွှာ ၂ခုနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာလွှာ ၄ခု စုစုပေါင်း သဘောတူညီချက် ၉ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီသဘောတူစာချုပ်တွေထဲမှာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မဒေးကျွန်းကနေ တရုတ်နိုင်ငံ ကူမင်းမြို့အထိရေနံစိမ်းသယ်ယူပို့ဆောင်ရေးဆိုင်ရာ စာချုပ်ပါဝင်ပေမဲ့ မြစ်ဆုံဆည်စီမံကိန်း ဖျက်သိမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိကျသေချာတဲ့အချက်မျိုး နှစ်နိုင်ငံ ပူးတွဲကြေညာချက်ထဲမှာ မတွေ့ရပါဘူး။

ဒါနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က အခုလို သုံးသပ်ပြောဆိုပါတယ်။

“အခုထွက်လာတဲ့ သတင်းက တော်တော်ယေဘုယျဆန်တယ်လေ။ နှစ်နိုင်ငံ အကျိုးစီးပွားဖြစ်ထွန်းအောင်ပေါ့နော် ၂ နိုင်ငံစလုံးအကျိုးရှိအောင် အတူတကွဖြေရှင်းကြမယ်ဆိုတဲ့ သဘောလောက်ပဲ တွေ့ရတယ်လေ တော်တော်လေးကို ယေဘုယျဆန်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုရင် Global Times တို့မှာ သူတို့ရေးတာတွေရှိတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ တရုတ်အစိုးရဘက်က ဒါကို ဆွေးနွေးဖို့ လမ်းစပြောတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ပြည်တွင်းက လက်ရှိအခြေအနေအရက ဒီစုံစမ်းရေးကော်မရှင်ရဲ့အစီရင်ခံစာကိုတောင် သူက ပြီးအောင်မထွက်သေးဘူး ၊ မထွက်သေးဘူးဆိုတဲ့အခါကျတော့ ကျနော်ထင်တယ် ဘာ Decision မှ ပေးမှာမဟုတ်ဘူး။ ဘာ Decision မှ မပေးသေးဘူး ဆိုတဲ့အနေအထားအောက်မှာ သဘောတူညီချက်တွေဘာတွေကို အကြမ်းဖျင်းလောက်ပြောထားတာဆိုရင် ၂ နိုင်ငံအကျိုးရှိအောင်ဖြေရှင်းမယ်ဆိုတဲ့ ယေဘုယျကျတဲ့ သဘောတူညီချက်လောက်ကိုပဲ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ထင်တယ်။”

တရုတ်-မြန်မာ နှစ်နိုင်ငံပူးတွဲကြေညာချက်မှာ စီးပွားရေး၊ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်စွမ်းအင်၊ ပို့ဆောင်ရေးနဲ့ ထုတ်လုပ်မှုစွမ်းအားကဏ္ဍတွေမှာ နှစ်ဖက် အကျိုးတူပူးပေါင်ဆောင်ရွက်မှု မြှင့်တင်ရေးကို ဆက်လက် ဆောင်ရွက်ကြမယ်လို့လည်း ဖော်ပြပါတယ်။

တရုတ်အစိုးရပိုင် ဆင်ဝှာသတင်းဌာနကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုကောင်းမွန်အောင် နှစ်ဖက်စလုံးအကျိုးအမြတ်ရရှိစေမယ့် win- win မူအရ ပူးပေါင်းဆောင်ရွက်ဖို့ နဲ့ အပြန်အလှန်လေးစားမှု စည်းမျဉ်းတွေကို ကိုင်ဆွဲသွားကြဖို့ သဘောတူကြောင်း ဖော်ပြပါတယ်။

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်ရဲ့ ဥက္ကဌ ဦးခက်ထိန်နန်က လက်ရှိ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို အခြေခံပြီး အကောင်းဆုံးလုပ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“မြစ်ဆုံနဲ့ ပတ်သက်တဲ့ဟာကို နိုင်ငံတော်မှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံတော်တာဝန်အကြီးအကဲပိုင်း ဆိုင်ရာတွေ၊ပြတ်ပြတ်သားသားမပြောချင်းဟာ ပြည်သူလူထုဆန္ဒသဘောထားတွေကိုလည်း အလေးအနက်ထားပြီး စဉ်းစားနေတဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်လို့ သုံးသပ်ပါတယ်။ မြစ်ဆုံစီမံကိန်းကတော့ ပြည်သူတွေရွေးချယ်ခွင့်မရှိခဲ့တဲ့ ခေတ်စနစ်ကာလတုန်းက လုပ်ဆောင်ခဲ့တဲ့ ကိစ္စဖြစ်တယ်။ ဒီနေ့ကတော့ အစိုးရကတော့ ပြည်သူ့အစိုးရဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒကို အလေးအနက်ထားမယ်လို့ ကျနေ်ာ့အနေနဲ့ ယုံကြည်ခံယူတဲ့အတွက်ကြောင့် အဖြေကတော့ အကောင်းဆုံးတော့ ဖြစ်လာမယ်လို့ ယူဆရပါတယ်။”

မြစ်ဆုံစီမံကိန်းကိုဖျက်သိမ်းဖို့ တောင်းဆိုလှုပ်ရှားသူ ဒေါ်ဂျာခွန်ကလည်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျမအနေနဲ့ကတော့ အခုကျမတို့ မြန်မာနိုင်ငံမှာပေါ့နော် အားလုံးပေါ့လေ ဒီမြစ်ဆုံကတော့ အားလုံးကန့်ကွက်နေတယ် ဆိုတော့ နိုင်ငံတော်သမ္မတကြီးလည်း ပြည်သူလူထုရဲ့စကားကို နားထောင်ပြီးတော့ မြစ်ဆုံကိုတော့ ရပ်လိုက်မယ်လို့တော့ မျှော်လင့်နေတာပေါ့နော်။ အဲလိုမျိုးပဲထင်တယ် ရပ်မယ်ပေါ့လေ လုံး၀ ဖျက်သိမ်းမယ်လို့ ယုံကြည်ပါတယ်။”

မြစ်ဆုံစီမံကိန်းကို ၂၀၀၇ခုနှစ်က စတင်အကောင်အထည်ဖော်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြည်သူတွေက ကန့်ကွက်ခဲ့တာကြောင့် ၂၀၁၁ခုနှစ်မှာ သမ္မတဦးသိန်းစိန်က သူ့အစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ခုနှစ် သြဂုတ်လမှာ တော့ သမ္မတ ဦးထင်ကျော်က ဧရာဝတီ-မြစ်ဆုံ မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွေ ဆက်လက်ဆောင်ရွက်သင့် မသင့် လေ့လာစိစစ် သုံးသပ်နိုင်ဖို့ အတွက် ကော်မရှင်တရပ်ဖွဲ့စည်းခဲ့ပါတယ်။ ဒီကော်မရှင်က အပြီးသတ်အစီရင်ခံစာ တင်ပြရေးကို ဆက်လက် ဆောင်ရွက်နေဆဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG